Main menu

​​​​​​​နွေရာသီကာလတွင် အချဉ်ဓာတ်ပါသော အသီးဖျော်ရည်များသောက်သုံးပေးသင့်

Powered by Drupal
Mon, 05/04/2026 - 13:58 -- consumer_admin

             လူသားတို့သည် ကျန်းမာစွာဖြင့် အသက်ရှင် နေထိုင်နိုင်ရန်အတွက် (ချို၊ချဉ်၊ဖန်၊ငန်၊စပ်၊ခါး) ဟူသော အရသာ(၆) ပါး ကို သင့်တင် မျှတစွာ စားသုံးရန် လိုအပ်ပါသည်။ထိုထဲတွင် အချဉ်အရသာ ရှိသည့် အက်စစ်ဓာတ်ပါဝင်သော ရှောက်သီး၊သံပုရာသီးသည် ဟင်းလျာများ၊ အခြားသော အစား  အသောက်များနှင့် ဖျော်ရည်များတွင် အလျဉ်းသင့်သလို ပါဝင်သော အရာ တစ်ခု ဖြစ်ပါသည်။ ယခု ကဲ့သို့ နွေရာသီ၏ ပူပြင်းခြောက်သွေ့သော ဆောင်းအကုန်နွေအကူးကာလတွင် လူသားများ၏ ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ဓာတ်ခွန်အားကျဆင်းမှုများကို ပြန်လည်ကုစားပေးရန်နှင့် အားအင်သစ်များ ပြန်လည်ပြည့်ဝလာစေရန် သံပုရာရည် ၊ ရှောက်ပျားရည်ကဲ့သို့သော ဖျော်ရည်များကို သောက်သုံးပေး သင့်ပါသည်။

          သံပုရာသီးတွင် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဓာတ်သတ္တုများ ပါဝင်ပါသည်။ သံပုရာသီးတွင် Vitamin-C ၊ Citric acid ၊  Hesperetin ၊    flavanones   စသော ဓာတ်များ ပါဝင်ပါသည်။ သံပုရာသီး တစ်လုံးလျှင် Vitamin-C (၁၉) မီလီဂရမ်ခန့်  ပါဝင်ပါသည်။ Vitamin-C သည် နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်ပါသည်။ ကြွက်သား ၊အရွက်၊ အရေပြားနဲ့ ကိုယ်တွင်း အင်္ဂါများ သန်စွမ်းလာစေရန်အတွက် တစ်ရှူးတစ်မျိုးဖြစ်သော Collagen ဓာတ်ကိုလည်း Vitamin- C က ဖြည့်ဆည်းပေးနိုင်စွမ်းရှိပါသည်။ ထို့ပြင် သံပုရာသီးတွင် ပါဝင်သော  Citric acid သည်လည်း ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေပါသည်။ သံပုရာရည်တစ်ခွက်ကို သောက်သုံးလိုက်မည်ဆိုလျှင် သင်၏ ဆီးထဲတွင်ရှိသော Citric acid ပမာဏ မြင့်တက်လာပြီး ယခုကဲ့သို့ မြင့်တက်လာပြီး ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး၊ ကျောက်အသေးလေး များကို ကြေသွားစေနိုင်ပါသည်။

          Flavanones သည် သွေးပေါင်ချိန်နှင့် သွေးတွင်း အဆီပမာဏ ကိုလည်း လျောချ ပေးနိုင်ပြီး၊နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို ကျဆင်းစေနိုင်ပါသည်။ ထို့ပြင် ဆီးချို ရောဂါ ဝေဒနာကို လည်း ကုသပေးနိုင်ပါသည်။

          သံပုရာရည်တွင် ပါဝင်သော အက်စစ်သည် အစာအိမ်နှင့် အူလမ်းကြောင်းကိုလည်း ဒုက္ခပေးနိုင်သည့် အတွက် အလွန်အကျွံ မသောက်သုံး မိစေရန်အတွက်လည်း သတိပြုရပေမည်။ သံပုရာရည်သောက်သုံးပြီးတိုင်း အာလုတ်ကျင်းရန်နှင့်  သောက်သုံးပြီး (၁) နာရီအတွင်း သွားတိုက်ခြင်း ကိုလည်း ရှောင်ကြဉ်ပေးရမည် ဖြစ်ပါသည်။

          ပူပြင်းခြောက်သွေ့သော နွေရာသီ အခါသမယတွင် ရွက်ဟောင်းတို့ကြွေသော သဘာဝအလှ သည်လည်း ကြည့်တက်လျှင် သာယာဖွယ်ကောင်းပြီး၊ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းပုံတို့ကို မြင်ရမည် ဖြစ်ပါသည်။ ထိုအချိန်အခါတွင် နွေရာသီ အခါ၏ သဘာဝအလှကို ပြည်ပြည်ဝဝ ခံစားနိုင်စေရန် အေးမြမြ၊ ပြင်းရှရှ သံပုရာရည် တစ်ခွက်ကို စိတ်လိုလက်ရ သောက်ရင်း သဘာဝအရသာကို စီးမျောခံစားခြင်းဖြင့် နွေရာသီ၏ ပတ်ဝန်းကျင်သဘာဝအလှတရားများသည် ပိုမိုသက်ဝင် နေမည်ဖြစ်ပြီး၊ မိမိတို့၏ အရေးကိစ္စများချော့မွေ့ အဆင်ပြေစွာဆောင်ရွက်နိုင်စေရန် ကျန်းမာရေးသည် အဓိကကျသော အခန်းပါဝင်နေသည့်အတွက်   အခါအားလျော်စွာ အချဉ်ဓာတ်ပါသော အသီးဖျော်ရည်များ သောက်သုံးပေးသင့်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

DOCA(ပဲခူး)