ကျွန်မတို့ စားသုံးသူ လူနေမှုဘဝမှာ လုံခြုံမှု (၂) မျိုးရှိပါတယ်။ စိတ်၏လုံခြုံမှု၊ ကိုယ်၏လုံခြုံမှု ဖြစ်ပါတယ်။ စားသုံးသူများက ယခုခေတ်နှင့်အညီစားသုံးဖို့ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ လုံခြုံစိတ်ချ စားသုံးသူဘဝကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ကျွန်မတို့လူသားတိုင်းသည် စားသုံးသူများ ဖြစ်ကြပါတယ်။ စားသုံးသူဘဝမှာ စိတ်ရော၊ ကိုယ်ပါ လုံခြုံစိတ်ချမှု ပေးစေတာလည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းလည်း ပါဝင်ပါတယ်။
ကုန်အညွှန်းအမှတ်အသားဆိုတာ ကုန်စည်ထုတ်ပိုးမှု အပြင်အဆင်မှာ ရုပ်ပုံဖြင့် ဖြစ်စေ၊ စာဖြင့်ရေးသားလို့ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ဖော်ပြရတဲ့ အမှတ်အသား ဖြစ်ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စ၍ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှာ စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌာန်းပြီး၊ ဥပဒေမှာ အခန်း (၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပြဌာန်းချက်ပါအတိုင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ စားသုံးသူကာကွယ်ရေး ဥပဒေ၏ အခန်း(၁၈)ခန်းမှာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ပြဌာန်းထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ စားသုံးသူကာကွယ်ရေး ဥပဒေ ပြဌာန်းခဲ့ပြီးမှစ၍ ကုန်အညွှန်းအမှတ်အသားကို အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်ခဲ့ပါတယ်။
စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ခုနှစ်မှာ စတင်ပြဌာန်းခဲ့တယ် ဆိုပေမယ့် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြဌာန်းချက် တစ်ခုကိုသာ တစ်နှစ်ပြည့် မြောက်ပြီး နေ့ရက်မှစတင် အာဏာတည်စေရမည်လို့ ဥပဒေ၏ အခန်း (၁) ၊ ပုဒ်မ ၁ မှာ ပြဌာန်းပါတယ်။ ကုန်စည်ပေါ်မှာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို ဆောင်ရွက်ဖို့ အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံး ပူးပေါင်းဆောင်ရွက်ရမည့် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါတယ်။
အဓိက ကုန်အညွှန်းအမှတ်အသားဖော်ပြရာမှာ ဖော်ပြရမည့် အချက်အလက် (၈) ချက်ကို သိသာထင်ရှားစေရန် လိုအပ်ပါတယ်ရှင့်။ ကုန်စည်ထုတ်ပိုးမှု အပြင်အဆင်မှာ ရုပ်ပုံဖြင့်ဖြစ်စေ၊ စာဖြင့်ရေးသားလို့ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ဖော်ပြရတဲ့ အမှတ်အသားဖြစ် ပါတယ်။ ကုန်အညွှန်းအမှတ်အသားဖော်ပြမည့် အချက်အလက်တွေကို စားသုံးသူကာကွယ် ရေးဥပဒေ ပုဒ်မ ၄၁ မှာ ပြဌာန်းထားပါတယ်။ အဲဒါတွေက -
- ကုန်စည်၏ တံဆိပ်အမှတ်အသား၊
- ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊
ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း
- ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်
- ပြည်တွင်းသို့ တင်သွင်းလာသည့်ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်း အမည်နှင့်လိပ်စာ၊
- ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှကုန်စည်များ တင်သွင်းပြီး ပြန်လည် ထုပ်ပိုးသည့်နေရာ ဖော်ပြရမှာ ဖြစ်ပါတယ်။
- ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည် နှင့်ပစ္စည်းများ၏ ပမာဏ ပါဝင်မှုအချိုးအစား၊
- ကျန်းမာရးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်။
- သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရတာ ဖြစ်ပါတယ်။
စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြဌာန်းချက်အတိုင်း စားသုံးသူပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များကို သိရှိလိုက်နာစေရန် ဥပဒေ၏ ရည်ရွယ်ချက်များနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ စားသုံးသူများ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်ပြီး သိရှိစေရန် စားသုံးသူအခွင့်အရေးများနှင့် ကုန်အညွှန်းအမှတ်အသားပါ ဖော်ပြမှုရှိသော ကုန်စည်တို့ကို ရွေးချယ်စားသုံးတတ်ရန် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်သည့် နေရာအသီးသီးများ၌ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့ပညာပေးကဏ္ဍများ ဆောင်ရွက်ရာတွင်လည်း ဌာနဆိုင်ရာနှင့် စားသုံးသူ ပူးပေါင်းနိုင်သည့် တံတားသဖွယ် Social Media များဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဦးစီးဌာနတို့၌ Online Talk show ဖြင့်လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း ဖြင့်လည်းကောင်း စတင်ဆောင်ရွက်ခဲ့ပါတယ်။ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကဏ္ဍကို စားသုံးသူနှင့် စီးပွားရေးလုပ်ငန်း ရှင်များ ပိုမိုထိရောက် သိရှိစေရန် ပြုလုပ်ခြင်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များ ထုတ်လုပ်သည့် ကုန်စည်ပေါ်မှာ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် လိုအပ်သည့် အချက်အလက်တို့ကို စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြခြင်း လျောက်ထားလာမှုများကို ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ဒါအပြင် စီမံချက်ရေးဆွဲပြီး ဦးစားပေး ကုန်စည်များ သတ်မှတ်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိ ကုန်စည်များ ဈေးကွက်မရောက်မှီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ စားသုံးသူရေးရာဦးစီးဌာနတွင် စစ်ဆေးရေးအရာရှိများ ခန့်အပ်ပြီး အဲဒီစစ်ဆေးရေး အဖွဲ့နှင့် အတူ သက်ဆိုင်ရာဌာနများဖြစ်သော ( FDA၊ စည်ပင်၊ ထွေအုပ် ) လိုအပ်လျှင် စစ်ဆေးရာ၌ မြန်မာ့ရဲတပ်ဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ၂/၂၀၁၉ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များ ကုန်ပစ္စည်းပေါ်မှာ မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖော်ပြဖို့၊ လိုက်နာ ဆောင်ရွက်သွားဖို့ (ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ကျန်းမာရးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်) တို့ကို ကုန်အစည်အမျိုးအစားအလိုက် ကုန်စည်အုပ်စု (၈) ခုကို ခွဲခြားသတ်မှတ်လိုက်နာဆောင် ရွက်ဖို့ ညွှန်ကြားမှုဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက်ကို လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ (၄၃) အရ ကုန်အညွှန်းအမှတ်အသားမဖော်ပြခဲ့ဘူးဆိုရင် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ သို့မဟုတ် ရောင်းချခြင်း မပြုရကြောင်း ပြဌာန်းထားပါတယ်။ အဲဒီ ပြဌာန်းချက်အရ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ သို့မဟုတ် ရောင်းချခြင်း မပြုရကြောင်း စီးပွားရေးလုပ်ငန်းရှင်များ မပြုရန် စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၂၃) တားမြစ်ချက်၊ ပုဒ်မ (၆၇ နှင့် ၆၈) မှာ ပြဌာန်းထားပါတယ်။ ဖော်ပြထားတဲ့ တားမြစ်ချက်များကို စီးပွားရေးလုပ်ငန်းရှင်များက ကျူးလွန်ခဲ့မယ်ဆိုရင် စားသုံးသူ ကာကွယ်ရေးဥပဒေ၏ အခန်း(၂၄) ပြစ်မှု ပြစ်ဒဏ်များမှ ပုဒ်မ(၇၃)အရ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ပါတယ်။
စားသုံးသူဘက်ကလည်း (Consumer International ) က ၂၀၁၆ ခုနှစ်မှာ WCRD ဆောင်ပုဒ် အဖြစ် “ အစားအစာဟူသမျှ ပဋိဇီဝဆေး ကင်းစင်ပ (Autibiotic off the Menu)” ထုတ်ပြန်ခဲ့ပါတယ်။ ထိုဆောင်ပုဒ်အရ စားသုံးသူတို့ အစားအစာများကို စားသုံးရာမှာ ပဋိဇီဝဆေး၊ တာရှည်ခံဆေး၊ ဆိုးဆေး၊ မှိုအဆိပ်နှင့် သက်တမ်းကုန်ဆုံးနေတဲ့ အစားအစာကို သတိပြုစားသုံးဖို့၊ စားသုံးသူကို ဘေးအန္တရာယ်ကင်းရှင်းစေဖို့၊ ထုတ်ပြန်မှု လည်းဖြစ်ပါတယ်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုမရှိတဲ့ အစားအစာများကို စားမိလို့ စားသုံးသူများ ထိခိုက်နစ်နာမှု များစွာရှိခဲ့ပါတယ်။ အဲဒါတွေက ငွေကြေးပိုင်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ နစ်နာဆုံးရှုံးမှုများဖြစ်ကြပါတယ်။ ကုန်အညွှန်းအမှတ် အသားကို ဖော်ပြပါရှိသည့် ကုန်စည်များ ဖြစ်ပါလျှက် ဂရုမစိုက်ဘဲ သုံးစွဲပုံနည်းလမ်းများ သေချာမဖတ်ဘဲသုံးစွဲလို့ ထိခိုက်နစ်နာခဲ့သူ စားသုံးသူတစ်ဦးဆိုရင် အင်းဆက်ပိုးမွှား ကွင်းဝေးဖို့ ဖြန်းဆေးကို သုံးစွဲရာမှ (သူက အခန်းတွင်းကို ၁ မိနစ် ဖြန်းပြီး အဲဒီအခန်းမှာ အိပ်လိုက်တယ်၊ အချိန်အနည်းငယ်အတွင်းမှာ ခေါင်းမှုးပြီး အော့အန်ကာ ဆေးရုံသို့ ရောက်သည်အထိဖြစ်ပွားခဲ့ပါတယ်) တစ်ကယ်ဆို သုံးစွဲရန် အညွှန်းမှာက ၅ စက္ကန့် (သို့မဟုတ်) ၈ စက္ကန့်သာ ဖြန်းပြီး အခန်းပိတ်ထားပြီး အချိန်ကြာမြင့်မှသာ အဲဒီအခန်းကို အသုံးပြုနေရမှာဖြစ်ပါတယ်။ ဒါကြောင့် စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ရအောင် စားသုံးသူများကလည်း “ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ ယုံကြည်စိတ်ချစားသုံးကြ” လို့ အပြင် စားသုံးသူအခွင့်အရေးများ (၈) ချက်ကိုလည်း လိုက်နာကျင့်သုံးရမည် ဖြစ်ပါတယ်။ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများဘဝ လုံခြုံမှု၊ စိတ်ချမှု၊ ယုံကြည်မှုဖြစ်စေရေး ဆောင်ပုဒ်ဖြစ်တဲ့ “စားသုံးသူ အခွင့်အရေးဦးစားပေး” ဖြင့် ဝန်ထမ်းများကလည်း “ပဲ့ကိုင်ရှင်” သဖွယ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကုန်စည် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကလည်း စီးပွားရေးလုပ်ငန်းရှင် များ၏ တာဝန်များနှင့်အညီ ဥပဒေပါ ပြဌန်းချက်များအတိုင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက် ခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်း မှန်ကန်သော သတင်းအချက်အလက်များပေးခြင်းဖြင့် စားသုံးသူ၏ ယုံကြည်မှုတို့ကို တည်ဆောက်မှသာ လုပ်ငန်းအောင်မြင်မှု၊ ရေရှည်တည့်တံ့မှုနှင့် ဈေးကွက်ခိုင်မာမှု တို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ World Consumer Rights Day ဆောင်ပုဒ် အဖြစ် “စိတ်ချယုံကြည် ဒီဂျစ်တယ် ထုတ်ကုန်များဆီ” ထုတ်ပြန်ခဲ့ပါတယ်။ ခေတ်နှင့်အညီ ထုတ်ကုန်များဒီဂျစ်တယ် စနစ်ထိအကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားသွားရမှာဖြစ်ပါတယ်။ စာရေးသူ အနေနဲ့ မှတ်သားစရာအဖြစ် ဆရာတော် ရှင်မဟာသီလဝံသ ဆုံးမစာပါ “မင်းသွား၊ ငါသွား၊ ငြင်းခုံပွားအောင်၊ စကားတောက်ဆက် မဆိုအပ်” အသိ မလွတ်စေနဲ့၊ သတိ မလွတ်စေနဲ့ ဆိုသည့်အတိုင်း စားသုံးသူများကလည်း အငြင်းမပွားစေရန် ကုန်စည်ပေါ်က ကုန်အညွှန်း အမှတ်အသားဖော်ပြမှု သိသာထင်ရှားမှုကို စားသုံးသူမှ ရွေးချယ်ဝယ်ယူ စားသောက်ပြီး၊ ကုန်စည်ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်များလည်း ကုန်အညွှန်းအမှတ်အသားကို ပြည့်ပြည့်စုံစုံဖော်ပြကြလျှင် လုံခြုံစိတ်ချရသော စားသုံးသူဘဝကို ဖော်ဆောင်ပေးခြင်း ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ ကျရောက်ခဲ့သော ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ (World Consumer Rights Day)တွင် ဆောင်ပုဒ်မှာ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” Safe Products , Confident Consumers သတ်မှတ် ထုတ်ပြန်ခဲ့ပါတယ်။ ထိုဆောင်ပုဒ်ကိုလည်း စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက အထူးအလေးထား လိုက်နာဆောင်ရွက်သွားဖို့ စားသုံးသူ၊ လူနေမှုဘဝမှာ တစ်စိတ် တစ်ဒေသအဖြစ် စိတ်ရော၊ ကိုယ်ပါ လုံခြုံမှုဖြစ်စေတဲ့ ကုန်အညွှန်းအမှတ်အသားကို အိမ်ပြန်သည့်အထိ လက်ဆောင်ယူလို့ သိစေမှတ်စေချင်ပါတယ်။ ဒါမှ စားသုံးသူပြည်သူ အားလုံး လူနေမှုဘဝမှာ သက်ရှည်ကျန်းမာပျော်ရွှင်စွာနှင့်အတူ “ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှ လုံခြုံစိတ်ချ စားသုံးသူဘဝ” ကို ဧကန်မုချ ရရှိပိုင်ဆိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ရေးသားတင်ပြလိုက်ရပါသည်။
DOCA (မွန်)
