Main menu

ပြည်တွင်းစားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံစိုက်ပျိုးစို့

Powered by Drupal
Fri, 05/15/2026 - 11:32 -- consumer_admin

 မြန်မာနိုင်ငံတွင်  ဆီစားသုံးမှုများပြားနေသည့်အတွက်   ပြည်ပမှစားသုံးဆီမှာယူသုံးစွဲနေရသည်။ ဆီစားသုံးမှုများပြားခြင်းမှာ ကျန်းမာရေးအရကောင်းသော လက္ခဏာတစ်ရပ် မဟုတ်ပေ။  ကျန်းမာရေး သုတေသန ပြုချက်များအရ ဆီကိုလိုသည်ထက် ပိုမိုစားသုံးပါက နှလုံးသွေးကြောကျဉ်းခြင်း၊ အသည်းအဆီ ဖုံးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စသည့်ကုသရန် ခက်ခဲလှသော ဝေဒနာများ ခံစားရပေမည်။ ဆီမပါလျှင် ဟင်းမဖြစ်ဟု မြန်မာတို့ပြောဆို နေကြသော်လည်း ဆီကိုပါသင့်သည်ထက်လွန်ကဲစွာမသုံးဘဲ လျှော့နိုင်သမျှ လျှော့၍ သုံးစွဲသင့်သည်။ လူတစ်ဦးချင်းစီက ဆီကိုလျှော့ချ သုံးစွဲကြမည်ဆိုပါက မိမိ၏ တစ်ကိုယ်ရေ ကျန်းမာရေး အတွက်အလွန် ကောင်းမွန်လှသလို  နိုင်ငံတော်အတွက်လည်း  ပြည်ပမှဆီဝယ်ယူတင်သွင်း နေရမှုများ လျော့နည်းလာမည်ဖြစ်သည်။

              နိုင်ငံတော်အစိုးရအနေဖြင့်   ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနေ သလို  တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ဦးစားပေး လျက်ရှိသည်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက် ပြည့်မီစေရေးအတွက် မြေပဲ၊  နှမ်း၊  နေကြာ  ဆီထွက် သီးနှံများကို ဇုန် အလိုက် အကောင်အထည်ဖော် ဆောင်နေပြီ ဖြစ်သည်။  ဆီထွက်သီးနှံများ စိုက်ပျိုးရမည့်ပမာဏအတိုင်း စိုက်ပျိုးပြီး  ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက်   ရှေ့ပြေး လုပ်ငန်းစဉ်အဖြစ်   မြေပဲ၊  နှမ်း၊ နေကြာ ဆီထွက်သီးနှံသုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုပံ့ပိုးပေးသည့် စနစ်ဖြင့်    စီမံကိန်း ရေးဆွဲဆောင်ရွက်လျက် ရှိသည်။  ချေးငွေပံ့ပိုးမှု အနေဖြင့် မြေပဲ တစ်ဧက ငွေကျပ်သုံးသိန်း၊  နှမ်းတစ်ဧက ငွေကျပ် ၁ ဒသမ ၅ သိန်းနှင့်နေကြာ တစ်ဧက ငွေကျပ် နှစ်သိန်းနှင့် ညီမျှသည့် သွင်းအားစုများ ထောက်ပံ့ ပေးခဲ့သည်။        

              ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းနှင့် ပဲပုပ် တို့ကဲ့သို့သော သက်တမ်းတို ရာသီဆီထွက်သီးနှံများအပြင် ဆီအုန်းကဲ့သို့သော ဆီထွက်နှစ်ရှည်ပင် များကိုပါ စိုက်ပျိုး ထုတ်လုပ်နိုင်သည့် ရေ၊ မြေ၊ ရာသီဥတုကို ပိုင်ဆိုင်ထားပါသည်။ မြန်မာနိုင်ငံ၏ မတူညီသော ရာသီဥတု ဒေသများတွင် မတူညီသော ဆီထွက် သီးနှံများကို စနစ်တကျ စိုက်ပျိုး ထုတ်လုပ်နိုင်ပြီး တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်သည့် အလားအလာရှိပါသည်။ အော်ဂဲနစ်နှင့် သဘာဝထွက်ကုန်များ အဖြစ် ဖန်တီးနိုင်သည့် အလားအလာမြင့်မားပါသည်။ မြန်မာနိုင်ငံ တွင် မြေပဲ၊ နှမ်း၊ နေကြာကို အများဆုံးစိုက်ပျိုးပြီး နှမ်းစိုက်ပျိုး ထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် ၄၊ မြေပဲစိုက်ပျိုး ထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် (၆) တွင် ရပ်တည်နေပါသည်။

              ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ နှမ်းမျိုးစုံတန်ချိန် ၇၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၄ သန်းရရှိခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နှမ်းတန်ချိန် ၉၀၀၀၀ ခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး ၀င်ငွေအမေရိကန် ဒေါ်လာ ၁၆၃ သန်း မျှော်မှန်းထားကာ လက်ရှိဘဏ္ဍာ ရေးနှစ် ပထမသုံးလပတ် (ဧပြီ-ဇွန်) တွင် နှမ်းမျိုးစုံ တန်ချိန် ၆၀၀၀ ခန့် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၁ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကုန်သည် များ အသင်းမှ သိရှိရပါသည်။ မြန်မာနိုင်ငံမှနှမ်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ကိုလည်း တင်ပို့လျက် ရှိပါသည်။

ပြည်တွင်း၌ အများဆုံးထုတ်လုပ်သည့် စားသုံးဆီများ၏ အားသာချက်များ

              မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်းနှင့် ပန်းနှမ်းတို့တွင် မြေပဲသည် တစ်ဧကအထွက်နှုန်း အမြင့်ဆုံး ဖြစ်ပါသည်။ နေကြာသည်လည်း ဆီထွက်ရှိမှုတွင် မြေပဲနှင့် နှမ်းတို့အား ယှဉ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ရာသီဥတု သည် ဆီထွက်သီးနှံသုံးမျိုး စိုက်ပျိုးမှုအတွက် သင့်တော်ပါသည်။ မြေပဲ၊ နှမ်း၊ နေကြာတို့သည် ကာလတိုရာသီ သီးနှံများဖြစ်သည့်အတွက် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ပါသည်။ ယင်းက တောင်သူများနှင့် နိုင်ငံတော်အတွက် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ရန် အခွင့်အလမ်း တစ်ရပ်ဖြစ်ပါသည်။

              မြေပဲသည် တစ်ဧကအထွက်နှုန်းများသဖြင့် ဆီအထွက်နှုန်းလည်းများသည်။ ပြည်တွင်း စားသုံးမှု တွင်လည်း မြေပဲဆီကို ကြိုက်နှစ်သက်မှုများသည်။ ဆီကြိတ်စက်များကလည်း မြေပဲကို အများဆုံး ကြိတ်ခွဲ ကြသည်။ ကျန်းမာရေးနှင့် အာဟာရဘက် မှကြည့်လျှင်လည်း မြေပဲဆီတွင် အာဟာရဓာတ် မိုနိုမပြည့်ဝဆီ ၄၆ ဂရမ်၊ ပိုလီမပြည့်ဝဆီ ၃၂ ဂရမ် ပါဝင်ပြီး ကျန်းမာရေးအတွက် မကောင်းသော ပြည့်ဝဆီမှာ ၁၇ ဂရမ်ခန့်သာ ပါဝင်သည်ဟု သိရပါသည်။ မြေပဲ၏ အားသာချက်တစ်ခုမှာ အချို့သော ဆီများကဲ့သို့ အရောင်အနံ့ချွတ်ရန် မလိုအပ်ဘဲ သဘာဝ အတိုင်း ကြိတ်ခွဲထုတ်လုပ်နိုင်သဖြင့် သဘာဝအရောင်၊ အရသာများအတိုင်း ရရှိစေပါသည်။ မြေပဲတွင် အဓိက သတိပြုရမည်မှာ မခြောက်သွေ့လျှင် အာဖလာ တောက်ဆင်မှိုဆိပ် ပါဝင်လာနိုင်ကြောင်း သိရပါသည်။

              နေကြာဆီကို ကျန်းမာရေးနှင့် ညီညွတ်သောကြောင့် စားသုံးသူများ ကြိုက်နှစ်သက်မှုများ လာနေပါ သည်။ ပုံမှန်နေကြာဆီ ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝဆီ (အိုမီဂါ-၃နှင့် အိုမီဂါ-၆) ၆၅ ဒသမ ၇ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုမီဂါ-၉၊ အိုးလီရစ်အက်စစ်) ၁၉ ဒသမ ၅ ဂရမ်၊ ပြည့်ဝဆီ ၁၀ ဒသမ ၃ ဂရမ်တို့ ပါဝင်ပါသည်။ နေကြာဆီ၏ ရူပဓာတုဂုဏ်သတ္တိများ တွင် အိုင်အိုဒင်းတန်ဖိုး ၇၈ မှ ၁၂၂ ဂရမ် /၁၀၀ ဂရမ်အထိ ပါဝင် နေသည်ကို တွေ့ရကြောင်း သိရသဖြင့် နေကြာဆီသည် မြေပဲဆီထက်ပင် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ဆိုနိုင်ပါသည်။ နေကြာဆီ၏ အားသာချက်တစ်ခုမှာ အာဖလာတောက်ဆင်မှိုဆိပ် လုံးဝကင်းစင်ခြင်း ဖြစ်သည်ဟု သိရပါသည်။ မှိုဆိပ် ကင်းစင် သည့်အပြင် ဗီတာမင်ကေနှင့် ဗီတာမင်အီး ကြွယ်ဝခြင်း၊ ကျန်းမာရေး အတွက် အထူးကောင်းမွန်သည့် အိုမီဂါ-၃ နှင့် အိုမီဂါ-၉ တို့ များစွာပါဝင် ကြောင်းသိရပါသည်။

              နှမ်းဆီ ၁၀၀ ဂရမ်တွင် ပါဝင်သော အာဟာရဓာတ်များတွင် မိုနိုမပြည့်ဝဆီ (အိုးလီရစ်အက်စစ်) ၄၂ ဂရမ်၊ ပိုလီမပြည့်ဝဆီ (လီနိုလီရစ်အက်စစ်) ၄၃ ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်နှင့် ဗီတာမင်ကေနှင့် အီးတို့ ပါဝင်ကြပါသည်။ ကိုလက်စထရောလည်း မပါဝင်ပါ။ အိုင်အိုဒင်းတန်ဖိုးမှာလည်း ၁၀၄ မှ ၁၂၀ ဂရမ် / ၁၀၀ ဂရမ်အထိပါဝင်ကြပါသည်။ နှမ်းကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် အများဆုံး စိုက်ပျိုးသကဲ့သို့ နှမ်းဆီစားသုံးမှုလည်း များပါသည်။

              အထက်ပါ မြေပဲဆီ၊ နေကြာဆီနှင့် နှမ်းဆီတို့ အပြင်ပဲပုပ်ဆီ၊ ပန်းနှမ်းဆီ၊ ဖွဲနုဆီနှင့် ပြောင်းဆီ တို့မှာလည်း မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ကြပြီး စားသုံးရန်သင့်တော်သည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ အရွယ်တင်နုပျိုခြင်း စသောအချက် များကိုလည်း ဤဆီများထဲတွင် တွေ့နိုင် ပါသည်။

              ပြည်ပမှတင်သွင်းနေရသည့် စားအုန်းဆီ ၁၀၀ ဂရမ်တွင် ပြည့်ဝဆီ ၅၄ ဒသမ ၃ ဂရမ်နှင့် မိုနိုမပြည့်ဝဆီ ၃၆ ဒသမ ၆ ဂရမ်နှင့် ပိုလီမပြည့်ဝဆီ ၉ ဂရမ်ခန့်သာ ပါဝင်ပါသည်။ စားအုန်းဆီတွင် ပါဝင်သော ပြည့်ဝဆီမှာမူ မကောင်းကျိုးဘက်သို့ပို၍ သက်ရောက်သည်ဟု သိရပါသည်။ အခြားသော ဗီတာမင်ဓာတ်များလည်း ပါဝင်မှုမရှိဟု သိရပါသည်။ အိုင်အိုဒင်းတန်ဖိုးမှာ ပုံမှန်အားဖြင့် ၅၀ မှ ၅၅ ဂရမ်ခန့် သာ ပါဝင်ပါသည်။ စားအုန်းဆီကိုနေ့စဉ် ချက်ပြုတ်စားသောက်ရာတွင်သုံးပါက သွေးကြော အတွင်း အဆီများစုလာကာ သွေးကြောများ ကျဉ်းလာမည် ဖြစ်ပါသည်။ ထို့ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေး ကြောကျဉ်းရောဂါများဖြစ်လာကာ နောက်ဆက်တွဲရောဂါအဖြစ် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားများ ထိခိုက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခြင်းတို့ ဖြစ်နိုင် ကြောင်း သိရှိရပါသည်။

              ကျန်းမာရေးထိခိုက်ပါက ကြီးမားသောဆေးကုသ စရိတ်ကိုပါ ထပ်မံကုန်ကျမည် ဖြစ်ပါသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်းနေသော စားအုန်းဆီအစား ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ တို့ကို ပိုမိုအားပေးဝယ်ယူ စားသုံးသင့်ပါ သည်။

              မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပြည်တွင်း ဈေးကွက်တွင် လုံလောက်စွာရရှိရန် ဆီစက်များ များများလည်ပတ်နိုင်ရန် လိုအပ်ပါသည်။ ပြည်တွင်းတွင် ဆီစက်များ တိုးတက်လည် ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းလည်း တိုးတက်လာနိုင်ပါသည်။

ပြည်တွင်းစားသုံးဆီ လိုအပ်ချက်

              ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၃ သန်းကို အခြေခံ၍ တစ်ဦးလျှင် တစ်နှစ်ဆီခြောက်ပိဿာ (သို့) ၉ ဒသမ ၆ ကီလိုဂရမ် စားသုံးသည်ဟု ယူဆ တွက်ချက်ပါက နိုင်ငံတော်၏ နှစ်စဉ်စားသုံးဆီ လိုအပ်ချက်မှာ ဆီတန်ချိန် ၅ ဒသမ ၀၃ သိန်း ရှိပါသည်။

ဆီထွက်သီးနှံထွက်ရှိမှု ခန့်မှန်းချက် (၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်)

              စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဆီထွက်သီးနှံများ၏ အသားတင်ထွက်ရှိမှုမှာ အတော်အတန် ကောင်းမွန်လိမ့်မည်ဟု မျှော်မှန်း ရပါသည်။ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းနှင့် ပဲပုပ်တို့ကို ၈၆၉၁၁၄၃ ဧက စိုက်ပျိုးရန်လျာထားပြီး လျာထားအထွက်နှုန်းအရ မျိုး၊ အလေအလွင့်နှင့် အခြားအသုံးများ ချန်ပြီး ဆီကုန်ကြမ်းများကို ကြိတ်ခွဲပါက စားသုံးဆီတန်ချိန် ၈ ဒသမ ၆ သိန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်း တွက်ချက်ရပါသည်။ ဆီထွက်သီးနှံ ကုန်ကြမ်းအားလုံးကို စားသုံးဆီ ထုတ်လုပ်မည်ဆိုပါက နိုင်ငံ၏ ဆီဖူလုံမှုသည် ၁၇၂ ရာခိုင်နှုန်း ရှိမည်ဖြစ်ပါသည်။ ဤအချက်သည် ပြည်တွင်း လိုအပ်ချက်ထက်ပိုလျှံသော ကုန်ကြမ်းပမာဏ ရှိနေကြောင်း ညွှန်ပြနေပါသည်။

စားသုံးဆီထုတ်လုပ်မှုကဏ္ဍ

              မြန်မာနိုင်ငံ၏ စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းကို ပုဂ္ဂလိကကဏ္ဍက အဓိက ဦးဆောင်လျက် ရှိပါသည်။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၏ ၂၀၂၅-၂၀၂၆ ခုနှစ် စာရင်းများအရ မှတ်ပုံ တင်ထားသော ပုဂ္ဂလိက ဆီကြိတ်စက်ရုံပေါင်း ၃၀၀၇ ရုံ ရှိပါသည်။ ၎င်းတို့ကို စက်စွမ်းအားအလိုက် ခွဲခြားပါက အကြီးစားစက်ရုံ ၂၉၇ ရုံ၊ အလတ်စား စက်ရုံ ၁၂၅၇ ရုံနှင့် အငယ်စားစက်ရုံ ၁၄၅၃ ရုံ ဖြစ်ပါသည်။ မှတ်ပုံတင်ထားသော ဆီကြိတ်စက်ရုံအများစု မှာ အလတ်စား နှင့် အငယ်စား စက်ရုံများ ဖြစ်ကြပြီး အကြီးစားဆီကြိတ်စက်ရုံသည် ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း တွေ့ရပါသည်။ ထုတ်လုပ်မှုတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပဲပုပ်၊ ဝါစေ့နှင့် ဆီအုန်းဆီကြမ်းတို့ ပါဝင်သည်။ ပြည်တွင်းဆီစက်များမှ မြေပဲဆီကို အများဆုံး ကြိတ်ခွဲထုတ်လုပ်ပါသည်။ ဆီကြိတ်စက် များကို ဆီထွက်သီးနှံ စိုက်ဧကများသော မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး တည်ထောင်ကြပါသည်။

လက်ရှိထုတ်လုပ်နိုင်မှုနှင့် စွမ်းရည်အခြေအနေ

              ဆီကြိတ်စက်ရုံများ၏ စက်စွမ်းအားအရ တစ်ရက်လျှင် ရှစ်နာရီတစ်ဆိုင်း အလုပ်လုပ် ကိုင်ပါက ခန့်မှန်း တစ်နှစ်စားသုံးဆီတန်ချိန် ၂၅၁၀၁၁ တန် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ တစ်ရက်လျှင် ရှစ်နာရီ နှစ်ဆိုင်းတိုး၍ အလုပ်လုပ်ကိုင်ပါက တစ်နှစ် စားသုံးဆီ တန်ချိန် ၄၆၉၈၇၃ တန်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် ရှစ်နာရီသုံးဆိုင်း အလုပ်လုပ်ကိုင်ပါက တစ်နှစ်စားသုံးဆီ တန်ချိန် ၆၈၈၇၃၆ တန် ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။ လက်ရှိတွင် လျှပ်စစ်မီးရရှိမှုအရ ဆီကြိတ်ခွဲ ထုတ်လုပ်နိုင်မှုမှာ တစ်နှစ် စားသုံးဆီတန်ချိန် ၂၂၀၃၇၂ တန်ဖြစ်ပါသည်။ စက်ရုံများ၏ လက်တွေ့ ထုတ်လုပ်နိုင်မှုသည် လျှပ်စစ်မီး ရရှိမှုအချိန် ကြာချိန် (Operating Hours) အပေါ် တိုက်ရိုက်မူတည် နေပါသည်။ လျှပ်စစ်မီး ၂၄ နာရီ ရရှိပါက ထုတ်လုပ်နိုင်စွမ်းသည် သိသိသာသာ မြင့်တက် လာနိုင်ပါ သည်။ ဤအချက်သည် စွမ်းရည်ပြည့်ဝစွာ အသုံးချနိုင်ရန် စွမ်းအင်အခြေခံအဆောက်အအုံ၏ အရေးပါမှုကို တွေ့မြင်နိုင်ပါသည်။

ထုတ်လုပ်နိုင်မှုနှင့် လိုအပ်ချက်ကြား ကွာဟမှု

              ကုန်ကြမ်းပေါများမှုသည် ထုတ်လုပ်နိုင်မှုနှင့် အတူတူမဟုတ်ပါ။ လက်ရှိလျှပ်စစ်မီးရရှိမှု အခြေ အနေ ပေါ်မူတည်သော ကြိတ်ခွဲနိုင်မှုစွမ်းရည်သည် ရှိသမျှကုန်ကြမ်း၏ ၂၅ ရာခိုင်နှုန်းခန့်နှင့် ပြည်တွင်း လိုအပ်ချက်၏ ၄၄ ရာခိုင်နှုန်းခန့်သာရှိသည်။ အကယ်၍ စက်ရုံများသည် ရှစ်နာရီ နှစ်ဆိုင်း (၁၆ နာရီ) အထိ အလုပ်လုပ်နိုင်ပါက ထုတ်လုပ်နိုင်မှုမှာ ရှိသမျှကုန်ကြမ်း၏ ၅၀ ရာခိုင်နှုန်း၊ ပြည်တွင်း လိုအပ်ချက်၏ ၉၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပြီး ရှစ်နာရီ သုံးဆိုင်း (၂၄ နာရီ) အထိ အလုပ်လုပ်နိုင်ပါက ထုတ်လုပ်နိုင်မှုမှာ ရှိသမျှကုန်ကြမ်း၏ ၇၈ ရာခိုင်နှုန်းခန့်၊ ပြည်တွင်းလိုအပ် ချက်၏ ၁၃၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း တွက်ချက် ရသည်။ ဤသည်မှာ ပြည်တွင်းဆီဖူလုံရေးအတွက် စွမ်းအင် ဖူလုံရေးနှင့် စက်ရုံများ၏ အချိန်ပိုလည်ပတ်နိုင်မှု စွမ်းရည်ကို မြှင့်တင်နိုင်ရန်လိုအပ်ကြောင်း ဖော်ပြ နေပါသည်။

ပိုလျှံမှုနှင့် ပြည်ပပို့ကုန်အလားအလာ

              ပြည်တွင်းတွင် စားသုံးဆီထုတ်လုပ်မှု လုံလောက်မှုမရှိသေးသဖြင့် စားအုန်းဆီကို တင်သွင်း နေရဆဲ ဖြစ်ပါသည်။ လက်ရှိကြိတ်ခွဲနိုင်မှုထက် ပိုလျှံနေသော ဆီထွက်သီးနှံကုန်ကြမ်း အထူးသဖြင့်မြေပဲနှင့် နှမ်းကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်ပါသည်။ ပြည်တွင်း ကြိတ်ခွဲနိုင်မှုထက် ပိုလျှံသော မြေပဲဆန်နှင့်နှမ်းကို ပြည်ပသို့တင်ပို့ခြင်းဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရရှိမည်ဟု ခန့်မှန်းရပါသည်။ ဤဝင်ငွေသည် ပြည်တွင်းတွင် မလုံလောက် သေးသော စားအုန်းဆီကို တင်သွင်းရန် လိုအပ်သည့် ကုန်ကျစရိတ်ထက် သိသိသာသာ ပိုမိုမြင့်မား နေပါသည်။ လက်ရှိ ထုတ်လုပ်နိုင်မှုနှင့် လိုအပ်ချက်ကို နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီတင်သွင်းရန် လိုအပ်နေသေးသော်လည်း ပိုလျှံသော မြေပဲ နှင့် နှမ်းကုန်ကြမ်းများကို တင်ပို့ခြင်းဖြင့် ရရှိလာမည့်ဝင်ငွေက သွင်းကုန်ကုန်ကျစရိတ်ထက် ကျော်လွန်နေ သဖြင့် နိုင်ငံအတွက် ပို့ကုန်ဝင်ငွေ တိုးမြှင့်ရရှိနိုင်စေမည်ဖြစ်ပါသည်။ ထိုသို့ကုန်ကြမ်းအဖြစ်သာ ပြည်ပတင် ပို့မည်ဆိုပါက နိုင်ငံ၏ စက်မှုလုပ်ငန်းတန်ဖိုးမြှင့်တင်နိုင်စွမ်း (Value Addition) ကို အားနည်းစေမည် ဖြစ်ပါသည်။

              ပြည်တွင်းတွင် စားသုံးဆီလုံလောက်အောင် မထုတ်လုပ်နိုင်သေးခင် ကာလတိုအနေဖြင့် ပြည်တွင်း စားသုံးဆီလိုအပ်ချက် ဖူလုံရန်အတွက် စားအုန်းဆီကို ပြည်ပမှတင်သွင်းနေရမည်ဖြစ်ပြီး ပြည်တွင်းထုတ်မြေပဲဆီ နှင့်ရောနှောကာ ရောနှောဆီအဖြစ် ထုတ်လုပ်ပါက ဈေးနှုန်းအသင့်အတင့် ဖြင့် ကျန်းမာရေးအတွက် ထိခိုက်မှုနည်းစေမည်ဖြစ်ပါသည်။ ကာလလတ်နှင့် ကာလရှည်တို့တွင် ပြည်တွင်းရှိ ကုန်ကြမ်း များဖြင့် စားသုံးဆီကို ဖူလုံအောင်ထုတ်လုပ်နိုင်ရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရန် ဆောင်ရွက်ပြီး နိုင်ငံ၏ စက်မှုလုပ်ငန်းတန်ဖိုး မြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော မောင်းနှင်အား

              မြန်မာနိုင်ငံသည် စားသုံးဆီဖူလုံရေးအတွက် လိုအပ်သောကုန်ကြမ်းနှင့် ထုတ်လုပ်မှု စွမ်းရည်နှစ်ခု စလုံးရှိနေသော်လည်း ယင်းစွမ်းရည်များကို အပြည့်အဝအသုံးချနိုင်ရန် စွမ်းအင်အခြေခံ အဆောက်အအုံနှင့် စက်မှု နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် လိုအပ်ပါသည်။ ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရတို့ပူးပေါင်း ဆောင်ရွက်ပါက ပြည်တွင်းစားသုံးဆီဖူလုံရေးကိုသာမက ပို့ကုန်တင်ပို့ မှုမှ တစ်ဆင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရေး ကိုပါ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းရ ပါသည်။ မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍသည် လက်ရှိတွင် ပြည်ပတင်သွင်းဆီအပေါ် မူတည်နေ သော်လည်း စားသုံးမှုပုံစံပြောင်းလဲလာခြင်းနှင့် နည်းပညာတိုးတက်မှု အလားအလာများ တိုးလာပါက တည်တံ့တည်မြဲ သော ဈေးကွက်တစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါသည်။

              ထို့ကြောင့် အနာဂတ်အလားအလာအတွက် အဓိကအချက်မှာ နိုင်ငံတွင်းထုတ်လုပ်မှု စွမ်းရည် တိုးချဲ့မှုနှင့် ကျန်းမာရေးအလေးပေးသော စားသုံးဆီဈေးကွက်ဖွံ့ဖြိုးမှုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စားသုံးဆီ ကဏ္ဍသည် အနာဂတ်တွင် နိုင်ငံ၏စီးပွားရေးအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ် ဖြစ်လာစေရန် အလားအလာ အပြည့်အဝရှိနေမည်ဖြစ်သည်မှာ ဧကန်အမှန်ပင် ဖြစ်ကြောင်း လေ့လာသိရှိသမျှအား ရေးသားတင်ပြလိုက်ရသည်။

DOCA(ပဲခူး)