Main menu

အရည်အသွေးမြင့်မားမှုအရ ကမ္ဘောဒီးယားဆန်အပေါ် တရုတ်ဈေးကွက် ဝယ်လိုအားမြင့်တက်

Powered by Drupal

    ကမ္ဘောဒီးယားရနံ့မွှေးဆန်သည် ၎င်း၏ထူးကဲကောင်းမွန်သော အရည်အသွေးကြောင့် ကျော်ကြား မှုရရှိထားပြီး တရုတ်နိုင်ငံမှ ဝယ်လိုအား အခိုင်အမာရရှိနေကာ နိုင်ငံတစ်ဝန်းရှိ တောင်သူများအတွက် အမှန်တကယ် အကျိုးကျေးဇူးများ ဖော်ဆောင်ပေးလျက်ရှိသည်။ Battambang ပြည်နယ်မှ တောင်သူ များသည်လည်း ယင်းအကျိုးကျေးဇူးများကို ခံစားရရှိနေသူများထဲတွင် ပါဝင်သည်။

     အသက် ၅၈ နှစ်အရွယ် တောင်သူတစ်ဦးဖြစ်သူ Roeu Chamroeun သည် Banan ခရိုင်ရှိ ၎င်း ၏ ၉.၅ ဟက်တာကျယ်ဝန်းသော စိုက်ပျိုးရေးခြံတွင် Phka Romduol နှင့် ဖကာမာလစ် Phka Malis ပရီမီယံဆန်စပါးမျိုးများကို စိုက်ပျိုးလျက်ရှိသည်။ အဆိုပါ ထိပ်တန်း ဆန်စပါးမျိုးများသည် ၎င်းတို့၏ သဘာဝမွှေးရနံ့၊ နူးညံ့သော အနေအထားနှင့် ဆုတံဆိပ်ရရှိထားသော အရည်အသွေးတို့ကြောင့် လူကြိုက်များ တန်ဖိုးကြီးပေသည်။ တစ်နှစ်လျှင် စပါးတန်ချိန် ၅၀ ကျော် ရိတ်သိမ်းရောင်းချနေရ သည့် Chamroeun က တရုတ်နိုင်ငံ၏ ဝယ်ယူမှုများသည် ၎င်းတို့အတွက် တည်ငြိမ်မှုနှင့် ပိုမို ကောင်းမွန်သော ဝင်ငွေများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန် အတွက် ခိုင်မာသည့် ဈေးကွက်တစ်ခု ဖန်တီးပေးထားခြင်းသည် တောင်သူများ၏ လူနေမှုဘဝ ပိုမို ကောင်းမွန်လာရန် ကူညီပေးခြင်းဖြစ်ကြောင်း အဆိုပါတောင်သူမှ ဆင်ဟွာသတင်းဌာနသို့ ပြောကြား ခဲ့သည်။

     အလားတူ တောင်သူတစ်ဦးဖြစ်သူ Suom Mom ကလည်း ကမ္ဘောဒီးယားဆန်သည် ၎င်း၏ သာလွန်ကောင်းမွန်သော အရည်အသွေးကြောင့် တရုတ်နိုင်ငံတွင် ခိုင်မာသော နာမည်ကောင်း တစ်ခု ရရှိထားကြောင်း ထောက်ခံပြောဆိုခဲ့သည်။  ဤအကျိုးကျေးဇူးများကို ဆန်စက်လုပ်ငန်း ကဏ္ဍတွင် လည်း ခံစားရရှိနေကြသည်။ Battambang ပြည်နယ်ရှိ Taing Eanghuot  ဆန်စက်မှ ကြီးကြပ် ရေးမှူး Taing Sokchamroeun က ၎င်းတို့၏ ဆန်စက်သည် နေ့စဉ် ဆန်တန်ချိန် ၃၀ ကျော် ကြိတ်ခွဲ ထုတ်လုပ်နေပြီး မကြာသေးမီက တရုတ်နိုင်ငံသို့ စတင် တင်ပို့နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဆန်စက်သည် ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အရည်အသွေးကို သေချာစေရန်အတွက် တင်းကျပ်သော HACCP သန့်ရှင်းရေးစံနှုန်းများအတိုင်း လည်ပတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

     ကမ္ဘောဒီးယား ဆန်စပါးအဖွဲ့ချုပ် (Cambodia Rice Federation) ဥက္ကဋ္ဌ Lay Chhun Hour က ကမ္ဘောဒီးယား ဆန်ချောတင်ပို့ရာတွင် တရုတ်နိုင်ငံသည် အဓိကဦးတည်ရာနိုင်ငံအဖြစ် ဆက်လက် ရှိနေကြောင်း အတည်ပြုခဲ့သည်။ တရုတ်နိုင်ငံသည် အထူးသဖြင့် ကမ္ဘောဒီးယား ပရီမီယံရနံ့မွှေးဆန် အတွက် အရေးပါပြီး တန်ဖိုးမြင့်မားသည့် ဈေးကွက်ကြီးတစ်ခုဖြစ်ရာ ဆန်စပါးကဏ္ဍ အတွက် သိသာ ထင်ရှားသည့် ဝင်ငွေနှင့် တိုးတက်မှုကို တွန်းအားပေးနေခြင်းဖြစ်ကြောင်း အဆိုပါ ဥက္ကဋ္ဌက ပြောကြား ခဲ့သည်။

Source: The Khmer Daily Network, 22 Jun 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့