Main menu

ဗီယက်နမ်နိုင်ငံ၊ Son La ဒေသထွက် အာရေးဗီးကားကော်ဖီ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်

Powered by Drupal

     ဗီယက်နမ်နိုင်ငံ၊ Son La ပြည်နယ်သည် ၎င်းဒေသထွက် အာရေးဗီးကားကော်ဖီကို ကမ္ဘာ့ အသိအမှတ်ပြု အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်ရန် ရေရှည်တည်တံ့ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် တန်ဖိုးမြင့်ရေးကို အလေးထား ကာ ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

     Son La ပြည်နယ် ပြည်သူ့ကော်မတီသည် Son La ဒေသထွက် အာရေးဗီးကားကော်ဖီ ဖွံ့ဖြိုး တိုးတက်ရေး လမ်းညွှန်ချက်များအား ၂၀-၄-၂၀၂၆ ရက်နေ့တွင် ကျင်းပသည့် ညီလာခံ၌ ဆွေးနွေး ခဲ့သည်။ Son La ပြည်နယ် ပြည်သူ့ကော်မတီဥက္ကဋ္ဌ Nguyn Đình Vitက ပြည်နယ်အနေဖြင့် ကော်ဖီလုပ်ငန်းကို ရေရှည်တည်တံ့၍ ဂေဟစနစ် သဟဇာတဖြစ်သော အရည် အသွေးမြင့် လမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်စေပြီး အထူးထုတ်ကုန်တစ်ခု ဖန်တီးရန် ရည်မှန်းထားကြောင်း အလေးပေးပြောကြားခဲ့သည်။

     အဆိုပါမဟာဗျူဟာသည် စျေးကွက်ဗဟိုပြု ချဉ်းကပ်မှုကို အဓိကထားပြီး အရည် အသွေး နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို အဓိက စံနှုန်းများအဖြစ် သတ်မှတ်ကာ Son La ပြည်နယ်ထွက် အာရေးဗီးကားကော်ဖီကို ကမ္ဘာ့ကော်ဖီမြေပုံပေါ်တွင် အသိအမှတ်ပြု အမှတ် တံဆိပ်တစ်ခု အဖြစ် တဖြည်းဖြည်း ရပ်တည်လာစေရန် ရည်ရွယ်သည်။

    Son La ပြည်နယ် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ အစီရင်ခံစာအရ အဆိုပါ ပြည်နယ်တွင် အာရေးဗီးကားကော်ဖီ စိုက်ဧက ၂၆,၁၂၀ ခန့်ရှိပြီး ယခင်နှစ်ကုန်တွင် ကော်ဖီ စိမ်း စေ့ တန်ချိန် ၃၇,၇၂၄ ခန့် ထွက်ရှိခဲ့ကြောင်း သိရှိရသည်။ ကော်ဖီတင်ပို့မှုသည် တန်ချိန် ၂၇,၈၀၀ ခန့်ရှိပြီး အမေရိကန်ဒေါ်လာ ၁၁၂.၃၈ သန်း တန်ဖိုးရှိ ကြောင်း၊ Son La ကော်ဖီထွက်ကုန် များသည် ယခုအခါ ဥရောပသမဂ္ဂ၊ မြောက်အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဂျပန်၊ တောင် ကိုရီးယားနှင့် အာဆီယံကဲ့သို့သော ဝယ်လိုအားများသည့် ဈေးကွက်များသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ထုတ်လုပ်မှုပမာဏ ချဲ့ထွင်ခြင်းအပြင် Son La ပြည်နယ်သည် ကော်ဖီ ကုန်ကြမ်းများ၏ အရည်အသွေးမြှင့်တင်ရေးအပိုင်းကိုလည်း ဂရုပြု ဆောင်ရွက်လျက်ရှိသည်။

    လက်ရှိတွင် ကော်ဖီစိုက်ခင်း ဟက်တာ ၂၃,၄၄၈ သည် ရေရှည်တည်တံ့သော အသိ အမှတ်ပြု လက်မှတ်များ ရရှိထားပြီး တရားဝင်အသိအမှတ်ပြု အထွက်နှုန်းမှာ တစ်နှစ်လျှင် ကော်ဖီစိမ်း အစေ့တန်ချိန် ၂၈,၀၀၀ ကျော်ရှိကြောင်း၊ ဗီယက်နမ် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့် ကောင်းများ (Vietnamese Good Agricultural Practices – VietGAP) စံနှုန်းဖြင့် အသိ အမှတ်ပြုခံရသည့် ဧရိယာမှာ ဟက်တာ ၁၄၁ ရှိကြောင်း၊ Son La ပြည်နယ်တွင် (One Country One Priority Product – OCOP) အစီအစဉ်အရ အသိအမှတ်ပြုခံရသော ကော်ဖီထုတ်ကုန် ငါးမျိုးရှိပြီး ၎င်းတို့ တွင် ကြယ်ငါးပွင့်ထုတ်ကုန် တစ်မျိုးလည်း ပါဝင်ကြောင်း သိရှိရသည်။

    ၂၀၂၆-၂၀၃၅ ကာလအတွက် အဓိက ဦးစားပေးများထဲမှ တစ်ခုမှာ အနောက်မြောက် ဒေသရှိ တိုင်းရင်းသားလူမှုအသိုင်းအဝိုင်းများ၏ မြေယာ၊ လူမျိုးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင် လက္ခဏာတို့နှင့် ဆက်စပ်လျက် Son La အာရေးဗီးကား အမှတ်တံဆိပ် ကို တည်ဆောက်ပြီး အခိုင်အမာ မြှင့်တင်ရန်ဖြစ်ကြောင်း၊ Son La ပြည်နယ် ၏ ကော်ဖီလုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရပ်တည်မှုကို ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက် များတွင် တဖြည်းဖြည်း မြှင့်တင်သွားရန် ရည်ရွယ်ကြောင်း သိရှိရသည်။

     ဒုတိယအကြိမ် Son La ကော်ဖီပွဲတော်(၂၀၂၆) ကို ယခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ တွင် စတင်ကျင်းပရန် မျှော်မှန်းထားကြောင်း၊ အဆိုပါပွဲတော်သည် ကုန်သွယ်မှု မြှင့်တင်ရေး၊ စီးပွားရေး ချိတ်ဆက်မှု၊ ခရီးသွားလာရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ချိတ်ဆက် ကျင်းပ သွားမည် ဖြစ်ပြီး ထုတ်လုပ်သူများ၊ ကော်ဖီလုပ်ငန်းရှင်များ၊ တင်ပို့သူများနှင့် နိုင်ငံတကာမှ ကော်ဖီ တင်သွင်းသူများ တွေ့ဆုံနိုင်မည့်နေရာ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

    ၂၀၃၀ ခုနှစ်အထိ ဖွံ့ဖြိုးရေးလမ်းညွှန်ချက်နှင့် ၂၀၃၅ ခုနှစ် မျှော်မှန်းချက်တို့အရ Son La ပြည်နယ်သည် ကော်ဖီစိုက်ဧက ဟက်တာ ၃၅,၀၀၀ ခန့် ထိန်းသိမ်းရန် စီစဉ်ထားပြီး၊ အရေ အတွက် တိုးချဲ့ခြင်းထက် အရည်အသွေး မြှင့်တင်ခြင်းကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ထုတ်လုပ်မှုကို သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ပေါင်းစပ်၍ ရာသီဥတု ပြောင်းလဲ မှုနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ကာ နိုင်ငံတကာ စံနှုန်းများ အထူးသဖြင့် ပို့ကုန် ဈေးကွက်များမှ လိုအပ်ချက်အသစ်များနှင့် ကိုက်ညီစေမည် ဖြစ်ကြောင်း သိရှိ ရသည်။

    Son La ပြည်နယ် ပြည်သူ့ကော်မတီ ဥက္ကဋ္ဌကလည်း Son La သည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သော ထိပ်တန်းအဆင့် အာရေးဗီးကားထုတ်ကုန်များ ထုတ်လုပ်နိုင်စွမ်းရှိသည့် အရည် အသွေးမြင့် ကော်ဖီဒေသတစ်ခုကို တည်ဆောက်ရန် ရည်မှန်းထားကြောင်း သိရှိရသည်။

 Source: VietNam News, 21 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)