
ရှေးနှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်သည် ကျန်းမာရေးအတွက်ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ကြောင်းကို စာပေများမှလေ့လာမှတ်သားသိရှိရပါသည်။ အုန်းစိမ်းသီးတစ်လုံးတွင် အရည်ဓာတ် ၂၀၀မီလီလီတာမှ ၁၀၀၀ မီလီလီတာအထိပါဝင်ပါသည်။ အုန်းစိမ်းရည်သည် အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းသော သဘာဝအချိုရည်တစ်မျိုးဖြစ်ပါသည်။ အုန်းစိမ်းရည်သည် အုန်းသီးခြောက် အရည်ထက် အာဟာရဓာတ်ပိုမိုပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းများ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဇင့်ဓာတ် စသည့်သတ္ထုဓာတ်များစွာပါဝင်နေပါသည်။ အုန်းစိမ်းရည်တွင်ပါဝင်သောအာဟာရဓာတ်များသည် ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးပြီး အရွယ်တင်နုပျိုစေသလို ဘတ်တီးရီးယားနှင့် ကင်ဆာရောဂါများကို တိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိပါသည်။ အုန်းစိမ်းရည်သောက်သုံးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေး ကောင်းကျိုးများမှာ ခန္ဓာကိုယ်အတွက်ရေဓာတ်ကိုဖြည့်ပေးခြင်း၊ သွေးတိုးကျစေခြင်း၊ နှလုံးကျန်းမာ စေခြင်း၊ အရက်နာကျခြင်းကိုသက်သာစေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း၊ လေပွခြင်းကိုသက်သာစေခြင်း၊ မျက်လုံးကျန်းမာစေခြင်း၊ သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးခြင်း၊ ဆီးရွှင်စေခြင်းနှင့် အရွယ်တင်နုပျိုစေခြင်းစသည့် ကျန်းမာရေးကောင်းကျိုး များစွာကိုရရှိစေနိုင်ပါသည်။ နွေရာသီ၏ဓာတ်စာတစ်မျိုးဖြစ်သောအုန်းစိမ်းရည်ကို ယခုအချိန်တွင် အရောင်းအဝယ်သွက်လျက်ရှိပြီး အုန်းစိမ်းဂျယ်လီပြုလုပ်၍လည်းရောင်းချလျက်ရှိသည်။ မြင်းခြံမြို့မ ဈေးအတွင်းရှိ အုန်း၊ ငှက်ပျောအရောင်းဆိုင်များတွင်အုန်းစိမ်းတစ်လုံးကို(၄၅၀၀-၅၅၀၀) ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။
DOCA(မန္တလေး)
