
ပါကစ္စတန်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ဖေဖော်ဝါရီလအတွင်း ၃၅.၃၈ ရာခိုင်နှုန်းအထိ သိသိသာသာ ထိုးဆင်းသွားခဲ့ကြောင်း သိရပါသည်။ အဆိုပါကဏ္ဍကို ပံ့ပိုးရန်ရည်ရွယ်သည့် အစိုးရ၏ ထောက်ပံ့ကြေးများ ရှိနေသော်လည်း ယခုကဲ့သို့ ကျဆင်းသွားခြင်းဖြစ်ရာ အဆိုပါ အထောက်အပံ့ပေးရေး အစီအစဉ်၏ ထိရောက်မှုအပေါ် တင်ပို့သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့ကြောင်း သိရပါသည်။ အစိုးရသည် ဆန်ကြမ်းများအတွက် ဒေသန္တရအခွန် ၃ ရာခိုင်နှုန်းနှင့် ဘတ်စမာတီဆန်တင်ပို့မှုအတွက် ၉ ရာခိုင်နှုန်း အခွန်ပြန်အမ်းငွေများ သတ်မှတ်ပေးခဲ့ပြီး ပြန်အမ်းငွေများအတွက် ရူပီး ၁၅ ဘီလီယံခန့် လျာထားခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း အဆိုပါ မက်လုံးများကြောင့် ပြည်တွင်းဈေးနှုန်းများ ပိုမိုမြင့်တက်လာစေပြီး ပါကစ္စတန်ဆန်ကို နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း လျော့နည်းသွားစေကြောင်း တင်ပို့သူများ၏ ပြောကြားချက်အရ သိရပါသည်။ ပါကစ္စတန် စာရင်းအင်းဗျူရို၏ အချက်အလက်များအရ ဖေဖော်ဝါရီလအတွင်း ဘတ်စမာတီဆန် တင်ပို့မှုသည် တန်ဖိုးအားဖြင့် ၁၉.၂၁ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၂၇.၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဆန်ကြမ်းတင်ပို့မှုမှာ ပိုမိုဆိုးဝါးစွာကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် ၄၂.၅၀ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၃၂.၉၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းဈေးနှုန်းမြင့်တက်မှုနှင့် ကုန်လှောင်မှုများကြောင့် ကမ္ဘာ့ဈေးကွက်တွင် ပါကစ္စတန်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းသွားရခြင်းဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုးရေးထုတ်လုပ်မှု အားနည်းနေခြင်းနှင့် တောင်သူများရင်ဆိုင်နေရသော ထုတ်လုပ်မှုစရိတ် မြင့်မားနေခြင်းတို့ကို တင်ပို့မှုအဆင့်တွင် ပေးအပ်သည့် ထောက်ပံ့ကြေးများဖြင့် အစားထိုး၍ မရနိုငကြောင်း လုပ်ငန်းကဏ္ဍ အစုအဖွဲ့များကလည်း ငြင်းခုံဆွေးနွေးလျက်ရှိပါသည်။ ရေရှည်တည်တံ့သော ပို့ကုန်တိုးတက်မှု ရရှိရန်အတွက် မျိုးစေ့အရည်အသွေး ကောင်းမွန်စေခြင်း၊ ထိရောက်သော ရေသွင်းစနစ်နှင့် မြေသြဇာ၊ စွမ်းအင်နှင့် အခြားစိုက်ပျိုးရေး သွင်းအားစုစရိတ်များကို လျှော့ချပေးခြင်းအပါအဝင် လယ်ယာကုန်ထုတ်စွမ်းအား မြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းတို့က အလေးပေးပြောကြားခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများကို မဖြေရှင်းနိုင်ပါက ငွေကြေးဆိုင်ရာ မက်လုံးများပေးရုံမျှဖြင့် ဆန်တင်ပို့မှုမြှင့်တင်ရေးတွင် အကန့်အသတ်ဖြင့်သာ အကျိုးသက်ရောက်မှုရှိလိမ့်မည်ဟု တင်ပို့သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
Source: Propakistani
DOCA (ရန်ကုန်)
