Main menu

သဘာဝနေလောင်ကာမြန်မာ့ရိုးရာသနပ်ခါးအကြောင်း

Powered by Drupal
Tue, 04/21/2026 - 11:38 -- consumer_admin

                     သနပ်ခါးသည် မြန်မာအမျိုးသမီးများ အစဉ်အဆက်သုံးစွဲခဲ့ကြသည့် ရိုးရာအလှပြင်ပစ္စည်း တစ်မျိုးဖြစ်သည်။ တစ်နည်းဆိုသော် သနပ်ခါးသည် မြန်မာအမျိုးသမီးများ၏ မူပိုင်ဖြစ်သည်။ အမျိုးသားတချို့လည်း သနပ်ခါးကို နှစ်သက်စွာလိမ်းကြသည်။ ရှေးမြန်မာခေတ်များကပင် သနပ်ခါးကို မြန်မာ့ရိုးရာအလှကုန်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြသည်။

             မြန်မာနိုင်ငံ၏ သနပ်ခါးအမျိုးစားထဲတွင် ရှင်မတောင်သနပ်ခါးနှင့် ရွှေဘိုသနပ်ခါးတို့သည် နာမည်ကြီးလှပေသည်။ သနပ်ခါးနှင့် ဓာတ်မတည့်သူ မရှိသလောက်ရှားပါးသည်။ ရှေးမြန်မာအညာ ကျေးလက်တောသူလေးများ၏ ဓလေ့တစ်ခုရှိပါသည်။ သနပ်ခါးကို လက်ကလေးဖြင့် သပ်ယူကာ နဖူးပေါ်ကိုတင်၍ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ညာဘက်ပါးပေါ်တင်ကာ ဓမ္မံသရဏံဂစ္ဆာမိ၊ ဘယ်ဘက်ပါး ပေါ်တင်ကာ သံဃံသရဏံဂစ္ဆာမိဟုဆိုကာ သနပ်ခါးလိမ်းရင်း သရဏဂုံ တည်ဆောက်ကြသည်။ “မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေရှိတာ“မြန်မာမိန်းကလေးတိုင်း သနပ်ခါးကို မြတ်မြတ်နိုးနိုးလိမ်းကြတယ်၊ မြန်မာအမျိုးသမီးများ အသားအရေလှတာဟာ သနပ်ခါးကြောင့်ဖြစ်သည်။ “သနပ်ခါးလူးထားရင် လူကလန်းဆန်းပြီး အသားအရည် အေးမြစေ ပါတယ်။ သနပ်ခါးနံ့က စိတ်ကြည်တယ် ဒါကြောင့် သနပ်ခါးကိုအမြဲလူးတယ်။

              သနပ်ခါး လူးလေ့ရှိသူအများစုက သနပ်ခါးကောင်းကြောင်း အမွှမ်းတင်ပြောသည့် စကားသံများကို အမြဲလိုလို ကြားရပါတယ်။ ဓါတုဆေးပါသော အသားဖြူခရင်(မ်)တွေကို လိမ်းမည့်အစား ရှေးထုံးမပျက် မြန်မာ့ရိုးရာ သနပ်ခါးအေးအေးမွှေးမွှေးလေးကို ကိုယ်တိုင်သွေး လိမ်းပြီး အလှဆင်သင့်သည်။ သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း အရာတော်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြောင်းနှင့် သနပ်ခါးပင်များသည် ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း ဈေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါးခင်းများကို အပင်သက် တမ်းငါးနှစ်မှ ခြောက်နှစ်အတွင်း စတင်ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးပင် တစ်ပင်ရရှိရန် သက်တမ်း ၃၅ နှစ် ကြာမြင့်ကြောင်း လေ့လာသိရသည်။

သနပ်ခါးပင်၏ တန်ဖိုးသည် အခေါက်နှင့်အပွေးဖြစ်သည်။ “အပွေးမြင် အပင်သိ ဟူသော ဆိုရိုးစကားရှိလေသည်။ အပင်အမြင့် မည်မျှရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးတတ်သလို တာရှည်လည်း အသွေးမခံတော့ပေ။ အပင်တုတ်ခိုင်ခြင်း မတုတ်ခိုင်ခြင်းထက်၊ အပွေး၏ အရောင်အသွေးနှင့် သူ၏အထူကိုကြည့်ပါ။ သနပ်ခါးအပွေးများမှာ ကြေးနီရောင်အပွေး၊ ဥသျှစ်ပွေး၊ ဂုံးပွေးဟူ၍ သုံးမျိုးရှိရာ ကြေးနီရောင်အပွေးမှာ လက်ချောင်းကလေးများလို အခေါက်များ အမြောင်းလိုက်ကြွနေပြီး အပွေးမှာမာကျော၍ ကြေးနီရောင် သို့မဟုတ် ပုစွန်ဆီရောင်ရှိသည့် ပထမ တန်းစားအပွေးဖြစ်သည်။ ဥသျှစ်မှည့်ခြောက်ရောင် အပွေးခေါက်မှာပြားကပ်ပြီး အပွေးအသင့် အတင့်ထူ၍၊ ဂုံးပွေးမှာ အဖြူရောင် အခေါက်ပါး၊ အပွေးလည်းပါးပြီး ပွယောင်းသော အညံ့စား သနပ်ခါးဖြစ်သည်။ လက်သည်းဖြင့် အပွေးကိုအသာဖိဆိတ်ကြည့်ပါ၊ လက်သည်းနစ်ဝင်သွားပါက အခေါက်သားနု၍ မဝယ်ပါနှင့်။ လက်ဖြင့် ကိုင်ဆကြည့်ပါက ပေါ့လွန်းနေလျှင် ပြန်ချထားလိုက်ပါ။ ယင်းအတုံးသည် အသားကျစ်မှုနည်းခြင်း၊ ခုတ်ဖြတ်ထားသည့် အချိန်ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှရေဓာတ် ခန်းသွားပြီး အလေးချိန်ပေါ့နေခြင်းဖြစ်သည်။ သက်တမ်းရင့်အပင်က အသားကျစ် သိပ်မှုကြောင့် သနပ်ခါးကအသားအရေအတွက် ကောင်းတယ် ဆိုတာကို သိပ်ပြောစရာတောင် လိုမယ်မထင်ပါဘူး။ နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရေကျဲလေး လူးပေးတာက အသားအေးသွားစေပါတယ်။ နေရောင် ခြည်ကြောင့် အသားအရေ နေလောင်တာတွေကိုလည်း သနပ်ခါးလူးပေးရင် သက်သာစေပါတယ်။ ခန္ဓာကိုယ်မှာ အပူဖုတွေ မိတ်ဖုတွေ ထွက်တဲ့အခါမျိုးမှာ လည်း သနပ်ခါးလေး အုံထားလိုက် သက်သာပါတယ်။ သနပ်ခါးကအရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးပါ။

          အရေပြား အစိုဓာတ်ကိုလည်း ထိန်းပေးပါသေးတယ်။ သနပ်ခါးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ များစွာ ပါဝင်နေပါတယ်။ သနပ်ခါးအပွေးက ရောင်ရမ်းမှုကိုလျော့ပါး သက်သာစေနိုင်တဲ့ အစွမ်း ရှိတာကြောင့် မျက်နှာအသားအရေကို နုပျိုစေပါတယ်။ ဝက်ခြံထွက်နေတဲ့သူတွေ အနေနဲ့လည်း သနပ်ခါးကို လူးပေးလို့ရပါတယ်။ သနပ်ခါးက ဝက်ခြံတွေကို သက်သာစေနိုင်သလို ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ သနပ်ခါးရဲ့ အေးမြမှုနဲ့ မွှေးရနံ့က ကိုယ်ရောစိတ်ပါ ကြည်လင်စေပါတယ်။ ရေချိုးပြီး သနပ်ခါးအေးအေးလေး လူးလိုက်တာက ပင်ပန်းမှုတွေကို ပြေလျော့ စေပါတယ်။ အသေးစား ထိခိုက်ရှနာ ဒဏ်ရာတွေကိုလည်း သနပ်ခါး လူးပေးလို့ရပါတယ်။ အသားဖြူချင် သူတွေ အတွက်လည်း သနပ်ခါးက ဘေးဥပါဒ် မရှိတဲ့ ဆေးတစ်မျိုးပါ။ ဆီပူလောင်၊ ရေနွေးပူ လောင်တာ တွေ။ အရေပြား ယားယံတာတွေအတွက်လည်း သနပ်ခါးက အသုံးတည့်ပါတယ်။ သနပ်ခါးအမြစ်တုံးကို သွေးလူးပေးမယ်ဆိုရင် အသားချောပြီး ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ သနပ်ခါးက နေလောင်ဒဏ်ကို အပြည့်အဝကာကွယ်ပေးပါတယ်။ သနပ်ခါးကအရွက် ကနေစလို့ အမြစ် အထိ အသုံးတည့်တဲ့ အပင် တစ်မျိုးပါ။ သနပ်ခါးအရွက်နဲ့ အပွေးမှာ ကင်ဆာကာကွယ်နိုင်တဲ့ အာနိသင်တွေ ပိုင်ဆိုင် ထားပါတယ်။ အမြစ်ကလည်း အော့အန်တာ၊ ဝမ်းကိုက်တာနဲ့ လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။ အသီးပြုတ်ရည်ကို ပိုးကောင်တွေ ကိုက်ခံရတဲ့နေရာမှာ ဆွတ်ပေးရင် အဆိပ် ပြေစေနိုင်ပါတယ်။ ငှက်ဖျားရောဂါ၊ အနာကြီးရောဂါတွေ အတွက်လည်း သနပ်ခါးပင်ရဲ့ အရွက်ကို အသုံးပြုကြပါတယ်။ သနပ်ခါးက အရေပြားမှိုပိုးဝင်တာကို သက်သာစေနိုင်သလို အရေပြားပြဿနာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အစွမ်းရှိသော သဘာဝနေလောင်ကာ မြန်မာ့ ရိုးရာသနပ်ခါးအကြောင်း လေ့လာသိရှိသမျှ ရေးသားလိုက်ပါတယ်။

Doca(မန္တလေး)