Main menu

Supply Chain တစ်လျှောက် စီးပွားရေးအကျိုးအမြတ်များသည့် ငွေနှင်းမှို

Powered by Drupal
Thu, 05/07/2026 - 14:31 -- consumer_admin

 

ငွေနှင်းမှိုသည် စိုက်ပျိုးရလွယ်ကူသည့် မှိုတစ်မျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံး ထွက်ရှိသဖြင့် ငွေနှင်းမှိုစိုက်ပျိုးသူများအနေဖြင့် တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ စီးပွားဖြစ်စိုက်ပျိုးရန်အတွက် သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရန်အတွက်သော်လည်းကောင်း၊ စာဖတ်သူများ လေ့လာသိရှိစေရန် ရေးသားတင်ပြလိုက်ရပါသည်။

          ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ရန်အတွက် ရော်ဘာ၊ လွှစာမှုန့်၊ ထုံး၊ ထန်းလျက်ရည်၊ ဆားခါး၊ ဖွဲနု၊ ကုလားပဲခြမ်းမှုန့်တို့ကို အချိုးကျရောသမမွှေပြီး အလေးချိန် ၈၅ ကျပ်သား ခန့်ကို ပျိုးအိတ်ထဲသို့ ထည့်ကာ အပူချိန် ၁၀၀ဒီဂရီစင်တီဂရိတ်ရှိသည့် ပေါင်းဖိုထဲသို့ထည့်၍ ၄နာရီကြာကြာ ပေါင်းရပါသည်။ ပေါင်းဖို၌ တစ်ခါပေါင်းလျှင် ပျိုးအိတ်အထုပ်ရည် ၁၃၀၀ ပေါင်းနိုင်ကြောင်း သိရှိရသည်။ ပေါင်းဖိုမှ ထွက်လာသော ပျိုးအိတ်ထုပ်ထဲတွင် မှိုမျိုးတစ်ရှူးများထည့်၍ ဈေးကွက်အတွင်းသို့ တစ်ထုတ်လျှင် (၁၀၀၀) ကျပ်ဖြင့် တင်ပို့ရောင်းချသည်။

ပျိုးထုပ်တစ်ထုပ် ထုပ်လုပ်ရန် ကုန်ကျစရိတ်မှာ (၆၀၀) ကျပ် ကုန်ကျစရိတ်ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ပေါင်းဖိုတစ်ဖိုရှိ ပျိုးထုပ်ရေ (၁၃၀၀) အတွက် ကုန်ကျစရိတ်မှာ (၁၃၀၀x၆၀၀) (၇၈၀၀၀၀) ကျပ်ကုန်ကျပြီး ရောင်းဈေးမှာ တစ်ထုပ်လျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် (၁၃၀၀x၁၀၀၀) (၁၃၀၀၀၀၀) ကျပ်ရရှိရာ အမြတ် (၅၂၀၀၀၀) ကျပ်ရရှိသဖြင့် တွက်ချေကိုက်မှုရှိကြောင်း သိရှိရသည်။

မှိုစိုက်ခင်းများတွင် ပျိုးထုပ်များအား မှိုပွင့်ရန် လိုအပ်သော အပူချိန် စိုထိုင်းဆ လေဝင်လေထွက် အလင်းရောင် အနည်းငယ်ရှိသော မည်သည့်နေရာမဆိုထားရှိ စိုက်ပျိုးနိုင်ပါသည်။ တနိုင်တပိုင် အဖြစ်ရေချိုးခန်းများတွင် ချိတ်ဆွဲ၍သော်လည်းကောင်း၊ အိမ်ခြံဝင်း အတွင်း အေးသော အရိပ်အောက်တွင် ထားရှိ၍ သော်လည်းကောင်း၊ နေရောင် တိုက်ရိုက် ကျရောက်မှုလေပြင်း တိုက်ခိုက်မှု ပူပြင်းလွန်းသောနေရာ များနှင့် ကင်းလွတ်သောနေရာများတွင်နေရာ အခြေအနေပေါ် မူတည်၍ ချိတ်ဆွဲခြင်း၊ ထောင်ထား ခြင်း၊ လှဲ၍ စီထပ်ထားခြင်း၊ မှိုစိုက်ခန်း သီးသန့်ပြုလုပ်ခြင်းတို့ဖြင့် စိုက်ပျိုးနိုင်ပါသည်။

ငွေနှင်းမှို စိုက်ခန်းကို ပိုးသတ်ဆေး၊ မြေဩဇာသိုလှောင်ထားသော အခန်းတွင်း မပြုလုပ်သင့်ပါ။ စီးပွားဖြစ် တွက်ခြေကိုက်အောင် စိုက်ပျိုးလိုသူသည် မှို စိုက်ခန်းသီးသန့် ပြုလုပ် စိုက်ပျိုးသင့်ပါသည်။

မှိုစိုက်ခန်းကို စိုက်ထုပ် အရေအတွက်ပေါ် မူတည်၍ အကျိုးအမြတ်အား တွက်ချက်ဆောက် လုပ်သင့်ပါသည်။ စိုက်ခန်းအတွင်း အပူချိန်ကို ထိန်းချုပ်နိုင်ရန် အမိုးအကာ လုံအောင် ပြုလုပ်ရပါမည်။ လေဝင်လေထွက်ကောင်းစေရန်၊ အခန်းအတွင်း အပူချိန်ကို ထိန်းချုပ်ရန် အတွက် တံခါးများ၊ ပြတင်းပေါက်များ ပါရှိရပါမည်။ အခန်းအတွင်း စိုထိုင်းဆ မပြတ်ထိန်းရန်အတွက် အခင်းတွင် သဲခင်းထားပြီး ရေလောင်း၍ အမြဲစိုအောင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။

စိုက်ထုပ်မှငွေနှင်းမှိုအပွင့်ဖြစ်ပေါ်ရန်အတွက်လိုအပ်သောအပူချိန်မှာငွေနှင်းမှိုမျိုးကွဲအလိုက်အပူချိန် ၂၀-၂၈ ဒီဂရီ စင်တီဂရိတ်တွင် ဖြစ်သော်လည်း အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်တွင် မှိုပွင့်ကြီးထွားရန် အကောင်းဆုံး ဖြစ်ပါသည်။ အခန်းအတွင်း စိုထိုင်းဆမှာ ၈၀-၈၅ ရာခိုင်နှုန်းရှိရမည်။ အလင်းရောင် အသင့်အတင့် ရှိရမည်ဖြစ်ပြီး လေဝင် လေထွက်ကောင်းရန် လိုအပ်သည်။

စိုက်ခန်းအတွင်း စိုက်ထုပ်များ ထည့်သွင်းပြီးချိန်မှစ နှစ်ရက်မြောက်တွင် စိုက်ထုပ်များပေါ်သို့ ရေလောင်းပေးရပါမည်။ ရေလောင်းသည့်အခါ စိုက်ထုပ်များပေါ်သို့ ရေမှုန်ရေမွှားများသာ လောင်းပေးရပါမည်။ အခန်းအပူချိန်မြင့်ပါက အပူချိန် လျော့ချခြင်း အပြင် စိုက်ထုပ်များအပေါ်သို့ တစ်ရက် နှစ်ကြိမ်ရေလောင်းပေးရပါမည်။ သင့်တော်သော အပူချိန်နှင့် စိုထိုင်းဆရှိသော အခန်း အတွင်းတွင် မှိုစိုက်ထုပ်များမှ မှိုထုပ်များ ၃-၄ ရက် ကြာသောအခါ မှိုအဖူးများ စတင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ၂-၃ ရက်အကြာတွင် မှိုခူးရမည့် နေအထားသို့ရောက်မည် ဖြစ်ပါသည်။

          မှိုပျိုးထုပ် ၁၀၀၀ စိုက်ပျိုးထားသည့် စိုက်ခင်းများတွင် ပထမအကြိမ်ခူးဆွတ်ချိန်၌ ပိဿာ (၂၀) မှ (၂၅) ပိဿာထိလည်းကောင်း၊ တစ်ပတ်ကြာလျှင် ဒုတိယအကြိမ် ခူးဆွတ်ချိန်၌ ပိဿာ (၂၀) ထိလည်းကောင်း စသည်ဖြင့် တစ်ပတ်ခြား တစ်ကြိမ်ခူးဆွတ်ပြီး  တဖြည်းဖြည်းအထွက်နှုန်းနည်းလာကြောင်း၊ တစ်နှစ်ပတ်လုံးခူးဆွတ်ရကြောင်း သိရှိရသည်။ မှိုတစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် လက်ကားရောင်းချကြောင်း လက်လီအနေဖြင့် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရသည်။

          ငွေနှင်းမှိုမှ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် မျက်နှာသစ်ဆပ်ပြာခဲ၊ ခေါင်းလျော်ရည်၊ ရေချိုးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ စားသောက်ကုန်များဖြစ်သည့်မှိုဘာလချောင်ကြော်၊ မှိုသနပ်၊ မှိုဆန်ပြုတ်၊ မှိုဟင်းခါး စသည့်တို့ ထုတ်လုပ်ရောင်းချကြောင်း၊ ကုန်အမှာများ လက်ခံရရှိပါက မြန်မာပြည်အနှံသို့တင်ပို့ခြင်း၊ ကုန်စည်ပြပွဲများသို့ သွားရောက်ပြသကြောင်း မှိုစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်မှပြောကြားခဲ့သည်။

          သို့ဖြစ်ပါ၍ ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ခြင်းသည် ပျိုးထုပ်ပြုလုပ်ခြင်း၊ မှိုစိုက်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း စသည့် Supply Chain တစ်လျှောက် အဆင့်ဆင့် တွက်ချေကိုက်မှုရှိသဖြင့် ငွေနှင်းမှိုများအား စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးသင့်ပါသည်။

ကိုးကား- စိုက်ပျိုးနည်း (အစိမ်းရောင်လမ်း)

ပျိုးပင်ထုတ်လုပ်မှု၊ မှိုထုတ်လုပ်မှုတို့အား “JJY” မှိုစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

DOCA (မွန်)