
ဗီယက်နမ်နိုင်ငံ တောင်ပိုင်းပြည်နယ် အများအပြားတွင် မင်းကွတ်သီးပေါ်ချိန် ဖြစ်နေသော်လည်း စိုက်ခင်းအဝယ်ဒိုင်ဈေးမှာ တစ်ကီလိုဂရမ်လျှင် ၂၀,၀၀၀ မှ ၂၅,၀၀၀ ဗီယက်နမ်ဒေါင် (VND) သာ ရှိတော့သဖြင့် နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။
Binh Duong ပြည်နယ်တွင် မင်းကွတ်သီးပင် ၇၀ ပိုင်ဆိုင်သည့် Pham Van Hoang က ယခုနှစ်တွင် ၎င်း၏ စိုက်ခင်းမှ အထွက်နှုန်း ၅ တန်ခန့် ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အထွက် နှုန်းကောင်းသည့် ပျော်ရွှင်မှုသည် ကောင်းမွန်သော အရောင်းဈေးကွက်နှင့်အတူ ပါရှိမလာခဲ့ပေ။
Hoang ၏ အဆိုအရ ရာသီအစကတည်းက မင်းကွတ်သီးဈေးသည် ယခင်နှစ်ကထက် ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့် ပိုမိုနိမ့်ကျခဲ့ကြောင်း သိရသည်။ တစ်လကျော်ကြာလာသည်အထိ ဈေးနှုန်းများ ဆက်တိုက်ထိုးကျနေခဲ့ပြီး လက်ရှိတွင် စိုက်ခင်း၌ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၂၀,၀၀၀ ဝန်းကျင်သာ ရှိတော့သည်။
Dong Nai ပြည်နယ်ရှိ Mr.Thanh ၏ မိသားစုပိုင် ၁.၅ ဟက်တာကျော် ကျယ်ဝန်းသော မင်းကွတ်သီးခြံသည်လည်း အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။ ရာသီအစတွင် ၎င်းတို့ မိသားစုသည် သဘာဝစိုက်ပျိုးရေးသစ်သီးဆိုင်များသို့ တစ်ကီလိုဂရမ်လျှင် ၆၅,၀၀၀ ဗီယက်နမ်ဒေါင် ခန့်ဖြင့် ရောင်းချခဲ့ရပြီး ကုန်သည်များက ၄၀,၀၀၀ ဗီယက်နမ်ဒေါင် ဝန်းကျင်ဖြင့် လာရောက်ဝယ်ယူခဲ့ကြသည်။ သို့သော်လွန်ခဲ့သည့် နှစ်ပတ်က နောက်ဆုံးဆွတ်ခူးချိန်တွင်မူ ဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၂၂,၀၀၀ ဗီယက်နမ်ဒေါင်အထိ ကျဆင်းသွားခဲ့သည်။
စျေးနှုန်းကျဆင်းမှုသည် စိုက်ခင်းအနည်းငယ်တွင်သာ ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ဈေးကွက် အတွင်း အမြင့်ဆုံးရိတ်သိမ်းချိန်သို့ ရောက်ရှိလာသည်နှင့်အမျှ တောင်ပိုင်းရှိ မင်းကွတ်သီးစိုက်ပျိုး သည့် ဒေသအများအပြားတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
Ho Chi Minh City ရှိ Lai Thieu ဧရိယာမှ မင်းကွတ်သီးကုန်သည်တစ်ဦးဖြစ်သူ မစ္စတာ ဗူဗန်ဟွာ (Vu Van Hoa) က လက်ရှိ စိုက်ခင်းများ၏ လက္ကားစျေးသည် တစ်ခါမှမကြုံဖူး လောက်အောင် အနိမ့်ဆုံးဖြစ်နေကြောင်း ပြောကြားခဲ့သည်။
လက်ရှိ လက္ကားစျေးနှုန်းမှာ မင်းကွတ်သီးအကြီးများအတွက် တစ်ကီလိုဂရမ်လျှင် ၃၃,၀၀၀ မှ ၃၅,၀၀၀ ဗီယက်နမ်ဒေါင် ကြားရှိပြီး အသေးများအတွက် ၃၀,၀၀၀ မှ ၃၂,၀၀၀ ဗီယက်နမ်ဒေါင် ကြားရှိရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခြင်း ဖြစ်သည်။
ရာသီဥတု ကောင်းမွန်ခြင်းကြောင့် အသီးတင်နှုန်းမြင့်မားကာ အထွက်နှုန်း သိသိသာသာ တိုးတက်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။ ပြည်တွင်းဖြစ် မင်းကွတ်သီးများသည် အရည်အသွေးကောင်းမွန်ပြီး စျေးနှုန်းလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိသောကြောင့် လက်ရှိတွင် စားသုံးမှုအပိုင်း၌ အဓိကနေရာတွင် ရှိနေပြီး ထိုင်းနိုင်ငံမှ တင်သွင်းမှုများကို သိသိသာသာ အစားထိုးနိုင်ခဲ့သည်။
ယခုနှစ်တွင် ရာသီဥတု သာယာကောင်းမွန်မှုကြောင့် ဒူးရင်းသီးမှသည် သရက်သီး၊ နဂါးမောက်သီးနှင့် ထောပတ်သီးအထိ တောင်ပိုင်းပြည်နယ်များရှိ သစ်သီးဝလံအမျိုးအစား အများ အပြားကို အထွက်နှုန်း မြင့်မားစေခဲ့သည်။
ကုန်ပစ္စည်းထောက်ပံ့မှု လျင်မြန်စွာ မြင့်တက်လာသော်လည်း လိုအပ်ချက်မှာမူ လိုက်ပါမြင့်တက်လာခြင်း မရှိခြင်းကြောင့် သစ်သီးဝလံအမျိုးအစား အများအပြား၏ စျေးနှုန်းများ ကျဆင်းသွားခြင်းဖြစ်သည်။
ထို့အပြင် လက်လီဈေးနှုန်းများလည်း လိုက်ပါကျဆင်းသွားခဲ့သည်။ ဟိုချီမင်းစီးတီးရှိ သစ်သီးဆိုင်အများအပြားတွင် မင်းကွတ်သီးအသေးများကို တစ်ကီလိုဂရမ်လျှင် ၃၅,၀၀၀ ဗီယက်နမ် ဒေါင်ဝန်းကျင်ဖြင့် ရောင်းချနေပြီး အကြီးများကို ၄၅,၀၀၀ မှ ၆၀,၀၀၀ ဗီယက်နမ်ဒေါင် ကြား ရောင်းချနေသည်။ ဟိုချီမင်းစီးတီးနှင့် Tay Ninh ရှိ လမ်းအများအပြားတွင်မူ ဤသစ်သီးကို တစ်ကီလိုဂရမ်လျှင် ၄၀,၀၀၀ မှ ၅၀,၀၀၀ ဗီယက်နမ်ဒေါင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
Source : VN Express
DOCA (ရန်ကုန်)
