ကမ္ဘောဒီးယား ဖွံ့ဖြိုးရေးကောင်စီ (CDC)မှ အမေရိကန်ဒေါ်လာသန်း ၄၅၀ တန်ဖိုးရှိ ကား တာယာထုတ်လုပ်သည့် စက်ရုံအသစ် တည်ဆောက်ရန် အတည်ပြုပေးလိုက်ပြီးနောက် Kratie ပြည်နယ်သည် ကမ္ဘောဒီးယား၏ ဖွံ့ဖြိုးတိုးတက်လာသော စက်မှုဇုန်တစ်ခုအဖြစ် ၎င်း၏နေရာကို ပိုမိုခိုင်မာလာစေရန် အသင့်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ CDC က ၁၉-၃-၂၀၂၆ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ချက်အရ စက်ရုံအသစ်အား UBE Snoul အထူးစီးပွားရေးဇုန် အတွင်း တည်ဆောက်မည်ဖြစ်ပြီး အဆိုပါစက်ရုံမှာ ပြည်နယ်အတွင်း တတိယမြောက် ကားတာယာ စက်ရုံဖြစ်ကာ နိုင်ငံတစ်ဝန်းတွင် အဋ္ဌမမြောက် စက်ရုံဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
စက်ရုံသစ်သည် အလုပ်အကိုင်ပေါင်း ၃,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားပြီး ကမ္ဘောဒီးယား အရှေ့မြောက်ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများ သိသိသာသာ တိုးတက် လာစေမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် ကမ္ဘောဒီးယား၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အထူး သဖြင့် မော်တော်ယာဉ် အစိတ်အပိုင်း ထောက်ပံ့ရေးကွင်းဆက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည် မှု မြင့်မားလာသည်ကို ထင်ဟပ်စေသည်ဟု တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရှိရသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘောဒီးယားသည် အဝတ်အထည်နှင့် ဖိနပ်ကဏ္ဍများ ထက် ကျော်လွန်၍ စီးပွားရေးကို တက်ကြွစွာဖြင့် ကဏ္ဍစုံလင်အောင် ဆောင်ရွက်ခဲ့ပြီး တန်ဖိုးမြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် ကားတာယာ လုပ်ငန်းသည် ယှဉ်ပြိုင်နိုင်သော လုပ်သားစရိတ်၊ ဦးစားပေး ကုန်သွယ်မှု အခွင့်အလမ်းများနှင့် ပိုမို ကောင်းမွန်လာသော အခြေခံအဆောက်အဦများကြောင့် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ Kratie ပြည်နယ်၏ အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ တစ်လျှောက် ဗျူဟာမြောက် တည်ရှိမှုနှင့် ဒေသတွင်းဈေးကွက်များနှင့် နီးကပ်မှုတို့ကြောင့် အဆိုပါ ပြည်နယ်သည် စက်မှု စီမံကိန်းများအတွက် ပိုမိုဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်လာခဲ့ကြောင်း သိရှိရသည်။
Kratie ပြည်နယ်တွင် တတိယမြောက် တာယာစက်ရုံ တည်ထောင်ခြင်းသည် အဆိုပါ ပြည်နယ်၏ အထူးပြု ထုတ်လုပ်မှု အစုအဝေးတစ်ခုအဖြစ် ပေါ်ထွန်းလာမှုကို ထင်ရှားစေကြောင်း၊ သုံးသပ်သူများက စက်မှုအစုအဝေးဖွဲ့စည်းခြင်းသည် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များကို လျှော့ချရန်၊ ထောက်ပံ့ရေးကွင်းဆက်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ဒေသခံ အလုပ်သမား များအကြား ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနိုင်သည်ဟု မှတ်ချက်ပြုကြ ကြောင်း၊ ကမ္ဘောဒီးယားသည် သဘာဝရော်ဘာ အဓိကထုတ်လုပ်သည့်နိုင်ငံဖြစ်၍ အဆိုပါ အစု အဝေးသည် ရော်ဘာပြုပြင်ထုတ်လုပ်ခြင်းကဲ့သို့သော ဆက်စပ်လုပ်ငန်းများကိုလည်း အထောက် အကူ ပြုနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
နိုင်ငံတစ်ဝန်းတွင် တာယာစက်ရုံ (၈) ခုကို လည်ပတ်ဆောင်ရွက်ပြီးဖြစ်စေ၊ လည်ပတ် ဆောင်ရွက်ဆဲဖြစ်စေ ကမ္ဘောဒီးယားနိုင်ငံသည် မော်တော်ယာဉ် အစိတ်အပိုင်းထုတ်လုပ်မှုတွင် ဒေသဆိုင်ရာ ပါဝင်သည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၎င်း၏ စက်မှုအခြေခံကို ခေတ်မီအောင် မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းရန် အတွက် ကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများနှင့် လျော်ညီစွာ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစက်ရုံများသည် ဒေသတွင်းမှရရှိသော သဘာဝရော်ဘာကို ကုန်ကြမ်းအဖြစ် အမြောက်အမြား အသုံးပြုကြကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ယခင်နှစ်အနည်းငယ်အတွင်း အဓိက တာယာတင်ပို့သည့်နိုင်ငံအဖြစ် သိသိသာသာ တိုးတက်မှု ရရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တာယာတင်ပို့မှုသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၃၈ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၏ အမေရိကန်ဒေါ်လာ ၈၇၄ သန်းနှင့် နှိုင်းယှဉ်ပါက ၅၇.၈၆ ရာခိုင်နှုန်း တိုးတက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် စုစုပေါင်း ရော်ဘာစိုက်ခင်း ဧရိယာ ၄၄၈,၀၅၁ ဟက်တာရှိပြီး ၎င်းအနက် ၃၄၆,၈၄၂ ဟက်တာ (၇၇ ရာခိုင်နှုန်း) သည် ရော်ဘာပင်ရင့်၍ အစေးခြစ်နိုင်သော ဧရိယာဖြစ်ကာ ၁၀၁,၂၀၈ ဟက်တာ (၂၃ ရာခိုင်နှုန်း)မှာ ပြုစုထိန်းသိမ်းဆဲ ဧရိယာဖြစ်သည်။
Source: Khmer Times, March 20, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
