Main menu

အီရန်စစ်ပွဲနှင့် မိုးခေါင်ရေရှားမည့် မိုးလေဝသခန့်မှန်းချက်များကြောင့် ဆန်တင်ပို့မှုကဏ္ဍ စိန်ခေါ် မှုများနှင့် ရင်ဆိုင်နေရခြင်း

Powered by Drupal

     ရာသီဥတုအခြေအနေများနှင့် ပထဝီနိုင်ငံရေး ပဋိပက္ခများသည် ကုန်သွယ်မှု ပမာဏအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိနိုင်သဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်အတွက် ထိုင်းနိုင်ငံ၏ ဆန် တင်ပို့မှု အလားအလာမှာ မရေမရာမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ထိုင်းဆန်ပို့ကုန် လုပ်ငန်း ရှင်များအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

     ယခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် ဆန်တန်ချိန် ၇ သန်း တင်ပို့နိုင်လိမ့်မည်ဟု နိုင်ငံခြား ကုန်သွယ်မှ ဦးစီးဌာန (DFT) က ခန့်မှန်းထားပြီး ယခုနှစ် ပထမ လေးလပတ်အတွင်း ဆန်တန်ချိန် ၂.၂ သန်းခန့် တင်ပို့ခဲ့ပြီး ဖြစ်ကြောင်း ဆန်အသင်း၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် အိန္ဒိယဆန်ဖြူ ၅ ရာခိုင်နှုန်း၏ ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀ ရှိပြီး ထိုင်း ဆန်ဖြူ ၅ ရာခိုင်နှုန်း၏  ဈေးနှုန်းမှာ တစ်တန်လျှင် ၄၂၀ ဒေါ်လာ ရှိကြောင်း အသင်း၏ အဆိုအရ သိရသည်။

     အိန္ဒိယဆန်နှင့် ထိုင်းဆန်ကြား ဈေးနှုန်းကွာဟချက် ကြီးမားနေခြင်းကြောင့် အိန္ဒိယပို့ကုန် လုပ်ငန်းရှင်များသည် အာဖရိကဈေးကွက်၏ ဝေစုအမြောက်အမြားကို ရယူနိုင်ခဲ့ပြီး ယင်းသည် ထိုင်းဆန်တင်ပို့မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်စေကြောင်း ထိုင်းဆန်ပို့ကုန် လုပ်ငန်းရှင်များ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားခဲ့သည်။

     ၂၀၂၅ ခုနှစ်တွင် အီရတ်နိုင်ငံသည် ဆန်တန်ချိန် ၁ သန်း တင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဆန်ပို့ကုန်ဈေးကွက်ဖြစ်ခဲ့ကာ ယင်းနောက်တွင် တန်ချိန် ၈၈၀,၀၀၀ ဖြင့် တောင် အာဖရိကနိုင်ငံနှင့် တန်ချိန် ၈၂၀,၀၀၀ ဖြင့် အမေရိကန်ပြည်ထောင်စုတို့က အသီးသီးရှိခဲ့ကြောင်း နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာန (DFT) ၏ အချက်အလက်များအရ သိရသည်။

    ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် အီရတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု လမ်း ကြောင်း ပြတ်တောက်သွားခဲ့ရကြောင်းနှင့် ၂၀၂၆ ခုနှစ်၏ ပထမ လေးလပတ်အတွင်း အီရတ်နိုင်ငံ သို့ ဆန်တန်ချိန် ၉၀,၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း မစ္စတာ Chookiat က ပြောကြားခဲ့သည်။ ယခုနှစ် ဒုတိယနှစ်ဝက်အတွက် ရှေ့အလားအလာမှာ စိန်ခေါ်မှုများပြားနေပြီး အကြောင်းအမျိုးမျိုး ၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

    အကယ်၍ ရေလက်ကြား ပြန်လည်ဖွင့်ပေးလာပါက အီရတ်နိုင်ငံသည် ထိုင်းနိုင်ငံထံမှ ဆန်တင်သွင်းမှုများကို ပြန်လည်စတင်လာနိုင်ပြီး ဒုတိယနှစ်ဝက်တွင် အော်ဒါအမှာစာ အမြောက် အမြား ဝင်ရောက်လာခြင်းက ဆန်ဝယ်လိုအားကို မြင့်တက်လာစေနိုင်ကြောင်း မစ္စတာ Chookiat က ပြောကြားခဲ့သည်။ အကယ်၍ ယခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်ပွားခဲ့ပါက ဒေသတွင်း သို့ မိုးခေါင်ရေရှားမှုနှင့် အပူလှိုင်းများဖြစ်ပေါ်လာနိုင်ပြီး အရှေ့တောင်အာရှတစ်လွှားရှိ ဆန်စပါး ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ဖွယ်ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ထိုင်းနိုင်ငံရှိ ဆန်စပါး စိုက်ခင်း အများစုသည် ဆည်မြောင်းစနစ်များထက် မိုးရေအပေါ်တွင်သာ မှီခိုနေရဆဲဖြစ်သည်။

     ထို့ပြင် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး တောင်သူလယ်သမားများအတွက် ကုန်ကျစရိတ်များ ပိုမိုများပြားလာကြောင်း နှင့် ယင်း၏ ရလဒ်အနေဖြင့် တောင်သူများသည် ဓာတ်မြေဩဇာ သုံးစွဲမှုကို လျှော့ချနိုင်ခြေရှိပြီး ယင်းက အထွက်နှုန်းများကို လျော့နည်းကျဆင်းသွားစေနိုင်သည့် အလားအလာ ရှိနိုင်ကြောင်း သိရသည်။ ဓာတ်မြေဩဇာ လျှော့ချသုံးစွဲမှုကြောင့် အထွက်နှုန်းကျဆင်းခြင်းသည် သီးနှံအထွက် နှုန်းအပေါ် ကျရောက်လာနိုင်သည့် အယ်လ်နီညို၏ သက်ရောက်မှုနှင့် ပေါင်းစပ်သွားပါက ယခုနှစ် တွင် ဆန်ဈေးနှုန်းများ အနည်းငယ် ပိုမိုမြင့်တက်လာစေနိုင်ကြောင်း မစ္စတာ Chookiat က ပြော ကြားခဲ့သည်။

    ယခုကဲ့သို့သော ရာသီဥတုဖြစ်စဉ်သည် စားနပ်ရိက္ခာပြတ်လပ်မှုကို ကာကွယ်ရန်အတွက် ဆန်စပါး ကြိုတင်စုဆောင်းလိုသည့် ဝယ်လက်နိုင်ငံများထံမှ ဝယ်လိုအားကို မြင့်တက်လာစေနိုင် သဖြင့် ဆန်တင်ပို့မှုဈေးကွက်အတွက် အကျိုးအမြတ် ဖြစ်ထွန်းစေနိုင်ပါသည်။ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်လျက်ရှိပြီး ဆန် စပါးများ ဝယ်ယူစုဆောင်းသည့် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် အော်ဒါအမှာစာများကို တိုးမြှင့်လျက်ရှိ ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။

    ၂၀၂၆ ခုနှစ်၏ ပထမ သုံးလပတ်အတွင်း မလေးရှားနိုင်ငံသည် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၁၃၄,၀၀၀ တင်သွင်းခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃၃,၀၀၀ ခန့်မှ သိသိ သာသာ မြင့်တက်လာခဲ့ကာ ဖိလစ်ပိုင်နိုင်ငံသည်လည်း အဆိုပါကာလအတွင်း တန်ချိန် ၅၂,၀၀၀ မှ တန်ချိန် ၁၀၀,၀၀၀ ခန့်အထိ တိုးမြှင့်တင်သွင်းခဲ့ကြောင်း သိရသည်။ ယင်းအခြေအနေသည် အီရတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသည့် အရန်သင့်ရှိနေသည့် ဆန်ပမာဏများကို ဝယ်ယူပေးရာ ရောက်သည့်အတွက် အထောက်အကူဖြစ်စေခဲ့သည်ဟု မစ္စတာ Chookiat က ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏မူဝါဒကို စားနပ်ရိက္ခာဖူလုံမှုဆီသို့ တဖြည်းဖြည်းချင်း ပြောင်းလဲ ချမှတ်လာခဲ့ရာ ယင်း၏ရလဒ်အနေဖြင့် ထိုင်းဆန်တင်သွင်းမှုကို လျှော့ချခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံတွင် အလွန်ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ်တစ်ခု ကျရောက်လာပါက ဆန် တင်သွင်းမှုကို ပြန်လည်တိုးမြှင့်ကောင်း တိုးမြှင့်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

    မည်သို့ပင်ဖြစ်စေကာမူ ယခုနှစ်အတွက် ချမှတ်ထားသည့် ဆန်တန်ချိန် ၇ သန်း ပို့ကုန် ရည်မှန်းချက်ကို ထိုင်းနိုင်ငံအနေဖြင့် ပြည့်မီစွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆမိပါကြောင်း မစ္စတာ Chookiat က ပြောကြားခဲ့သည်။ ဆန်စပါးလုပ်ငန်းကဏ္ဍ၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် အတွက် ထုတ်လုပ်မှုစရိတ်များ လျှော့ချ ခြင်း၊ အထွက်နှုန်းတိုးမြှင့်ခြင်း၊ ဆန်စပါးမျိုးစိတ်သစ်များ တီထွင်ခြင်းနှင့် ပို့ကုန်ဈေးကွက်အသစ်များ ရှာဖွေဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်ရန် ရေရှည် ဗျူဟ တစ်ရပ် ချမှတ်ကျင့်သုံးရန် ၎င်းက အစိုးရအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

Source: Bangkokpost, 20 May, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)