ယနေ့ခေတ်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်သည့် သဘာဝအခြေခံထုတ်ကုန် များကို လူအများစိတ်ဝင်စားမှုမြင့်တက်လာသည်နှင့်အမျှ မြန်မာ့ဂုန်လျှော်ကို အခြေခံ၍ ဖန်တီးထားသော တန်ဖိုးမြှင့်လူသုံးကုန်ပစ္စည်းများမှာ ဈေးကွက်အတွင်း နေရာရရှိလာကြောင်း သိရသည်။
ယခင်က ဂုန်နီအိတ်များကို ဆန်အိတ်၊ စပါးအိတ်၊ ကြက်သွန်အိတ်၊ ပဲ/ နှမ်းအိတ်များအဖြစ် ထုတ်ပိုးပစ္စည်းအကြမ်းထည်များအဖြစ်သာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ခေတ်မီနည်းပညာနှင့် ဒီဇိုင်းများပေါင်းစပ်ကာ တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ် လာခြင်း သည် ကုန်ကြမ်းအတိုင်းရောင်းချခြင်းထက် အဆပေါင်းများစွာ အကျိုးအမြတ်ပိုမိုရရှိစေရုံ သာမက ပြည်တွင်းအသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများအတွက်လည်း အလားအလာ ကောင်းသည့် ကဏ္ဍတစ်ခုဖြစ်လာသည်။
ဂုန်လျှော်ပင်ကို အပူပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ရက်ပေါင်း ၁၂၀ခန့်ကြာ သော အခါ ရိတ်သိမ်းကြသည်။ ရိတ်သိမ်းပြီးဂုန်လျှော်ပင်စည်များကို ရေကန် သို့ မြစ်ချောင်းများထဲတွင် သီတင်းပတ် အနည်းငယ်ကြာအောင်စိမ်ထားရသည်။ ရေစိမ်ပြီးနောက် အပင်စည်မှ အမျှင်များကို လက်ဖြင့်ဖြစ်စေ၊ စက်ဖြင့်ဖြစ်စေ ခွာထုတ်ကာသန့်စင်ပြီး နေလှန်းရသည်။ ဂုန်လျှော်ကို အဆင့်ဆင့်သန့် စင်ထုတ်လုပ်ခြင်းဖြင့်ရရှိလာသော အမျှင်များကို အသုံးပြုကာ ဆန်းသစ်သော ဒီဇိုင်းများဖြင့် အိတ်များ၊ ယပ်တောင်များ၊ အလှဆင်ပစ္စည်းများ ဖန်တီးလာကြပြီဖြစ်သည်။
၎င်းတို့အနက် ဂုန်လျှော်၏ ခိုင်ခံ့မှုနှင့် သဘာဝအရောင်အသွေးကိုအခြေခံကာ ဖန်စီပုတီးများ၊ ချည်ထိုးပန်းပွင့်များဖြင့် အလှဆင်ထားသည့် လက်ကိုင်အိတ်များ၊ ဈေးဝယ်အိတ်များ၊ ဂုန်လျှော်မျှင် များကို အနုစိတ်ကျစ်ကာ ပြုလုပ်ထားသည့် ယပ်တောင်များ၊ မင်္ဂလာဆောင် များကဲ့သို့သော အခမ်း အနားများတွင် ပြန်ကမ်းအဖြစ် အမွှေးနံ့သာခဲများ၊ သကြားလုံးများ၊ သို့မဟုတ် အမှတ်တရပစ္စည်း များထည့်ရန်အတွက် ဂုန်လျှော်အိတ်ငယ်လေးများကို ပြုလုပ်ခြင်း ရောင်းချခြင်းဖြင့် ဝင်ငွေတိုးပွားခြင်း၊ ဂုန်လျှော်ကို အိတ်တစ်လုံးအဖြစ်ပြောင်းလဲလိုက်ခြင်းက ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ဈေး ကွက်တန်ဖိုးကို ၅ဆမှ ၁၀ဆအထိ မြင့်တက်စေပါသည်။ ကုန်ကျစရိတ်တွက်ချက်ရာတွင် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့်အတွက် ကုန်ကြမ်းအပြင် အလှဆင်စရိတ်နှင့် လက်ခကိုပါ ထည့်သွင်းတွက်ချက်ရပါသည်။
ဂုန်လျှော်အိတ် စုစုပေါင်းကုန်ကျစရိတ်နှင့် အမြတ်တွက်ချက်မှု
ဂုန်လျှော်အထည်(ကုန်ကြမ်း)- ၁၅၀၀-၂၅၀၀ (အိတ်တစ်လုံးစာ)
အတွင်းခံပိတ်စနှင့် ဇစ်- ၁၀၀၀-၁၅၀၀
ချုပ်လုပ်ခ (လက်ခ) -၂၀၀၀-၃၀၀၀
အထွေထွေ- ၅၀၀
စုစုပေါင်းကုန်ကျစရိတ်- ၅၅၀၀-၈၅၀၀
လက်လီရောင်းဈေး - ၁၂၀၀၀မှ ၁၈၀၀၀ကျပ်
၂
လက်ကားရောင်းဈေး - ၉၀၀၀-၁၁၀၀၀ကျပ်
အမြတ်ငွေတွက်ချက်မှု လက်လီရောင်းချလျှင် (အမြတ်နှုန်း ၅၀ % ကျော်)
လက်ကားရောင်းချလျှင် (အမြတ်နှုန်းနည်းသော်လည်း အရေအတွက် များများရောင်းရသည်)
ယပ်တောင် စုစုပေါင်းကုန်ကျစရိတ်နှင့် အမြတ်တွက်ချက်မှု
ဂုန်လျှော်မျှင် (ကုန်ကြမ်း) - ၅၀၀-၈၀၀
ယပ်တောင်အကြမ်း (ဝါး သို့ ပလတ်စတစ်ကိုယ်ထည်) - ၅၀၀-၈၀၀
အလှဆင်ပစ္စည်း -၅၀၀-၁၀၀၀
အထွေထွေအသုံးစရိတ် - ၂၀၀-၃၀၀
လက်မှုလုပ်အားခ - ၁၅၀၀-၂၅၀၀
စုစုပေါင်းကုန်ကျစရိတ်- ၃၂၀၀-၅၄၀၀
လက်လီရောင်းဈေး - ၈၅၀၀မှ ၁၂၀၀၀ကျပ်
အမြတ်ငွေတွက်ချက်မှု လက်လီရောင်းချလျှင် (အမြတ်နှုန်း ၈၀ % ကျော်)
မင်္ဂလာဆောင် ပြန်ကမ်းအဖြစ် ဂုန်လျှော်အိတ်ငယ်
ကုန်ကျစရိတ် - ၁၅၀၀မှ ၂၅၀၀ကျပ်ထိ
အမြတ်ငွေတွက်ချက်မှု လက်လီရောင်းချလျှင် (အမြတ်နှုန်း ၈၀ % ကျော်)
ဒေသတွင်းရှိ အမျိုးသမီးများနှင့် လူငယ်များအတွက် လက်မှုပညာအခြေခံသော အလုပ် အကိုင်အသစ်များဖန်တီးပေးနိုင်ပြီး မိသားစုဝင်ငွေကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။ ဂုန်လျှော် တန်ဖိုးမြှင့်ထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်သာမက ပြည်ပနိုင်ငံများရှိ (သဘာဝ ပတ်ဝန်းကျင်ချစ်မြတ်နိုးသူ) Eco-friendly ဈေးကွက်များသို့ပါ တင်ပို့ရောင်းချနိုင်သည့် အလား အလာကောင်းများရှိနေကြောင်း သုံးသပ်ရရှိပါသည်။
DOCA(မကွေး)
