Main menu

ဆန်စပါး၊  ကဏ္ဍ ဖွံ့ဖြိုးမှု၊ ညောင်တုန်းမြို့နယ်ကို စံနမူနာပြု

Powered by Drupal
Tue, 06/23/2026 - 11:23 -- consumer_admin

          ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးမူဝါဒများနှင့် အခြားစီးပွားရေး ကဏ္ဍများဖွံ့ဖြိုးမှုကိုလည်း ကဏ္ဍအလိုက် စီမံဆောင်ရွက်လုပ်ကိုင်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည်၊ စိုက်ပျိုးရေးကဏ္ဍတွင် စပါး၊ ဆန်၊ ပဲ၊ ပြောင်းနှင့် အခြားဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီး မွေးမြူရေးကဏ္ဍမှာလည်း သဘာဝမြစ်ချောင်းများမှရရှိသည့် ငါး၊ ပုဇွန်၊ ရေသရံဇာတများရှိသကဲ့သို့၊ မွေးမြူရေးကဏ္ဍများမှ ငါး၊ ပုဇွန်နှင့် ကြက်ဘဲမွေးမြူရေးလုပ်ငန်းများမှာ ဧရာဝတီတိုင်းဒေသကြီး၏ အဓိကထုတ်ကုန်များဖြစ်ကြောင်း သိရပါသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် မြို့ဧရိယာ ၂.၉၃ စတုရန်းမိုင်ရှိပြီး ညောင်တုန်းမြို့နယ်၏ ဧရိယာစတုန်းမိုင်ပေါင်းမှာ၃၄၈.၂၃ စတုရန်းမိုင်ရှိပါသည်။ ညောင်တုန်း မြို့နယ်တွင် စပါးစိုက်ဧက (၁၀၉၈၀၂) ရှိပြီး၊ နွေစပါး မိုးစပါးနှင့် မတ်ပဲ၊ ပဲဒီစိမ်းများ ရှိရုံသာမက ထွက်ရှိသောကုန်ပစ္စည်းများသည် ရန်ကုန်ဘုရင့်နောင်ဈေကွက်မှ နိုင်ငံခြားဈေးကွက်သို့ ရောက်ရှိနေကြောင်း ညောင်တုန်းစက်ပိုင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

          ဆန်စပါးကဏ္ဍဖွံ့ဖြိုးမှုဟုဆိုလျှင် စတင်စပါးစိုက်ပျိုးသည်မှ ရင့်မှည့်ပြီးရောင်းချမှု၊ သိုလှောင်မှု၊ ကြိတ်ခွဲမှုမှသည် ဆန်ဈေးကွက်အထိ စပါးမှဆန်ထုတ်လုပ်မှုအဆင့်ဆင့်တိုင်းတွင် အရင်းအနှီးလုပ်အား၊ နည်းပညာနှင့် ကြိတ်ခွဲထုတ်လုပ်မှု အဆင့်အတန်းတို့သည် သက်ဆိုင်ရာကဏ္ဍ အလိုက်အရေးကြီးကြောင်း၊ စပါးစိုက်ပျိုးမှုပညာရှင်များ၊ စီးပွားရေးကဏ္ဍ ပညာရှင်များ၊ နည်းပညာရှင်များ၏ ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးမှုအလုပ်ရုံဆွေးနွေးပွဲများမှရရှိသော နည်းလမ်းကောင်းများကို အဆိုပြု၍ မှတ်သားလိုက်နာပြီး ညောင်တုန်းမြို့နယ်ရှိ ဆန်စက်ကြီးများဖြစ်သော ရွှေဝါနဒီ၊ Good Brother ဆန်စက်နှင့် အခြားသောဆန်စက်ကြီးများ၏ စပါးဝယ်ယူကြိတ်ခွဲမှုမှသည် ဈေးကွက်ရဆန်များ ကြိတ်ခွဲရောင်းချနိုင်သည်အထိ ကြိုးစားဆောင်ရွက်မှုများကို တွေ့ရှိရပြီး ဆန်စပါးလုပ်ငန်းတူ လုပ်ကိုင်နေသော စိုက်ပျိုးထုတ်လုပ်သူ လယ်သမားများ၊ ဆန်စပါးကုန်သည်ပွဲစားများ၊ ဆန်စက်ပိုင်ရှင်များ တို့သည် ဆန်စပါးလုပ်ကိုင်နေသော စီးပွားရေးကဏ္ဍ အောင်မြင်ရန်အတွက် စံနမူနာပြု အတုယူဖွယ်ဖြစ်နေကြောင်း လေ့လာတင်ပြအပ်ပါသည်။

          ညောင်တုန်းမြို့နယ်ရှိ ဆန်စက်ကြီးများသည် စပါးပေါ်ချိန်များတွင် စပါးများကိုအရည် အသွေးအလိုက် ဒေသပေါက်ဈေးဖြင့်ဝယ်ယူပြီး အရည်အသွေး ကောင်းပြီးခြောက်သွေ့သောစပါးများကို ခေတ်မှီသိုလှောင်ရုံများတွင် သိုလှောင်ထားရှိပြီး အစိုဓာတ်ရှိသောစပါးများကို အခြောက်ခံစက်ဖြင့် အခြောက်ခံပြီး ကြိတ်ခွဲမှုမှတ်တမ်းအရ ထိပ်စ၊ အလယ်စနှင့် အောက်စများကို လိုအပ်သောဈေးကွက်များသို့ စီမံပို့ဆောင်ရောင်းချလျက်ရှိပါသည်။

          အရည်အသွေးကောင်း ဧမထ ဆန်များကို နိုင်ငံခြားဈေးကွက်သို့လည်းကောင်း၊ တရုတ်ဈေးကွက်သို့လည်းကောင်း တစ်တန်အိပ်များဖြင့် ဈေးကွက်အရောက် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦး၏ပြောကြားချက်ကို ဂုဏ်ယူဖွယ်လေ့လာသိရှိခဲ့ပါသည်။

          ညောင်တုန်းမြို့နယ်ရှိ ဆန်စက်ကြီးများ၏ ဝယ်ယူကြိတ်ခွဲရောင်းချမှုကြောင့် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ကျိုက်လတ်၊ ဖျာပုံ၊ ကျောင်းကုန်းနှင့် အခြားနီးစပ်ရာမြို့နယ်များမှ လာရောက်ရောင်းချသည့်စပါးများကို စပါး၏အရည်အသွေးအလိုက် ဝယ်ယူမှုကြောင့် လယ်သမားများသည်လည်း အရည်အသွေးမြင့်၍ ဈေးကောင်းရသောစပါးများ ပိုမိုစိုက်ပျိုးလာသဖြင့် စပါးစိုက်ပျိုးမှု ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၏ အလားအလာကောင်းများကို လေ့လာတွေ့ရှိရပါသည်။

          ထို့ကြောင့် ညောင်တုန်းမြို့နယ်၏ ဆန်စပါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် လယ်ယာကဏ္ဍ အကျိုးရှိမှု၊ ဆန်အရည်အသွေးကောင်းများ ကြိတ်ခွဲနိုင်မှုနှင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်သို့ ထိုးဖေါက်နိုင်မှုကိုအထင်းသားတွေ့မြင်ရပြီး ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် စံနမူနာပြုအတုယူဖွယ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)