Main menu

သဘာဝမြေဩဇာများ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် လယ်ယာကဏ္ဍနှင့် နိုင်ငံ့စီးပွားကို မြှင့်တင်ကြပါစို့

Powered by Drupal
Tue, 06/23/2026 - 15:34 -- consumer_admin

           ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် သွင်းအားစု များကို  စနစ်တကျသုံးစွဲနိုင်မှုသည် အဓိကသော့ချက်ဖြစ်သည်။ သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးပြီး စီးပွားရေးအကျိုးအမြတ်ရှိစေရေးအတွက်  ဓာတ်မြေဩဇာများကို မဖြစ်မနေထည့်သွင်း အသုံးပြုရသည်။သို့ရာတွင် ကမ္ဘာ့ဓာတ်မြေဩဇာဈေးကွက် မတည်ငြိမ်မှုနှင့်အတူ သွင်းအားစုစရိတ် မြင့်မားလာခြင်း၊ ဓာတ်မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်း ကြောင့်  ပတ်ဝန်းကျင်ညစ်ညမ်းမှု များဖြစ်ပေါ်လာခြင်း၊ ရေရှည်တွင် မြေဆီလွှာပျက်စီးလာခြင်းတို့သည် တောင်သူဦးကြီး များအတွက် စိုးရိမ်စရာစိန်ခေါ်မှုများ ဖြစ်လာစေသည်။ ထို့ကြောင့် မြေဆီလွှာ၏ ရုပ်ဂုဏ်၊ ဓာတ်ဂုဏ်နှင့် ဇီဝဂုဏ် သတ္တိများကို ပြန်လည်ကောင်းမွန်စေပြီး ကုန်ကျစရိတ်သက်သာစေသည့် ပြည်တွင်းဖြစ် သဘာဝမြေဩဇာ များ၏ ဈေးကွက်ဝယ်လိုအားမှာ တစ်နေ့တခြား ပိုမိုများပြားလာ လျက်ရှိသည်။  ဝယ်လိုအား များလာသည့်အတွက် ဈေးကွက်အတွင်း၌ သဘာဝမြေဩဇာထုတ် လုပ်ရောင်းချမှုများလည်း များပြားလာပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ငန်းများအဖြစ် လုပ်ကိုင်လာ ကြသည်။  ယခင်က ပြည်ပမှတင်သွင်းသော ဓာတ်မြေဩဇာများကို အဓိကအားကိုးခဲ့ကြ သော်လည်း  ယနေ့ခေတ်တွင် ပြည်ပသွင်းကုန်အစားထိုးရန်နှင့် ပြည်တွင်း၌ သဘာဝမြေဩဇာ များ  လုံလောက်စွာထုတ်လုပ်နိုင်ရန် ကုန်ထုတ်လုပ်မှုကို    ပိုမိုအလေးထားဆောင်ရွက် လာသည်။  လက်ရှိ ကာလတွင် နိုင်ငံတော်မှနိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီလျက်ရှိသည်။ သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းရှင်များအား လိုအပ်သည့်  ငွေကြေး အရင်းအနှီးရရှိစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်

         ရန်ပုံငွေဖြင့်   အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးလျက်ရှိပြီး   နည်းပညာလိုအပ်ချက်၊ ဈေးကွက်လိုအပ်ချက်များကိုလည်း    သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင်   ကုန်ကြမ်းသည် အဓိကလိုအပ်ချက်ဖြစ်သဖြင့် လုပ်ငန်းရှင်များ အနေဖြင့် ဒေသထွက်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ အလွယ်တကူပေါများစွာရရှိနိုင်သော  ကုန်ကြမ်း (ဥပမာ- ပြောင်းရိုး၊ စပါးခွံ၊ တိရစ္ဆာန်မစင်) များကိုအခြေခံ၍ ဒေသတစ်ခုထုတ်ကုန်တစ်ခု  သို့မဟုတ် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခုဖြစ်ရေး ဦးတည်ဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လိုအပ်သည့်  ကုန်ကြမ်းပစ္စည်းများဖြစ်သော စပါးခွံ၊ ကြံမြှုပ်ချေး၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ စသည်တို့ စဉ်ဆက်မပြတ်ရရှိရေးအတွက် MSME လုပ်ငန်းရှင်များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ နည်းပညာဖြန့်ဝေပေးခြင်း၊ Gypsum မြေဩဇာများ  ပိုမိုထုတ်လုပ်လာစေရေး စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ မြေဩဇာကော်မတီ အနေဖြင့်လည်း ပြည်တွင်းရှိ     သဘာဝမြေဩဇာများ ထုတ်လုပ်သည့် MSME လုပ်ငန်းများကို  ပိုမိုလွယ်ကူလျင် မြန်စေရေးအတွက် အားပေးဆောင်ရွက် လျက်ရှိသည်။ သဘာဝမြေဩဇာတစ်ခု၏ အရည်အသွေးကို တိုင်းတာရာတွင် အာဟာရဓာတ်ပါဝင်မှုအပြင် ကာဗွန်နှင့်  နိုက်ထရိုဂျင်အချိုးသည်  အလွန်အရေးကြီးသည်။ အရည်အသွေးပြည့်မီသည့်    သဘာဝ မြေဩဇာသည် ၂၀ အောက်တွင်ရှိရမည်။ အကယ်၍ အချိုးသည် ၂၀ ထက် များလွန်းနေပါက (ကာဗွန်ပါဝင်မှုမြင့်မားသည့်ပစ္စည်းများလွန်းပါက) မြေဆီလွှာထဲရှိ အဏုဇီဝရုပ်များက  ၎င်းပစ္စည်းများကို ဆွေးမြည့်အောင်ဖြိုခွဲရန်အတွက် မြေကြီးထဲတွင်ရှိနှင့်ပြီးသား နိုက်ထရိုဂျင်ဓာတ်များကို    လုယူသုံးစွဲသွား တတ်သည်။ ဤအခြေအနေကို “နိုက်ထရိုဂျင်ခေတ္တငတ်မွတ်ခြင်း”  ဟုခေါ်ဆိုပြီး သီးနှံများအဝါရော င်ပြောင်းကာ ဖွံ့ဖြိုးမှုရပ်တန့်သွားတတ်သည်။ ထို့ကြောင့် ကောက်ရိုး၊ ပြောင်းရိုးကဲ့သို့ ကာဗွန်ပါဝင်မှု မြင့်မားသောပစ္စည်းများကို တိရစ္ဆာန်မစင်ကဲ့သို့သော နိုက်ထရိုဂျင်ပါဝင်မှုမြင့်မားသည့် ပစ္စည်းများနှင့် စနစ်တကျ အချိုးကျရောစပ်၍ ဆွေးမြည့်အောင် ပြုလုပ်ထားသည့် သဘာဝမြေဩဇာသည်သာ မြေဆီလွှာကို အမှန်တကယ်အကျိုးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝမြေဩဇာ၏ အရည်အသွေးစံချိန် စံညွှန်းသတ်မှတ်ချက်အရ  သဘာဝမြေဩဇာများထုတ်လုပ်ရာတွင်  အော်ဂဲနစ်ပစ္စည်းပါဝင်မှု (အခြောက်အလေးချိန်)သည် ၂၀ ရာခိုင်နှုန်းထက်ပိုပြီး C:N ratio မှာ ၂၀ အောက်ရှိရန်လိုအပ်သည်။ စီးပွားဖြစ် ထုတ်လုပ်သူများအနေဖြင့် မိမိတို့ထုတ်လုပ်မှုပြုလုပ်သည့်အချိန်တိုင်း မြေဩဇာနမူနာများကိုရယူကာ ပါဝင်မှုသတ်မှတ် နှုန်းထားများပြည့်မီမှု ရှိ/မရှိကို ဓာတ်ခွဲခန်းသို့ပေးပို့၍ စမ်းသပ်သင့်သည်။ သို့မှသာ မိမိတို့ထုတ်လုပ်လိုက်သော သဘာဝမြေဩဇာ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

          လက်ရှိတွင်  စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သည့် ပြောင်းဖူးရိုး၊ ပြောင်းဖူးခွံနှင့်ကောက်ရိုး များကို လယ်ကွင်းပြင်၌ မီးရှို့ဖျက်ဆီးခြင်းကြောင့် လေထုညစ်ညမ်းမှု  PM2.5  အမှုန်အမွှားမြင့်တက်မှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု   စသည့်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရသည်။   ဤစွန့်ပစ် ပစ္စည်းများကို  သဘာဝမြေဩဇာထုတ်လုပ်သည့် MSME လုပ်ငန်းများအတွက် အဖိုးတန်ကုန်ကြမ်း အဖြစ်    ပြောင်းလဲအသုံးပြုခြင်းဖြင့် လယ်ယာစွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲနိုင်ပြီး မီးခိုးမြူကင်းစင် သော စိုက်ပျိုးရေးစနစ်ကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏  မြေဩဇာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ   တောင်သူဦးကြီးများ စံချိန်စံညွှန်းမီအရည်အသွေးပြည့်ဝသော မြေဩဇာများကို ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ရန်နှင့် လုပ်ငန်းရှင်များ တရားဝင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် မြေဩဇာ မှတ်ပုံတင်ခြင်းသည် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သည်။ သဘာဝမြေဩဇာ ထုတ်လုပ်သူများ အနေဖြင့် မိမိတို့၏ ထုတ်ကုန်ကို (Myanmar   Agricultural   Inputs Registration System, MAIRS) https://mairs.doa.gov.mm   တွင်  Online စနစ်ဖြင့်  မှတ်ပုံတင်ခြင်းကို လွယ်ကူစွာဆောင်ရွက်နိုင်သည်။   မှတ်ပုံတင်လျှောက်ထားရာတွင် ဆောင်ရွက်ရမည့်အချက်များကို ဖော်ပြထားသည့် MOALI E-SERVICE ONLINE REGISTRATION MANUAL စာအုပ်ကို https://landusedivision.doa.gov.mm  တွင်  download ရယူနိုင်သည်။ နိုင်ငံတော်၏ မူဝါဒများအရ MSME လုပ်ငန်း၏    ကဏ္ဍလေးခုဖြစ်သော ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပြုလုပ်ခြင်းနှင့် အခြားလုပ်ငန်းရပ်များဟူ၍ရှိရာ ထုတ်လုပ်မှုမရှိဘဲ ရောင်းဝယ်မှု မရှိနိုင်သကဲ့သို့    ရောင်းဝယ်မှုမရှိက ဝန်ဆောင်မှုလည်း မရှိနိုင်သည့်အတွက် ကုန်ထုတ်လုပ်ငန်းကို တစိုက် မတ်မတ် ဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထုတ်ကုန်ပစ္စည်း နည်းပါးမှုကြောင့် ရောင်းဝယ်မှု နည်းပါးခြင်းဖြစ်၍ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ၊ အရေအတွက်များပြားစွာ ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့်လူသားအရင်းအမြစ်ကောင်းစသည့် လေးချက်နှင့်ပြည့်စုံရန်လိုအပ် သည်။  နိုင်ငံ့စီးပွား ရေးဖွံ့ဖြိုး တိုးတက်စေရန်  ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ပြည်တွင်းထုတ်ကုန်များ တင်ပို့ရန် စသည့်ရည်ရွယ်ချက်များဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေသည့် အချိန်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် အခွင့်ကောင်းကို   လက်လွတ်မခံဘဲ သဘာဝမြေဩဇာထုတ်လုပ်ခြင်း MSME လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ရမည်ဖြစ်သည်။

          မိမိတို့ဒေသတွင် အလွယ်တကူရရှိနိုင်သော  လယ်ယာဘေးထွက်ပစ္စည်းများကို အခြေခံ၍ စံချိန်စံညွှန်းမီ သဘာဝမြေဩဇာများ တိုးမြှင့်ထုတ်လုပ်ခြင်းသည် စိုက်ပျိုးရေးကုန်ကျစရိတ် ကို  လျှော့ချပေးနိုင်ရုံသာမက မြေဆီလွှာကို ရေရှည်ကျန်းမာစေပြီး လေထုညစ်ညမ်းမှုကိုပါ တိုက်ဖျက်ပေးနိုင်သည်။   သို့ဖြစ်ပါ၍  မိသားစုတစ်နိုင်တစ်ပိုင် ထုတ်လုပ်သည့် တောင်သူဦးကြီးများ နှင့်   ဒေသတွင်း MSME    စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နည်းပညာနှင့် ရန်ပုံငွေအခွင့်အလမ်းများကို အသုံးချကာ   သဘာဝမြေဩဇာ ထုတ်လုပ်မှုကဏ္ဍတွင် တက်ကြွစွာ  ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်တင်ပြအပ်ပါသည်။ 

 DOCA(ပဲခူး)