
နေ့စဉ် လူနေမှုဘဝမှာ ပလစ်စတစ်အစားထိုး သုံးစွဲနိုင်သော သဘာဝပစ္စည်းနှင့်ပြန်လည် အသုံးပြုနိုင်သော ပစ္စည်းများစွာရှိပါသည်။ ဈေးဝယ်ရာတွင် ပလစ်စတစ်အိတ်အစား ခိုင်ခံ့သော ပိတ်စအိတ်များကို အကြိမ်ကြိမ် ပြန်လည်လျှော်ဖွတ်ပြီး အသုံးပြုနိုင်ခြင်း၊ ပလစ်စတစ် မဟုတ်သော ဝါးခြင်း (သို့မဟုတ်) လက်ယက်ခြင်း၊ တောင်းများကို အသုံးပြုခြင်းသည် မြန်မာ့ ရိုးရာဖြင့်လည်း ကိုက်ညီစေပါသည်။
အစားအသောက်ထုတ်ပိုးရန်အတွက် ငှက်ပျောဖက်၊ အင်ဖက်စသော သဘာဝဖတ်များကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ စားသောက်ဆိုင်များမှ အစားအသောက်များ (ပါဆယ်) ဝယ်ယူမည် ဆိုပါက ပလစ်စတစ်ဗူးအစား စတီးလ်ချိုင့် (သို့မဟုတ်)ဖန်ဗူးများကို မိမိတို့အိမ်မှ အသင့်ယူဆောင်၍ အသုံးပြုမည်ဆိုပါက အစားအသောက်ထုပ်ပိုးရန်အတွက် အကောင်းဆုံးနှင့် အန္တရာယ် အကင်းဆုံး ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု
ပလစ်စတစ်ကို လိုသည်ထက်ပို၍ ဆက်လက်သုံးစွဲနေမည်ဆိုပါက သဘာဝပတ်ဝန်းကျင် နှင့် ကျန်းမာရေးအပေါ်မှာ ရေရှည်ဆိုးကျိုးများ သက်ရောက်လာနိုင်ပါကြောင်း၊ ပလတ်စတစ် သည် ဆွေးမြည့်ရာတွင် နှစ်ပေါင်းရာချီကြာတက်သောကြောင့် မြေကြီးထဲတွင် စုပုံလာပြီး မြေဆီလွှာ၏ အရည်အသွေးကို ပျက်စီးစေနိုင်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက် စေနိုင်ကြောင်း၊ ထို့ပြင် ပလစ်စတစ်အမှိုက်များသည် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့ ရောက်ရှိသွားပါက ရေထုကို ညစ်ညစ်စေသလို ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ခြိမ်းခြောက်နေပါကြောင်း၊ ပလတ်စတစ်အမှိုက်များကို မီးရှို့ဖျက်စီးသည့်အခါ ထွက်လာသော အဆိပ်ငွေ့များသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပါသည်။
တစ်ခါသုံး ပစ္စည်းများအစား အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်သော သဘာဝပစ္စည်းများကို ဦးစားပေးရွေးချယ်ခြင်းက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)
