မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မကွေးတိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ မေလကုန် ဇွန်လဆန်းကာလသည် ရာသီစာသရက်သီးမျိုးစုံ လှိုင်လှိုင်ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်သည်နှင့်အညီ ဈေးကွက်အတွင်း သရက်သီးအမှည့်များ ပေါများလာပြီး ဒေသတွင်းစိုက်ပျိုး စီးပွားတစ်ခုဖြစ်သော တန်ဖိုးမြှင့်ထုတ်ကုန် (Value-added Product) "သရက်ပြင်" လုပ်ငန်းများ အင်တိုက်အားတိုက် စတင်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာသရက်ပြင်ပြုလုပ်ခြင်းလုပ်ငန်းသည် အစဉ်အလာအရ နေလှန်းစနစ်ကို သာ အဓိကအားထားလုပ်ကိုင်ကြသည့် အသေးစား၊ အလတ်စား မိသားစု အခြေခံလုပ်ငန်း (MSME) အမျိုးအစားဖြစ်သည်။
သရက်ပြင်ပြုလုပ်ရန် အချိုဓာတ်နှင့်အချဉ်ဓာတ်မျှတသော သရက်သီးအမှည့်များကို ရွေးချယ် ကာအခွံနွှာ၍ သရက်အနှစ်ရရှိအောင် ဆန်ခါများဖြင့် စနစ်တကျတိုက်ယူရသည်။ ရရှိလာသော သရက်အနှစ်များကို အပူပေး၍မီးမျှဉ်းမျှဉ်းဖြင့် သမအောင်ကျိုချက်ပြီးနောက် သန့်ရှင်းသော စက္ကူ (သို့) ပလတ်စတစ်စများပေါ်တွင် အထူအပါးညီညာစွာ ဖြန့်ခင်း၍ နေရောင်ခြည်အောက်တွင် (၂)ရက် မှ (၃)ရက်ခန့်အထိ အခြောက်လှန်းကာ အလွှာလိုက် သရက်ပြင်များရရှိအောင် ထုတ်လုပ်ကြသည်။
ဈေးကွက်အတွင်းဝယ်ယူစားသုံးသူများနှင့် ဖြန့်ဖြူးသူများအတွက် အရည်အသွေး ကောင်းမွန် သော သရက်ပြင်သည် သဘာဝရွှေဝါရောင် (သို့) နီညိုရောင်ရှိပြီး အသားစိုပြေ ကာ လက်ဖြင့်ကိုင် တွယ်ကြည့်ပါက လျော့တိလျော့ရဲမဖြစ်ဘဲ ကျစ်လျစ်အိစက်နေရမည်။ သရက်ပြင်သည် သဘာဝ အတိုင်းပြုလုပ်ထားသော ကုန်စည်ဖြစ်သဖြင့် လေလုံသောဗူး (သို့) အိတ်များဖြင့် စနစ်တကျ ထုပ်ပိုး ထားရမည်ဖြစ်ပြီး စိုထိုင်းစကင်းစင်ကာ အေးမြခြောက်သွေ့ သောနေရာတွင် ထားရှိမှသာ မှိုတက် ခြင်းမှ ကာကွယ်နိုင်ပြီး ရေရှည်အထားခံမည်ဖြစ်သည်။
ယခုနှစ်တွင် ပြင်းထန်သော နွေအပူရှိန် ရှိနေခြင်းကြောင့် သရက်ပြင်အခြောက်လှန်းသည့် လုပ်ငန်းတွင် အချိန်တိုအတွင်း မြန်မြန်ခြောက်သွေ့လွယ်သဖြင့် ထုတ်လုပ်မှုစွမ်းအားကို ပိုမိုတွင် ကျယ်စေသည်။ သရက်သီးလှိုင်လှိုင်ပေါ်ချိန်တွင် အမှည့်လွန် ပုပ်သိုးပျက်စီးမှုကို တားဆီးနိုင်ပြီး ရေရှည်သိမ်းဆည်းနိုင်သော တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ပြုပြင်ပြောင်း လဲနိုင်ခြင်းကြောင့် လေလွင့်ဆုံးရှုံးမှုကို လျှော့ချနိုင်သည့်အပြင် ထုတ်လုပ်သူများအတွက် ရာသီအလိုက် မိသားစုဝင်ငွေ ကို တိုးတက်ရရှိစေသည်။
မေလနောက်ဆုံးပတ်ဒေသအတွင်း သရက်သီးလှိုင်လှိုင်ပေါ်ချိန် ဈေးကွက်အတွင်း ဖြစ်ပေါ် နေသော အရောင်းအဝယ်ဈေးနှုန်းများမှာ ဈေးကွက်အတွင်း အရည်အသွေးအလိုက် စိန်တလုံး သရက်သီး(မှည့်) အလုံးကြီး (၁)လုံးလျှင် ကျပ်(၆၀၀မှ ၉၀၀)ဝန်းကျင်၊ သရက်သီး (ရင်ကွဲ၊ ရွှေ ဟင်္ဿာ)များမှာ အရွယ်အစားအလိုက် (၁)လုံးလျှင် ကျပ်(၃၀၀မှ ၅၀၀)ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
သရက်သီးပေါများချိန်တွင် သရက်ပြင်ကို အင်တိုက်အားတိုက် ထုတ်လုပ်လျက်ရှိရာ ဒေသတွင်း လက်ကားဒိုင်များနှင့် ပွဲရုံပေါက်ဈေးများအရ သရက်ပြင် သန့်သန့်တစ်ပိဿာ လျှင် အရည်အသွေးပေါ်မူတည်၍ ပျမ်းမျှ ကျပ်(၁၃၀၀၀မှ ၁၅၀၀၀)ဝန်းကျင်ဖြင့် ဈေးကွက် စတင်ဖြစ် ပေါ်နေပြီး ပြည်တွင်းစားသုံးသူများအကြား ဒေသထွက် လက်ဆောင်အဖြစ် အရောင်း အဝယ်ပုံမှန် လည်ပတ်လျက်ရှိသည်။
သရက်သီးရာသီတွင် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် မိမိတို့ဒေသထွက်သရက်သီး များကို သရက်ပြင်အဖြစ် တန်ဖိုးမြှင့်ပြောင်းလဲထုတ်လုပ်ခြင်းသည် လေလွင့်မှုကိုသက်သာ စေရုံသာမက မိသားစုဝင်ငွေကိုပါ တိုးပွားစေသည်။ နောင်တွင် သရက်ပြင်လုပ်ငန်းကို ယခုထက်ပိုမို၍ သန့်ရှင်း သပ်ရပ်သော နည်းပညာများဖြင့် အဆင့်မြှင့်တင်ထုတ်လုပ်သွားနိုင် မည်ဆိုပါက ပြည်တွင်းဈေးကွက် တွင်သာမကဘဲ ပိုမိုကျယ်ပြန့်သော စီးပွားရေးအခွင့်အလမ်း ကောင်းများရရှိလာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)
