Main menu

မြန်မာ့ချည်ထည်အကြောင်း သိကောင်းစရာ

Powered by Drupal
Tue, 03/31/2026 - 14:00 -- consumer_admin

  မြန်မာ့ချည်ထည်သည် ဝတ်ဆင်ရာတွင်အေးမြခြင်း၊ တာရှည်ခံခြင်း၊ အကြမ်းခံခြင်းနှင့် ဈေးနှုန်းသက်သာခြင်းတို့ကြောင့် လူကြိုက်များသော ရိုးရာလက်မှုထည်ဖြစ်ပြီး ဝါဂွမ်းမှတစ်ဆင့် ချည်ငင်၍ ရက်လုပ်ကြပြီး နွားပျဉ်းချည်ထည်၊ အင်းမပုဆိုး၊ ကြာချည်တို့သည် မြန်မာတို့ အမြတ်တနိုး ဝတ်ဆင်ကြပါတယ်။ ထိုအချိန်ကတည်းက ချည်ထည်ဟာ လူသားတို့သမိုင်းမှာ ရှည်လျားစွာ နေရာယူထားခဲ့ပါပြီ။ ဝါဂွမ်းကို စိုက်ပျိုးတတ်တဲ့ အချိန်ကစပြီး ဝါချည်ကို အဆင့်ဆင့်ရက်လုပ်ကာ ချည်ထည်များကို အသုံးအဆောင်၊ အဝတ်အထည်များအဖြစ် စတင်အသုံးပြုခဲ့ကြပါတယ်။

            မြန်မာ့ယဥ်ကျေးမှုမှာတော့ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်းက ရှေးယခင်ကတည်းက အမွေ အနှစ်တစ်ခုအဖြစ် တည်ရှိနေပြီး၊ မသိုးသင်္ကန်းကဲ့သို့ ဘာသာရေး ပွဲတော်များအထိတန်ဖိုးထား ကျင်းပလေ့ရှိကြပါတယ်။ ခေတ်အဆက်ဆက် တိုးတက်လာတဲ့ နောက်မှာတော့ မြန်မာမှာလည်း လက်ရက်ကန်းအပြင် စက်ရက်ကန်းများလည်း ပေါများလာခဲ့ပါပြီ။ ရက်ကန်းလုပ်ငန်းဟာ‌ ရှေးကတည်း က အမျိုးသမီးတို့ ဦးစီးဦးဆောင်ပြီး လုပ်ရတဲ့လုပ်ငန်းဖြစ်ပြီး ဒါကြောင့် ဒီလုပ်ငန်းတွေဟာ ယနေ့ထိတိုင် မြန်မာအမျိုးသမီးမိခင်များ၊ အိမ်ရှင်မများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပါတယ်။

            မြန်မာ့ရာသီဥတုနဲ့ကိုက်ညီသော ချည်သားများဟာ ဝတ်ဆင်ရာမှာလည်း ပေါ့ပါးပြီး၊ လေဝင်လေထွက်ကောင်းလှပါတယ်။ ဒါအပြင် သဘာဝနဲ့နီးစပ်သော ထုတ်လုပ်မှု ဖြစ်တာကြောင့် အရေပြား Sensitive Skin ရှိသော သူများနှင့်လည်း ကိုက်ညီနေပါတယ်။ ချည်ထည်စစ်စစ်ဟာ အလျှော်ဖွတ်လဲခံသလို ခြောက်သွေ့စေလွယ်တယ်။

            သဘာဝပါတ်ဝန်းကျင်ကိုထိန်းသိမ်းရန်နှင့် ကမ္ဘာမြေကိုစောင့်ရှောက်လိုသော သူတွေက အခြားပိတ်တွေထက်စာရင် စွန့်ပစ်လိုက်တဲ့အခါ နှစ်အနည်းငယ်အတွင်းမှာ အလွယ်တကူ ပျက်စီး ဆွေးမြေ့နိုင်တဲ့ ချည်သားကို နှစ်သက်ကြပါတယ်။ မြင်းခြံမြို့၊ တောင်သာမြို့နှင့် နွားထိုးကြီးမြို့တို့မှ ထွက်ရှိသော ချည်ထည်အဝတ်အစားအမျိုးမျိုး၊ ချည်လုံချည်၊ ချည်ချောပုဆိုး၊ ဖျင်လုံချည်၊ ဖျင်ကြမ်းပုဆိုး၊ ချည်စောင်အမျိုးမျိုး၊ အိတ်‌က‌လေးတွေ၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ် စသဖြင့် လူ့အသုံးအဆောင် အထည်များသည် မြန်မာ့ရာသီဥတုနှင့် ကိုက်ညီသဖြင့် ဈေးကွက်၌ မက်မက်မောမော အရောင်း အဝယ် ဖြစ်လျက်ရှိပါတယ်။ ဒါကြောင့်ချည်ထည်ဆိုတာ မြန်မာမှာရော ကမ္ဘာမှာပါ လူကြိုက်များ သော ထုတ်ကုန်တစ်ခုအနေဖြင့် ယနေ့ထိတိုင်ဂုဏ်ရှိစွာ ရည်တည်နေခြင်း ဖြစ်ပါတယ်။      

DOCA(မန္တလေး)