အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် စွမ်းအင်ပြတ်လပ်မှုဖြစ်ပေါ်လာပြီး ဇီဝလောင်စာဆီ (Biodiesel) ဝယ်လိုအားမြင့်တက်လာနိုင်ခြေရှိသော်ငြားလည်း အဓိကတင်သွင်းသူများထံမှ ဝယ်လို အား ကျဆင်းမှုကြောင့် ဈေးနှုန်းအလားအလာကို ခန့်မှန်းနိုင်ဖို့ ခက်ခဲစေပြီး ကမ္ဘာ့စားအုန်းဆီ ဈေးကွက်သည်လည်း ခန့်မှန်းရခက်ခဲသောအခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း ဝါရင့်လုပ်ငန်းရှင် Dorab Mistry က ပြောကြားခဲ့ပါသည်။
“စစ်ပွဲကာလအတွင်း ဈေးကွက်အခြေအနေများသည် အမျိုးမျိုးပြောင်းလဲနိုင်ပြီး မမျှော်မှန်း နိုင်သော တိုးတက်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်” ဟု Godrej International ကုမ္ပဏီမှ ညွှန်ကြားရေးမှူး Mistry က Reuters သတင်းဌာနကို ပြောကြားခဲ့ပါသည်။ ယခင်အပတ်က အမေရိကန်-အစ္စရေး ပူးပေါင်းပြီး အီရန်၏ Hormuz ရေလက်ကြားရှိ သင်္ဘောများကို ပစ်မှတ်ထား မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ရေနံစိမ်းဈေးနှုန်းများသည် လေးနှစ်တာ ကာလအတွင်း အမြင့်ဆုံး သို့ ရောက်ရှိသွားခဲ့သည်။ ထိုသိုရေနံဈေးမြင့်တက်ခြင်းသည် ဟင်းသီးဟင်းရွက်ဆီများကို ဇီဝ လောင်စာထုတ်လုပ်ရာတွင် အသုံးပြုရန် ပိုမိုတွန်းအား ဖြစ်လာစေခဲ့ပါသည်။
“လက်ရှိတွင် ဈေးနှုန်းမြင့်တက်လာမှုများကြောင့် စားသုံးဆီဝယ်လိုအား လျော့ကျလာပြီး၊ ဇီဝလောင်စာဆီ(Biodiesel) ဈေးကွက် မြင့်တက်လာနိုင်ကြောင်း၊ မည်သည့်အချက်က ဈေးကွက်ကို အဓိကလွှမ်းမိုးသွားမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း” Mistry က ဖြည့်စွက် ပြောကြားခဲ့ပါ သည်။ စားသုံးဆီကဏ္ဍကို အနီးစပ်ဆုံး စောင့်ကြည့်လေ့လာသုံးသပ်နေသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော Mistry က ကုန်ပစ္စည်းပမာဏ (Supply) နှင့် ဈေးနှုန်းခန့်မှန်းချက်များသည် ဈေးကွက် အပေါ် များစွာသက်ရောက်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
စားအုန်းဆီဈေးနှုန်းမြင့်တက်လာခြင်း
မလေးရှားနိုင်ငံ၏ စားအုန်းဆီဈေးနှုန်းများသည် ယခုလအတွင်း ၁၄ ရာခိုင်နှုန်းခန့် မြင့်တက် ခဲ့ပြီး တစ်တန်လျှင် ၄,၆၀၀ ရင်းဂစ် (Ringgit) အထက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် သက်သာ၍ ဝယ်ယူသူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော အာရှ ဒေသမှလွဲပြီး ကျန်ဒေသများတွင် စားအုန်းဆီဈေးနှုန်းမှာ ပြိုင်ဘက်ဖြစ်သောပဲပုပ်ဆီ (Soyoil) ထက်ပင် ပိုမိုမြင့်မားလာခဲ့သည်။ စားအုန်းဆီလက်ကျန်ပမာဏ များပြားနေချိန်တွင် ဝယ်လိုအားမှာ လျော့နည်းနေဆဲ ဖြစ်သောကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လတိုင်အောင် စားအုန်းဆီဈေးနှုန်းသည် ၃၈၀၀-၄၃၀၀ ရင်းဂစ်ထိ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ Mistry က ပြီးခဲ့တဲ့လက ခန့်မှန်းခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီ ဝယ်ယူသည့် အိန္ဒိယနိုင်ငံသည် မြင့်တက်နေသော ဈေးနှုန်းအသစ်နဲ့ ဝယ်ယူမှုအသစ်ပြုလုပ်ရန် ဝန်လေးနေပြီး ဆီသန့်စင်လုပ်ငန်းရှင်များက ဈေးနှုန်း အမှန်ပြန်ချိန်ညှိတာကို စောင့်ကြည့်နေကြတယ်လို့ ကုန်သည်များက ပြောကြားခဲ့သည်။ အိန္ဒိယ နိုင်ငံမှတင်ပို့သူများသည် ယခင်က ကြိုတင်စာရင်သွင်းထားသည့် သွင်းကုန်ပမာဏများစွာ ဖယ်ရှား ခံရခြင်းနှင့် ကုန်ပစ္စည်းများ ပြတ်လပ်သွားခြင်းတို့ကြောင့် ထိခိုက်နစ်နာမှုများစွာ ဖြစ်ကြောင်း Mistry က ပြောကြားခဲ့ပါသည်။
လာမည့်လများအတွင်းမှာ အရောက်ပို့ပေးဖို့အတွက် ကြိုတင်စာရင်းသွင်းထားသည့် တောင် အမေရိကနှင့် ပင်လယ်နက်မှ ပဲဆီများစွာပါဝင်သည့် ကာဂိုများသည် ကမ္ဘာ့ပဲဆီဈေးနှုန်း တစ်ဟုန် ထိုးမြင့်တက်ပြီးနောက်မှာ ဖျက်သိမ်းခြင်းခံခဲ့ရသည်။ အကြောင်းအရင်းမှာ ကမ္ဘာ့ပဲပုပ်ဆီ ဈေးနှုန်း များ ရုတ်တရက် မြင့်တက်လာချိန်တွင် ဝယ်ယူသူများအနေဖြင့် အိန္ဒိယတွင် ယင်းဆီများကို သန့်စင် ရောင်းချခြင်းထက် ကုန်ပစ္စည်းပေးသွင်းသူထံ ပြန်လည်ရောင်းချခြင်းက ပိုမိုအကျိုးအမြတ်ရရှိ သောကြောင့်ဖြစ်ကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။
မုန်ညင်းဆီ အထွက်နှုန်းကောင်းမွန်နေခြင်းသည် ဈေးနှုန်းအဆမတန် မြင့်တက်မသွားအောင် ကူညီပေးသော်လည်း ကန့်သတ်သွင်းကုန်များရောက်ရှိမှုသည် အိန္ဒိယစားအုန်းဆီဈေးနှုန်းကို အထောက်အပံ့ဖြစ်စေဖို့ မျှော်လင့်ကြောင်း Mistry က ပြောကြားခဲ့ပါသည်။ မုန်ညင်းနှင့် မုန်ညင်းစေ့ (Rapeseed) များသည် အိန္ဒိယနိုင်ငံ၏ အဓိက ဆောင်းသီးနှံများဖြစ်ပြီး လာမည့်လမှစတင်ကာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာတော့မည် ဖြစ်ကြောင်းသိရှိရသည်။
Source: Reuters, March 17, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
