
ရှမ်းပြည်နယ်မြောက်ပိုင်းဟု ဆိုလျှင် အေးမြလှပသည့် တောင်တန်းကြီးများ၊ မြူခိုးဝေဆာ သောရာသီဥတုနှင့်အတူ လတ်ဆတ်ဆန်းသစ်သည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြေးမြင်ကြ သည်မှာ ဓမ္မတာပင် ဖြစ်သည်။ ထိုထွက်ကုန်များထဲတွင် စားသုံးသူများ အကြိုက်တွေ့ပြီး ပြည်တွင်း ဈေးကွက်၌ နာမည်ကျော်လှသည့် ရှမ်းမြောက်ထွက် ပန်းဂေါ်ဖီသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။
ပန်းဂေါ်ဖီသည် အေးမြပြီး စိုစွတ်သော ရာသီဥတုကို နှစ်သက်သည့် အပင်အမျိုးအစား ဖြစ်သည်။ ရှမ်းမြောက်ဒေသ၏ သဘာဝမြေဆီလွှာကောင်းမွန်မှုနှင့် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသော တောင်ပေါ်ဒေသ ရာသီဥတုတို့က ပန်းဂေါ်ဖီ စိုက်ပျိုးရန် အကောင်းဆုံး ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသည်။ ထို့ကြောင့် ရှမ်းမြောက်ဒေသထွက် ပန်းဂေါ်ဖီများသည် မြေပြန့်ဒေသထွက်များထက် အပွင့် ပိုမိုကျစ်လစ်ခြင်း၊ အရွယ်အစား ကြီးမားခြင်းနှင့် အရသာ ပိုမိုချိုမြိန်ခြင်းစသည့် ထူးခြားချက်များနှင့် ပြည့်စုံနေပါသည်။
ပန်းဂေါ်ဖီတွင် ဗီတာမင် C၊ ဗီတာမင် K နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သည်။ ထို့ပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ ပါဝင် သဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး နှလုံးကျန်းမာရေးနှင့် အစာခြေစနစ်ကို ကောင်းမွန် စေကာ ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ သဘာဝအတိုင်း အအေးဓာတ် ရရှိကာ ကြီးထွားလာသောကြောင့် လတ်ဆတ်မှု ကြာရှည်ခံသည့် အကျိုးကျေးဇူးလည်း ရှိသည်။
ပန်းဂေါ်ဖီ စိုက်ပျိုးခြင်းသည် ရှမ်းမြောက်ဒေသရှိ တောင်သူဦးကြီးများအတွက် အဓိက မိသားစုဝင်ငွေရလမ်း တစ်ခုဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ပန်းဂေါ်ဖီများကို မန္တလေး နှင့် ရန်ကုန် အစရှိသည့် မြေပြန့်မြို့ကြီးများသို့ အဓိကတင်ပို့ရောင်းချကြသည်။ သို့သော်လည်း လတ်တလောကာလများတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စက်သုံးဆီနှင့် သွင်းအားစု (မြေဩဇာ)ဈေးနှုန်းမြင့်မားမှုတို့ကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုး ထုတ်လုပ်မှု နှင့် သယ်ယူ ပို့ဆောင်ရေးတွင် စိန်ခေါ်မှုအချို့နှင့် ရင်ဆိုင်နေရပါသည်။
ရှမ်းပြည်နယ်အတွင်း ပန်းဂေါ်ဖီ ပေါ်ဦးပေါ်ဖျားအချိန်နှင့် လမ်းပန်းဆက်သွယ်ရေး အခြေအ နေပေါ်မူတည်၍ အခင်းပြတ် လက်ကားဈေး တစ်ပွင့်လျှင် ကျပ် (၆၀၀) မှ (၁,၅၀၀) ဝန်းကျင်ခန့် အထိ ရှိတတ်ပြီး အရွယ်အစားနှင့် အပွင့်ကျစ်လစ်မှုပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိပါသည်။ မြေပြန့်ဒေသများနှင့် ရန်ကုန်၊ မန္တလေး ကုန်စိမ်းဈေးကွက်ကြီးများသို့ ရောက်ရှိချိန်တွင်မူ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် ကြားပွဲစားခများကြောင့် လက်လီဈေး တစ်ပွင့်လျှင် ကျပ် (၁,၅၀၀) မှ (၃,၀၀၀) ဝန်းကျင်ခန့်အထိ (ရာသီအလိုက် ရှားပါးချိန်တွင် ကျပ် ၄,၀၀၀ ကျော်အထိ) ဈေးနှုန်း မြင့်တက်သွားလေ့ရှိပါသည်။ ရှမ်းမြောက်ဒေသ (ဥပမာ - နောင်ချို၊ ကျောက်မဲ စသည့် ဒေသများ) မှ ထွက်ရှိသော ပန်းဂေါ်ဖီများကို ကားလမ်းကြောင်းများမှတစ်ဆင့် မန္တလေးမြို့ရှိ သီရိမာလာ ကုန်စိမ်း ဒိုင်သို့ အဓိက တင်ပို့ကြပြီး ထိုမှတစ်ဆင့် အောက်မြန်မာပြည် ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချကြ သည်။
ရာသီဥတုလွန်ကဲ၍ အထွက်နှုန်း ပြိုင်တူများပြားချိန် သို့မဟုတ် လမ်းကြောင်းပိတ်ဆို့မှုများ ရှိချိန်တွင် ဈေးနှုန်းများ ရုတ်တရက် ထိုးကျသွားတတ်ပြီး တောင်သူများ အရှုံးပေါ်တတ်သည်။ ထို့ပြင် စိုက်ပျိုးစရိတ်ဖြစ်သော ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေး မြင့်မားခြင်းက တောင်သူများ၏ အကျိုးအမြတ်ကို အဓိက လျှော့ချနေသည့်အချက် ဖြစ်သည်။
ရှမ်းမြောက်ဒေသထွက် ပန်းဂေါ်ဖီသည် သဘာဝတောင်တန်းမြေက ပေးအပ်ထားသည့် အာဟာရပြည့်ဝသော လက်ဆောင်မွန်တစ်ခု ဖြစ်သည်။ စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းလျာတစ်ခွက် ဖြစ်စေရုံသာမက တောင်ပေါ်ဒေသ တောင်သူဦးကြီးများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနေသည့် အဖိုးတန်သီးနှံဖြစ်သဖြင့် ပြည်တွင်းဖြစ် ဒေသထွက်ကုန်များကို ပိုမိုအားပေး ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ရှမ်း)
