
မိတ္ထီလာဈေးကွက်တွင် ဇန်နဝါရီလမှစ၍ မန်ကျီးမှည့်အသစ်များရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မန်ကျီးမှည့်မှာ နှစ်စဉ် ဇန်နဝါရီလမှမတ်လအထိထွက်ရှိသဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချရာ ယခုနှစ်သီးနှံပေါ်စက မန်ကျီးအလုံး(အစေ့ပါ) တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ဖြင့်ရောင်းချခဲ့ပြီး သီးနှံအထွက်များလာချိန် ဖေဖော်ဝါရီလဆန်းတွင်(၃၀၀၀)ကျပ်ဖြင့် ရောင်းချရ ကြောင်း တောင်သူများထံမှသိရသည်။ ဖေဖော်ဝါရီလ တတိယပတ်၌ မန်ကျီးမှည့်များအထွက် လှိုင်လာပြီဖြစ်၍ ဈေးနှုန်းကျဆင်းလာရာ(၂၅၀၀-၂၆၀၀)ကျပ်ဈေးဖြင့် မိတ္ထီလာမြို့ရှိ သီးနှံပွဲရုံများ သိရသည်။
ဒေသတွင်းနေထိုင်သူများအတွက် အေးမြသောအရိပ်ကိုသာမက အပင်မှထွက်ရှိလာသော အပွင့်များကိုသုပ်၍လည်းကောင်း၊ အရွက်ကို ဟင်းလျာချက်၍အပြင် မန်ကျီးလက်ဖက်အနေဖြင့်လည်းကောင်း အသီးအနှစ်ကို ဟင်းလျာချက်ပြုတ်ရန်အပြင် တိုင်းရင်းဆေးဝါးဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုရသဖြင့် အကျိုးကျေးဇူးများသောသီးနှံဖြစ်ပါသည်။
အညာဒေသအနေဖြင့် မိုးသီးနှံကို အဓိကထားစိုက်ပျိုးကြရာ မိုးသီးနှံကုန်၍ လုပ်ငန်းပါးချိန်၌ နေ့စားလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်သော သီးနှံတစ်မျိုး ဖြစ်ကြောင်းသိရသည်။
DOCA(မန္တလေး)
