Main menu

ကြံပင်စိုက်ရင်း ငွေဝင်ရင်း

Powered by Drupal
Tue, 05/19/2026 - 13:55 -- consumer_admin

             မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ ပြည်တွင်း ထုတ်ကုန်များ၊ ရာသီပေါ်သီးနှံများနှင့်ဘက်စုံထောင့်စုံကို ဖြည့်ဆည်းပေးနိုင်သော အသီးအနှံများကို ရေရှည်တိုးချဲ့စိုက်ပျိုးရန် လိုအပ်ပါသည်။ ထိုကဲ့သို့သော သီးနှံပင်များထဲတွင် ကြံပင်သည်လည်း တစ်မျိုး အပါအဝင်ဖြစ်ပြီး ၊ အခြေခံစားသောက်ကုန်များ ထုတ်လုပ်ရာအရေးကြီးသော ဇာစ်မြစ် တစ်ခုလည်း ဖြစ်ပါသည်။ အစားအသောက်တိုင်းလိုလိုတွင် သကြားသည်အနည်းနှင့်အများ ပါဝင်လျက်ရှိရာသကြား ရရှိရန်အတွက် ကုန်ကြမ်းဖြစ်သော ကြံသည်လည်းအရေးကြီးသော မြက်မျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်ပါသည်။

 ကြံသည် ပူနွေးစိုစွတ်သော ဒေသနှင့် သမနွေးပိုင်းဒေသများတွင် ပေါက်ရောက် ဖြစ်ထွန်းလေ့ ရှိပြီး အပင် မြင့် (၉) ပေ နှင့် (၁၅) ပေ ကြား၊ လုံပတ်မှာ အချင်း (၂) လက်မခန့် ရှိတတ်၍ အပင်ခြေတွင် ပင်စည်ပွားများစွာ ထုတ်လုပ်ရန် ဘေးတက်ကဲ့သို့ ပုံစံများစွာ ရှိနေသည့် နှစ်ရှည်ပင် တစ်မျိုးဖြစ်သည်။

          ကြံပင်ကို ဒေသအနှံ့စိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူး ၊ ရန်ကုန် တို့တွင် စိုက်ပျိုးမှုပိုမိုများပြားသည်ကို တွေ့ရှိရသည်။ ကြံပင်စိုက်ပျိုးရာတွင် အကောင်းဆုံး ရာသီဥတု သည် အပူချိန် (၉၃ နှင့် ၁၀၀ ဒီဂရီဖာရင်ဟိုက် ) အကြား ၊  မိုးရွာမှု တစ်နှစ်လျှင် လက်မ ၅၀ မှ လက်မ ၇၀ အတွင်း ဖြစ်သည်။ မိုးရေချိန် များသော ဒေသများတွင်လည်း စိုက်ပျိုးသည်ကို တွေ့ရှိရပြီး အဓိကအားဖြင့် ရေမဝပ်စေရန် သတိပြုစိုက်ပျိုးကြသည်။ မိုးရေချိန် နည်းသော ဒေသများတွင်လည်း ရေသွင်း စိုက်ပျိုးကြပြီး၊ စိုက်ပျိုးချိန်သည် မိုးရာသီ ဖြစ်ပြီး၊ ခုတ်ချိန်သည် ခြောက်သွေ့သော ဆောင်းရာသီ ကာလ ဖြစ်ပေသည်။

                     ကြံပင်စိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းသည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်သည်။ စိုက်ပျိုးမြေကို လယ်ထွန်စက်ဖြင့် နှစ်ကြိမ်(သို့) သုံးကြိမ်ခန့် ထယ်ထိုးထွန်မွှေ ထားရန် လိုအပ်သည်။ ပထမအကြိမ်ထယ်ထိုးရာတွင် မြေကျစ်ခဲများကိုကောင်းစွာ ကျေပျက်အောင် ပြုလုပ်ထား၍ ထယ်ထိုးပြီးပါက သုံးလ မြေလှပ်ထားရပါမည်။ ဒုတိယအကြိမ် ထယ်ထိုးပြီးသောအခါ သုံးလေးကြိမ်ခန့် ထယ်မွှေခြင်း ပြုလုပ်ပြီးလျှင် ထယ်ရေးညက်သော မြေကို ရရှိနိုင်ပြီး၊ မျိုးစေ့ချရန် အတွက် မြေကို ညှိယူနိုင်ပြီး၊ မြေဆွေးများကို ထည့်သွင်းပေးနိုင်ပါသည်။

          ကြံပင်တွင် ရင့်မာသော ကြံဆစ်ပိုင်းများကို ဖြတ်တောက်၍ ကိုင်းဖြတ်မျိုးပွားခြင်း၊ စိုက်ပျိုးခြင်းကို ပြုလုပ်ကြသည်။ အရည်အသွေးကောင်းသော ကြံဆစ်ပိုင်းများကို ရွေးချယ် စိုက်ပျိုးရန်လိုအပ်ပါသည်။  ဖြတ်ပိုင်းများ မဖြတ်မီ ဖြတ်ပိုင်းဖြတ်ရန် ရွေးထားသော အပင်ကို ရက်အနည်းငယ်စော၍ မျိုးပိုင်းများ ဦးစွာ ခုတ်ထားရမည်။ ထိုသို့ ပြုလုပ်ပါမှ အတက်များမှ အညွန့်များ ကြီးထွားရန် လှုံ့ဆော်နိုင်မည်ဖြစ်ပြီး၊ ကြံပင် အပေါ်ပိုင်းကို အတက်နှစ်ခုမှ သုံးခုပါ အရှည် (၁၂) လက်မကျော် ဖြတ်ပိုင်းများ တိုင်း၍ ဖြတ်နိုင်သည်။ ဖြတ်ပိုင်းများစိုက်ပျိုးရာတွင် နည်းလမ်းများစွာရှိသော်လည်း လူသိများသော နည်းလမ်းမှာ ထယ်ကြောင်းပေး၍ စိုက်ပျိုးခြင်းဖြစ်ပါသည်။ ကြံဖြတ်ပိုင်းများကို မြေလွှာဖြင့် ပါးပါး ဖုံအုပ်၍  ကြံဖြတ်ပိုင်းများအား စိုက်ခင်းထဲသို့ တိုက်ရိုက်ချ စိုက်ပျိုးနိုင်ပြီး၊ ပျိုးခြံများတွင် စိုက်ပျိုးပြီး အတက်မှ အရွက်များ ကြီးလာသော အခါ ခြံအတွင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။  ကြံစိုက်ပျိုးရာတွင် တစ်ဧကလျှင်  ကိုင်းဖြတ်များကို (၆၀၀၀-၈၀၀၀) ကြားစိုက်ပျိုးကြသည်ကို တွေ့ရပါသည်။ ကြံပင်သည် ရာသီဥတု အနေအထား ၊မြေအမျိုးအစား၊ မြေဩဇာ ပါဝင်မှု အချိုးအစား၊ ရေသွင်းရေထုတ်၊ပိုးရောဂါ ကာကွယ်နှိမ်နင်းမှု နှင့် ရိတ်သိမ်းချိန် အပေါ်တွင်များစွာ မူတည်သည့်အတွက် ကြံထွက်ရှိမှုသည်လည်း အနည်းငယ် ကွဲပြားမှု ရှိပါသည်။

          ကြံပင်သည် သကြားအဓိက ထုတ်ထုပ်ရာသီးနှံဖြစ်ပြီး၊ အရက်အချဉ်ဖောက်ရာတွင် သုံးသော ကုန်ကြမ်းတစ်မျိုးလည်း ဖြစ်သည်။ ကြံကြိတ်ဖတ်ကို ဖိုင်ဘာ ကတ်ထူပြားနှင့် စက္ကူအဖြစ် လည်းကောင်း၊ တိရစ္ဆာန် အစာအဖြစ် လည်းကောင်း၊ လောင်စာအဖြစ် ဇီဝအီသနောကို လည်းကောင်း ထုတ်လုပ်ပေး နိုင်သည့် စက်မှု ကုန်ကြမ်း သီးနှံတစ်မျိုးဖြစ်သည်။

          ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကြံထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်ပြီး၊ အာရှတွင် အန္ဒိယ၊ တရုတ်၊ ထိုင်း၊ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့ပါဝင်ပါသည်။ကြံသည် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားများသော သီးနှံတစ်မျိုးဖြစ်ပြီး၊ ကြံပင်စိုက်ပျိုး သူများအတွက် အကျိုးအမြတ် အနည်းနှင့် အများဆိုသလို ရရှိနိုင်သဖြင့် စီးပွားဖြစ် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်သည်။

          ကြံပင်သည် မြန်မာနိုင်ငံ၏ ‌ရေမြေတောတောင် ၊ ရာသီဥတုနှင့်ကိုက်ညီသော သီးနှံပင်တစ်မျိုး ဖြစ်ပြီး၊ ကြံပင်ကိုများစွာ စိုက်ပျိုးပြီး နိုင်ငံအတွင်းရှိ ပညာရှင်များစွာဖြင့် အရည်အသွေးမြင့် သကြားများ ရရှိစေနိုင်ရုံသာမက ၊ ရေရှည်စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းထက် ပိုမိုပြည့်မီ ကျော်လွန်စေပြီး၊ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေ လည်း ရရှိ စေနိုင်သည့်အတွက် ကြံပင်စိုက်ပျိုးခြင်းသည် အနာဂတ်တွင် အလားအလာကောင်းသော သီးနှံတစ်မျိုးဖြစ်ပြီး၊ အလေအလွင့် နည်းပါးသည့်အတွက် ကြံစိုက်ပျိုးခြင်းသည် ဝင်ငွေတိုးစေနိုင်သော အပင် တစ်မျိုးဖြစ်ပါသည် ဟု ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)