Main menu

အစာလည်းဆေး ဆေးလည်းအစာဖြစ်သော ဆေးဖက်ဝင်ရဲယိုပင်

Powered by Drupal
Mon, 04/20/2026 - 11:27 -- consumer_admin

                ရဲယိုပင်သည် မြန်မာပြည်အနှံ့တွင် ပေါက်ရောက်ပြီး မြစ်ချောင်းအင်းအိုင်များ၊ ကမ်းရိုးတန်း များတွင် သဘာဝအတိုင်း ပေါက်ရောက်သည်ကိုလည်းတွေ့ရှိရပါသည်။ ရှေးယခင်က အိမ်တိုင်းနီးပါးတွင် ရဲယိုပင်ရှိပြီး ရှေးလူကြီးများသည် ရဲယိုသီးနှင့် ရဲယိုရွက်ကို သဘာဝဆေးစာအဖြစ် စားသုံးခဲ့ကြသည်။ ရှေးလူကြီးများသည် ရဲယိုရွက်ကို ငါးဖြင့်ပေါင်း၍ ငါးထုတ်ပေါင်းအဖြစ် လည်းကောင်း၊ ပါးပါးလှီးပြီး ကြက်ဥ နှင့် ကြော်ခြင်း ၊  ဆန်းနှစ် ၊ ဂေါ်ဖီ ၊ ကန်စွန်းရွက် ၊ ငှက်ပျောဖူး ၊ မျှစ် ၊ မှို ၊ ကြက်သား၊ ငါး စသဖြင့် ဟင်းထုပ် ထုပ်စား၍လည်းရကြောင်း၊ ရဲယိုရွက် ကို ပြုတ်ပြီး တို့စရာအဖြစ်လည်းကောင်း၊ ပြုတ်ပြီးသာ ရဲယိုရွက်ကို ပါးပါးလှီးကာ ဆီချက် ၊ ပဲမုန့်ကျက် ၊ မြေပဲဆံ နှင့် ရောသုပ်ပြီး သံပုရာသီး ညှစ်၍ စားပါက အရမ်းစားကောင်းသည့် အသုပ်တစ်မျိုးရပါသည်။

             ရဲယိုသီးနှင့် ရဲယိုရွက်တို့ကို ဆေးဖက်ဝင်သော သဘာဝဆေးအစာအဖြစ် ရှေးယခင်က တည်းက လူအများ လက်ခံစားသုံးလာခဲ့ကြသည်။ ရဲယိုရွက်သာမက ရဲယိုသီးကိုလည်းဆေးအဖြစ် စားသုံးနိုင်ပါသည်။ ရဲယိုရွက်သည် အဆစ်နာခြင်း၊ အဆစ်ရောင်ခြင်းတို့ကိုလည်း သက်သာပျောက် ကင်းစေနိုင်ပါသည်။ ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကြပ်ရောဂါရှိသူများအနေဖြင့် ရဲယိုသီးကို ပျားရည်နှင့်‌ ခေါက်၍စားသုံးပေးပါက သက်သာပျောက်ကင်းစေပါသည်။ ရဲယိုသီးအမှည့်ကို ထန်းလျက်ခဲနှင့်နယ်၍စားပါက မီးယပ်ချုပ်သူများအတွက် မီးယပ်သွေးကို ပုံမှန်ဆင်းစေပါသည်။ ထို့ပြင် ဝမ်းဖော၊ ဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ အစာမကြေရောဂါများကို သက်သာပျောက်ကင်း စေကာ ရင်ချောင်စေပါသည်။ လေထိုးလေအောင့်နှင့် သွေးတက်ရောဂါရှိသူများအနေဖြင့် ရဲယိုသီးနုနု ကိုပြုတ်၍ သုပ်စားပါက သက်သာပျောက်ကင်းစေပါသည်။ ရဲယိုသီးသည် သွားနှင့်သွားဖုံး ရောဂါများကို လည်းသက်သာစေနိုင်ပြီး ရဲယိုသီးမမှည့်တမှည့်တစ်လုံးကိုမီးဖုတ်ပြီး ဆားနှင့်ရောနယ် စားပါက သွားဖုံးရောင်ခြင်းကို သက်သာစေနိုင်ပါသည်။ ရဲယိုသီးကိုစားသုံးခြင်းဖြင့် သွေးကြောများကို ကျယ်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါသည်။ ရဲယိုရွက်နှင့် ရဲယိုသီးကို ကျန်းမာရေးအတွက် စားသုံးပေးခြင်းသာမက ရဲယိုသီး ကိုလည်း ဖျော်ရည်အဖြစ်လည်း ဆေးဖြစ်ဝါးဖြစ် သောက်သုံးနိုင် ပါသည်။ အချုပ်အားဖြင့်ဆိုသော် ရဲယိုရွက်နှင့် ရဲယိုသီးတို့သည်ခါး၍ ပူစပ်စပ်အရသာရှိသဖြင့် အဖျားကိုဖယ်ထုတ်ကာ သလိပ်ကိုနိုင်သည်။ သွေးလည်ပတ်မှုကောင်းစေသဖြင့် ခန္ဓာကိုယ်အနှံ့ သွေးကြောများမှတစ်ဆင့် ဦးနှောက်သို့ အောက်ဆီဂျင် ကောင်းစွာရောက်ရှိစေပါသည်။ အဆုတ်ဆဲလ် များကိုကျန်းမာစေသည်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို ရဲယိုအပင်လေးများသည် ဆေးစွမ်းထက်သည့် အပြင် စိုက်ပျိုးရ လွယ်ကူပြီး ကျန်းမာရေး အတွက်များစွာ အကျိုးပြုသည့် အတွက် ရဲယိုရွက်နှင့် ရဲယိုသီးကို များများစားသင့်ကြောင်း အကြုံပြု ရေးသားလိုက်ရပါတော့သည်။

DOCA(ပဲခူး)