
ကင်ဘိရွက် ကို ဒေသအလိုက် ဂန်ဘိရွက်၊ ဒေါက်ခွရွက်ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ကင်ဘိပင်သည် အလေ့ကျပေါက်သော အပင်တစ်မျိုးဖြစ်သော်လည်း ရှားပါးမျိုးဖြစ်ပါသည်၊၊ စိုစွက် သော ရာသီဥတုကို နှစ်သက်သော နွယ်ပင်အမျိုးအစား ဖြစ်သည်။ ကင်ဘိတွင်ရိုးတံအနီနှင့် အစိမ်းနှစ်မျိုးရှိပါသည်။ အပွင့်သည် အဖြူရောင်ဖြစ်ပြီး အသီးလေးများသည် နုစဉ်အခါအဖြူ ရောင်ဖြစ်၍ ရင့်မှည့်ချိန်တွင် အမဲရောင်ဖြစ်ပြီး အတွင်းတွင် အနီရောင်အသားပါသည်။
ရခိုင်လူမျိုးတို့သည် ကင်ဘိရွက်ကို အင်မတန်မှ တန်ဖိုးထားနှစ်သက်ကြသည်။သို့သော် ကင်ဘိရွက်သည် ဈေးကွက်အတွင်း၌ ရောင်းချခြင်းမတွေ့ရှိရပါ။ တစ်ချို့ကအိမ်ခြံဝန်းအတွင်း စိုက်ပျိုး ကြပါသည်။ကင်ဘိရွက်သည် ဆေးဖက်ဝင်မှုအနေဖြင့် ဆံပင်နှင့် အသားအရေကို ကောင်းမွန်စေခြင်း၊ မျက်စိအားကောင်းခြင်း၊ အရိုးအတွက် ကောင်းမွန်ခြင်း၊ ကိုယ်ခံအားစနစ် ကောင်းမွန်ခြင်း၊ ဝမ်းမှန်ခြင်း၊ နှလုံးကျန်းမာရေးကောင်းခြင်း၊ ဦးနှောက်နှင့် အာရုံကြောများ ကောင်းမွန်ခြင်းနှင့် ကင်ဆာရောဂါ အထိ ကောင်းမွန်သည်ဟုဆိုထားပါသည်။
ကင်ဘိရွက်အား ချဉ်ပေါင်ရွက်နှင့် ကင်ပွန်းချဉ်ရွက်တို့ဖြင့် ချက်စားလျှင် အလွန်ကောင်းမွန် သည့်အတွက် ခံတွင်းပျက်ခြင်းမှ ကင်းဝေးစေပါသည်၊၊ ငါးကလေးများနှင့်လည်းအုပ်၍ ချက်စားပါက လည်းစားကောင်းပါသည်။ တန်ဘိုးကြီးမားလှသည့် ဆေးဖက်ဝင်အပင် ကင်ဘိအား မျိုးယူ၍ အိမ်တိုင်း၌ စိုက်ပျိုးသင့်ကြောင်း ရေးသားလိုက်ရသည်။
DOCA(ပဲခူး)
