Main menu

စင်္ကာပူ၊ မလေးရှားနိုင်ငံတို့နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်လျှက်ရှိသော အင်ဒိုနီးရှားနိုင်ငံ

Powered by Drupal

          အင်ဒိုနီးရှား ကုန်သွယ်ရေးဒုတိယဝန်ကြီး Dyah Roro Esti သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်္ကာပူ၊ မလေးရှားနိုင်ငံတို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ဆောင်ရွက်ခဲ့သည်။ ထိုသို့ နှစ်နိုင်ငံချင်း တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အင်ဒိုနီးရှားအနေဖြင့် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်နိုင်တဲ့၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုရှေးရှုတဲ့ ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများကိုခိုင်မာစေရန် ကတိကဝတ်ပြုကြောင်း ဒုတိယဝန်ကြီးက မတ်လ ၁၅ ရက် နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံမှုများကို ပြီးခဲ့သည့် သောကြာနေ့ (မတ်လ ၁၃ ရက်) က ဖိလစ်ပိုင်နိုင်ငံ၊ တာဂွစ်မြို့တွင် ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး (32nd AEM Retreat) ပြင်ပတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Gan Kim Yong နှင့် တွေ့ဆုံစဉ်အတွင်း Esti က နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆက်ဆံမှု၏ ကောင်းမွန်သော တိုးတက်မှုအခြေအနေများကို အသားပေးဆွေးနွေးခဲ့သည်။ အင်ဒိုနီးရှားနှင့် စင်္ကာပူတို့၏ ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၆.၈၅ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၉.၃၂ ဘီလီယံအထိ ရှိလာခဲ့ပြီး လွန်ခဲ့သည့် ၅ နှစ်အတွင်း ၁၄.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ အင်ဒိုနီးရှားသည် စင်္ကာပူနှင့် မိတ်ဖက်ဆောင်ရွက်မှုတွင် အထူးသဖြင့် ပို့ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အမျိုးအစားစုံလင်စွာ တင်ပို့နိုင်ရေးအတွက် အလားအလာကောင်းများရှိနေသည်ဟု ရှုမြင်ထားသည်။ ထို့ပြင် အင်ဒိုနီးရှားအနေဖြင့် ဘက်စုံနှင့် တိုးတက်သော ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက် (CPTPP) တွင် ပါဝင်နိုင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဤသဘောတူညီချက်သည် အင်ဒို-ပစိဖိတ်ဒေသ စီးပွားရေးပေါင်းစည်းမှုကို အားကောင်းစေမည့် ခေတ်မီပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက် ကိုယ်စားလှယ်များသည် အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (DEFA)၊ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆောင်ရွက်မှု (RCEP) နှင့် အခြားသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ မလေးရှားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံ မှု၊ ကုန်သွယ်ရေးနှင့် စက်မှုဒုတိယဝန်ကြီး Sim Tze Tzin နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးနှောင်ကြိုးများ ခိုင်မာစေရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄.၂၂ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ အင်ဒိုနီးရှားသည် စျေးကွက်ဝင်ရောက်နိုင်မှု တိုးချဲ့ရန်နှင့် တန်ဖိုးမြင့်ကဏ္ဍ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အခွင့်အလမ်းကောင်းများစွာ ရှိနေသည်ဟု ယုံကြည်သည်။ ၎င်းတွေ့ဆုံမှုတွင် ပူးတွဲကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ (JTIC) အစည်းအဝေး ကျင်းပရန် အစီအစဉ်များနှင့် မလေးရှား-အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ကော်မတီ (MIIC) မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး မြှင့်တင်ရန် ကိစ္စရပ်များပါဝင်သည်။ ထို့အပြင် နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက် (BTA) ကို အကောင်အထည်ဖော်ရန်နှင့် အန်ထရီကောင်-တဘီဒူး (Entikong-Tebedu) နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများကို ပုံမှန်အခြေအနေသို့ အရှိန်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Source : Antara                                                                         

DOCA(ရန်ကုန်)