
လယ်မြေရေသွင်းမြောင်းများတွင် ငါးပြေမ နှင့် ငါးမျိုးစုံ (သို့မဟုတ် အခြားငါးမျိုးစိတ်များ) မွေးမြူ၍ တစ်နှစ်တစ်ကြိမ် အင်းဖော်၍ မအူပင်ဈေးကွက်အတွင်းရောင်းချနေကြောင်း ငါးရောင်းချသူထံမှသိရသည်။ ငါးမျိုးစိတ်များကို ရန်ကုန်မှ မှာယူ၍ အကောင်ရေသောင်းကျော် မှာယူကာ မွေးမြူကြောင်း၊ မွေးမြူသော ငါးများမှာ ငါးပြေမ၊ ငါးရံ့၊ ငါးခေါင်းပွ၊ ငါးမွေထိုး၊ ငါးခုံးမ ငါးမျိုးစုံ မွေးမြူးပြီး ငါးမျိုး တစ်ကောင်ဈေး ၄၀၀ ကျပ်မှ ၇၀၀ ကျပ် အထိ ဈေးဖြင့် ဝယ်ယူမွေးမြူကြောင်း သိရသည်။
အင်းကို တစ်နှစ် တစ်ခါဖော်၍ ငါးပြေမ ပိဿာ ၂၅၀ခန့်၊ ငါးခေါင်းပွ ပိဿာ ၃၀၀ခန့်၊ ငါးမွေထိုး ပိဿာ ၁၅၀ခန့်၊ ငါးခုံးမ ပိဿာ ၃၀၀ခန့်၊ အခြားငါး ပိဿာ ၁၀၀ခန့် ရရှိကြောင်း ရရှိသော ငါးများကို မအူပင် အခွန်လွတ်ဈေး၊ ၃လမ်းဈေး၊ အိုင်ဝိုင်းဈေးတို့တွင် ရောင်းချပြီး အင်းဖော်ချိန် ၅ရက်ခန့်သာကြာကြောင်း၊ ရောင်းချသော ငါး လက်လီ ဈေးနှုန်းအနေဖြင့် ငါးပြေမ ၁ပိဿာ ၂၅၀၀၀-၃၀၀၀၀ ကျပ်၊ ငါးခေါင်းပွ ၁ပိဿာ ၁၆၀၀၀ကျပ်၊ ငါးမွေထိုး ၁ ပိဿာ ၃၅၀၀၀ကျပ်၊ ငါးခုံးမ ၁ပိဿာ ၁၂၀၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး လက်ကားဈေးအနေဖြင့် လက်လီဈေး ၁ပိဿာ ၅၀၀၀ ကျပ်ခန့် ကွာခြားရောင်းချကြောင်း သိရသည်။ လယ်မြေရေသွင်းမြောင်းများမှ ငါးမွေးမြူ၍ ကျေးရွာ နေပြည်သူများ စီးပွားဖြစ်ဝင်ငွေရလျက်ရှိကြောင်း ကျေးရွာနေပြည်သူများ နှစ်စဉ်အလှည့်ကျ ငါးမွေးမြူ၍ လုပ်ကိုင်လျှက်ရှိကြောင်းကို အင်းဖော်ငါးရောင်းချသူ မအေးအေးသွင်ထံမှသိရသည်။
Doca (ဧရာဝတီ)
