Main menu

ပေါက်ပင်အစွမ်းအံ့မခမ်း

Powered by Drupal
Thu, 03/26/2026 - 16:22 -- consumer_admin

           မြန်မာနိုင်ငံမြေပြန့်ဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်ပြီး အပင်၏ပုံသဏ္ဍာန်မှာ အမြင့်ပေ ၅၀ မှ ၈၀ အထိရှိတက်ပြီး ပင်စည်ဖြောင့်မတ်သော ရွက်ကြွေ အပင်ကြီးတစ်မျိုး ဖြစ်ပါသည်။ ပေါက်ပင်ကို အင်္ဂလိပ်လို Flame of forest ဟုခေါ်ပြီး ရုက္ခဗေဒအမည် Butea Frondosa Roxb ဖြစ်ပြီး မျိုးရင်းမှာ Fabaceae ဖြစ်ပါသည်။ ပေါက်ပင်၏ အရွက်မှာ ရွက်ကြောထင်ရှားပြီး ရွက်နားညီသည့်အပြင် ထိပ်ဝိုင်း၍အရမ်းကျယ်သည့်ပုံစံမျိုးရှိပြီး သုံးမြွှာရွက် ပေါင်းဖြစ်ပါသည်။ အရွက်၏အပေါ်မျက်နှာပြင်မှာ ပြောင်ချောနေပြီး အောက်မျက်နှာပြင်နှင့် အညွန့်များမှာ ကတ္တီပါကဲ့သို့နူးညံ့သော အမွေးလေးများပါရှိပါသည်။ အခေါက်မှာအနီရောင် အစေးများ ထွက်တက်ပြီး တပို့တွဲလနှင့်တပေါင်းလတို့တွင် အပွင့်များပွင့်ပါသည်။ အပွင့်မှာ လိမ္မော်ရောင်ကဲ့သို့နီကြန့်ကြန့်အရောင်ရှိပြီး ကြက်တူရွေးနှုတ်သီးကဲ့သို့ ကွေးနေသော ပုံသဏ္ဍန်ရှိပါ သည်။ တန်ခူးလနှင့်ကဆုန်လတွင်အသီးသီးပြီး အသီးမှာ ၆ လက်မမှ ၈ လက်မခန့်ရှည် သည့်အပြင် အစေ့တွင် ရှည်လျားသောအတောင်ပါရှိပါသည်။

            ပေါက်ပင်၏အပွင့်၊ အစေ့၊ အရွက်၊ အစေး၊ အခေါက်၊ ဥစသည့် ပဥ္စငါးပါးလုံးကို ဆေးအဖြစ် အသုံးပြုကြပါသည်။ တိုင်းရင်းဆေးကျမ်းတွင် ပေါက်ပင်သည်ပူသောသဘောရှိပြီး ဖန်ခင်း၊ ခါးခြင်း၊ စပ်ခြင်းအရသာရှိသော်လည်း ဆီး၊ဝမ်းကိုရွှင်စေခြင်း၊ ဝမ်းမီးကောင်းခြင်း၊ အရိုးကျိုးခြင်းကိုဆက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ပိုးနာ၊ အနာပေါက်ရောဂါများအား သက်သာပျောက်ကင်းစေပါသည်။ ပေါက်ပွင့် သည် အေးသည့်သဘောရှိပြီး ဖန်၊ ခါး၊ စပ်အရသာရှိပါသည်။ ပေါက်ပွင့်သည်လေကိုပွားစေခြင်း၊ သည်းခြေနှင့် သလိပ်ကိုနိုင်ခြင်း၊ ရေငတ်ပြေခြင်း၊ ဆီးပူ/ဆီးအောင့်ခြင်းကို သက်သာပျောက်ကင်း စေပါသည်။ အသည်းရောင်အသားဝါရောက်ဂါနှင့် အသည်းရောဂါများကုသရာတွင် ပေါက်ပွင့်ကို ဆေးဝါးအဖြစ် အသုံးပြုကြပါသည်။ ပေါက်ပင်၏အရွက်သည် စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာကို သက်သာစေပြီးသန်ကျစေသောအာနိသင်ရှိပါသည်။ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခင်း၊ အအေးမိခြင်းတို့ကိုသက်သာစေပါသည်။ ပေါက်ပင်၏ အစေးသည် ချုပ်သောသဘောရှိသဖြင့် ဝမ်းပိတ်ဆေးအဖြစ် အသုံးပြုကြပြီး အကျိတ်အဖုကို ကြေစေခြင်း၊ ခံတွင်းတွင်အနာဖြစ်ခြင်း၊ ချောင်းဆိုးခြင်းတို့ကို ပျောက်ကင်းစေသည့်အပြင် ခြေဖနောင့်ကွဲခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။ ပေါက်ပင်၏အစေ့သည် ဆီးချိုကျ စေသည့်အာနိသင်ရှိပြီး ပေါက်အစေ့နှင့်သန်ကျဆေးနှင့် အားတိုးဆေးများအဖြစ် ဖေါ်စပ်အသုံးပြု နိုင်ကြောင်း တိုင်းရင်းဆေးကျမ်းများတွင်ဖေါ်ပြထားပါသည်။ အခေါက်သည်အပူလောင်ခြင်း၊ ထိခိုက် နစ်နာဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းကိုသက်သာစေပါသည်။ အရေပြားရောဂါနှင့် လည်ပင်းကြီးရောဂါ တို့ကို သက်သာစေပါသည်။ အမြစ်သည်အမြင်အာရုံကို အားကောင်းစေခြင်း၊ ကြက်မျက်သင့်ခြင်း၊ မျက်စေ့မမြင်ခြင်းတို့ကိုသက်သာစေကြောင်း တိုင်းရင်းဆေးကျမ်းများတွင် ဖေါ်ပြထားပါသည်။ ပေါက်ပင်၏ပဥ္စငါးပါးလုံးသည် မြွေ၏အဆိပ်ကိုနိုင်သောကြောင့် မြွေဆိပ်ဖြေဆေးဖေါ်စပ်ရာတွင် အသုံးပြုနိုင်ကြောင်း သုတေသနစာတမ်းများတွင် ဖေါ်ပြထားသည်ကို တွေ့ရှိရပါသည်။ “မသိသူကျော်သွားသိသူဖေါ်စား” ဆိုသည့်စကားပုံအတိုင်း မြေပြန့်ဒေသတွင် ပေါများစွာ ပေါက်ရောက်နေသည့် ပေါက်ပင်များ၏ အကျိုးအားဖေါ်ပြလိုက်ပါသည်။

DOCA(ပဲခူး)