Main menu

မိုးတွင်းရာသီစာအင်ဥ

Powered by Drupal
Fri, 06/19/2026 - 09:53 -- consumer_admin

     အင်ဥသည် အင်ပင်၏အောက်၌ အမြစ်တွေဖြင့်ဆက်စပ်နေသော မှိုတစ်မျိုးဖြစ်ကြောင်း သိရ ပါသည်။ အင်ပင်၏ အောက်‌ခြေအနီးအနားတွင်ပေါက်ရောက်သော အပင်တစ်မျိုးဟုလည်း အလွယ် ခေါ်ကြပါသည်။ အင်ဥသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှ‌ဒေသတွင်း နိုင်ငံအချို့၌ ပေါက်ရောက်ကြပါသည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်ကြော အင်းတိုင်းမြေများတွင် မိုးဦးကာလ မေ၊ ဇွန်လ များတွင် အင်ဥများပေါများစွာ တွေ့ရတတ်သည်။ တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်သာ တွေ့ရှိပြီး ရက်အတိအကျမသိနိုင်ပဲ မိုးမှန်စ ပြုချိန်များတွင် အများဆုံးတွေ့ရလေ့ရှိပါသည်။

       အင်ဥတူးသူများမှာ ‌မြေကြီးထဲရှိ အင်ဥများကို ဝါးပြားနှင့်ကလော်ယူကြပြီး ရရှိလာသောအင် ဥများကိုစုဆောင်း၍ နှစ်နာရီခန့်ကြာအောင် ရေစိမ်ထားပြီးမှ ဆေးကြောသန့်စင်ပါကပိုမိုလွယ်ကူ ကြောင်းသိရှိရပါသည်။ တူး၍ရရှိလာသော အင်ဥကို နေ့မကူးခင်ချက်ပြုတ်စားသုံးရပြီး နေ့ကူးသွား ပါက ရင့်ရော်၍ သိပ်စားမကောင်းတော့ပေ။ ‌ဒေသခံများက ဗဟုသသုတအနေဖြင့် အင်ဥသည် သစ်ယာဥ များနှင့်ဆင်တူကြသော်လည်း များစွာကွဲပြားကြောင်းဆိုကြပါသည်။ အင်ဥမှာ အခွံအမဲ သို့မ ဟုတ် အညို‌ရောင်ရှိတတ်ကြပြီး အင်ဥလုံးလေးများကို ရေဖြင့်သေချာပွတ်ဆေးလျှင်လည်း အင်ဥအ လုံး လေးများ ကွဲသွားတာမျိုးမရှိပေ။ အင်ဥသည် မှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်ပြီး မှိုများ ကဲ့သို့  ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုသည့်အာဟာရဓာတ်များစွာ ပါဝင်ပါ သည်။

      အင်ဥတွင် Vitamin – B, Vitamin – D, Potassium, Copper, Selenium နှင့် Antioxidant တို့ကြွယ်ဝ စွာ ပါဝင်ပါသည်။ ထို့ပြင် Protein, Fiber နှင့် Iron ဓာတ်လည်းပါဝင်ပါသည်။ အသားဓာတ် Protein အများအပြားပါဝင်သည့်အတွက် လိုအပ်သည့် Amini acid များကိုဖြည့် ဆည်းပေးပါသည်။ Fiber အမျှင်ဓာတ် ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပါသည်။ အင်ဥတွင် Antioxidants နှင့် Amino acid ပါဝင်သည့်အတွက် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တက်စေပြီး Copper ပါဝင်သောကြောင့် သံဓာတ်စုတ်ယူမှုကို လည်းအားကောင်းစေပါသည်။ ကိုယ်အလေးချိန်မြင့်တက်စေသော Cholestrols နှင့် Carbonhyd- rate ပါဝင်မှုနှုန်း နည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးရောဂါ ဆိုင်ရာ ပြဿနာနှင့် လေဖြန်းခြင်းကိုလည်း ကာကွယ်ပေးပါသည်။

      အစာလည်းဆေး ဆေးလည်းအစာဖြစ်သလို မှိုနှင့် ဓာတ်မတည့်သူများအနေဖြင့် အင်ဥကို ဆင်ခြင်စားသုံးသင့်ပြီး သွေးတိုးရောဂါ၊ ဂေါက် ရောဂါ၊ လေးဖက်နာရောဂါရှိသူနှင့် အဆစ် အမြစ် နာကျင်ကိုက်ခဲတတ်သူများအနေနှင့်လည်း ချင့်ချိန် စားသုံးသင့်ပါသည်။ အင်ဥကို ဒညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ပုစွန်ချဉ်၊ ဒူးရင်းသီး၊ ဆူးပုပ်၊ ပဲငါးပိတို့နှင့် တွဲဖက်မစားသင့်ပါချေ။ အစာအဆိပ်သင့်၍ မူးဝေ၊ အော့အန်၊ ဝမ်းပျက်၊ ဝမ်းလျှော ခြင်းများ ဖြစ်တတ်ပါသည်။ ကလေးမွေး ပြီးစ သားသည်မိခင်များအနေဖြင့်လည်း  “မှိုတစ်နှစ်၊မျှစ် တစ်လ” မစားသင့်ဟု ဖတ်သားရဖူးပါ သည်။ အရသာရှိလှသော အင်ဥကို ‌ဒေသခံများမှာ အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသုပ်၊ အင်ဥငပိရည် ချက် စသည်ဖြင့်ပြုလုပ်စားသောက်ကြပါသည်။

      ထိုသို့အရသာရှိလှပြီး (၁) နှစ်မှာ (၁) ကြိမ်သာပေါ်သော ရာသီစာ အင်ဥသည် ကျန်းမာရေးအတွက် အထောက်အကူပြုသကဲ့သို့ ဓာတ်မတည့်သူများလည်မစားသုံးသင့်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ကယား)