
ဒန့်ဒလွန်ပင်၏ အရွက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းဆေးများတွင် အသုံးပြုခဲ့ကြသည်။ ဒန့်ဒလွန်ပင်၏ပင်စည်သည် အဖြူရောင်ဖြစ်ပြီး ကျွတ်ဆက်သည့်အကိုင်းအလက်များနှင့် ဘဲဥပုံ အစိမ်းရောင်အရွက်များပါရှိပါသည်။ ဒန့်ဒလွန်ရွက်တွင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဘီတာကယ်လ်ရိုတင်း၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်အစရှိသည့် အာဟာရဓာတ်များစွာပါဝင်ပါသည်။ ဒန့်ဒလွန်တွင် မှိုပိုးကိုသေစေနိုင်သည့်အာနိသင်ရှိသလို ရောဂါပိုးများကိုတိုက်ဖျတ်ပေးနိုင်သည့် အစွမ်းရှိသည့်အပြင် ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်သည့် အစွမ်းလည်းရှိပါသည်။ဒန့်ဒလွန်ရွက်တွင်ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့်ပရိုတင်းဖြစ်ပေါ်မှုအတွက်အသုံးဝင်သည့်အမိုင်နိုအက်ဆစ်(၁၈)မျိုးပါဝင်ပြီး ကိုယ်ခန္ဓာ၏ လုပ်ငန်းစဉ်များ ပုံမှန်လည်ပတ်နိုင်ရန် လည်းအထောက်အကူပြုပါသည်။ ဒန့်ဒလွန်ရွက်သည် အနာဖြစ်ခြင်း၊ အပူလောင်ခြင်း၊ ပြတ်ရှဒဏ်ရာများနှင့် အသေးစားဒဏ်ရာများကိုလည်းသက်သာစေနိုင်ပြီး အနာကျက်လည်းမြန်စေ ပါသည်။ နို့တိုက်မိခင်များအတွက်လည်း ဒန့်ဒလွန်ရွက်ကိုစားသုံးပေးခြင်းဖြင့် နို့ထွက်အား ကောင်းစေပါသည်။ အဆီများကိုလောင်ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ကိုကျစ်လျစ်သွယ်လျစေသည့် အစွမ်းလည်းရှိပြီး နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ချပေးသလို အခြားနှလုံးသွေးကြောရောဂါများ ခံစားရနိုင်ခြေကိုလျော့ချရာတွင်လည်းအထောက်အကူပြုပါသည်။ ဒန့်ဒလွန်ရွက်သည် ဆီးချိုရောဂါကိုထိန်းချုပ်ပေးနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်းလျော့ချပေးနိုင်ပြီး အရေပြားကိုအားဖြည့်ပေးနိုင်သည့် ဓါတ်တိုးဆန့်ကျင်ပစ္စည်း အမျိုး(၃၀)လောက်ပါဝင်ပါသည်။ ဒန့်ဒလွန်ရွက်သည် အစာကျေလွယ်ပြီး အစာချေဖျတ်မှုကိုကောင်းမွန်စေခြင်း၊ အဆိပ်ပြေစေခြင်း၊ စွမ်းအင်ပြည့်ဝစေခြင်း၊ ဝက်ခြံနှင့်ဆားဝက်ခြံများကိုသက်သာစေနိုင်ခြင်း၊ ကူးစက်ရောဂါများကို တိုက်ဖျတ်စေနိုင်ခြင်း၊ အသည်းကျန်းမာစေခြင်း၊ အရိုးကျန်းမာသန်စွမ်းစေခြင်း၊ ကျောက်တည်ခြင်းမှကာကွယ်ပေးခြင်း၊ ကျောက်ကပ်ရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း၊ သွေးတိုးကျစေခြင်း၊ မျက်လုံးကျန်းမာစေခြင်း၊ သွေးအားနည်းရောဂါကိုသက်သာစေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်သိသည့်အတွက် ဒန့်ဒလွန်ရွက်ကိုစားသုံးပေးသင့်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
