
အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် တူရကီနှင့် တရုတ်နိုင်ငံများ၏ အာဏာပိုင်များနှင့် သဘောတူညီမှုများချုပ်ဆိုကာ ငါးထုတ်လုပ်ရေးစက်ရုံ ၅၇ ခု အတွက်ပို့ကုန်ခွင့်ပြုနံပါတ်များ ရရှိစေခဲ့ကြောင်း သိရပါသည်။ ရေကြောင်းနှင့် ငါးထွက်ကုန် အရည်အသွေးထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးအေဂျင်စီ အကြီးအကဲ Ishartini က ခွင့်ပြုနံပါတ် များ ထုတ်ပြန်ပေးပြီးနောက် ငါးလုပ်ငန်း ၅၇ ခုသည် တူရကီနှင့် တရုတ်နိုင်ငံများသို့ ငါးနှင့် အခြား ငါးထွက်ကုန်များကို တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ငါးထုတ်လုပ်ရေးစက်ရုံများကို အဆိုပြုတင်ပြ ခြင်းမှာ စာရင်းတင်ပြခြင်းသာမကဘဲ နည်းပညာဆိုင်ရာ စိစစ်အတည်ပြုမှုများနှင့် တူရကီနှင့် တရုတ်အာဏာပိုင်များ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မေးခွန်းလွှာများ ဖြည့်စွက်ရခြင်း တို့ပါဝင်ကြောင်းနှင့် အဆိုပြုထားသော စက်ရုံများသည် Hazard Analysis and Critical Control Point (HACCP) လက်မှတ်များ ရရှိထားပြီး သန့်ရှင်းရေး၊ သန့်စင်ရေးနှင့် အစားအစာ လုံခြုံရေး စံချိန်စံညွှန်းများကို တင်းကြပ်စွာ လိုက်နာဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ တူရကီနိုင်ငံသို့ အတည်ပြုချက်ရရှိရန် စက်ရုံ ၅၆ ခုကို တင်ပြထားရာ ၅၂ ခုမှာ ခွင့်ပြုနံပါတ်များ ရရှိပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ၄ ခုမှာ စိစစ် အတည်ပြုမှု လုပ်ငန်းစဉ်အတွင်း ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသို့ တင်ပြထား သော စက်ရုံ ၅ ခုလုံးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန (GACC) မှ အတည်ပြုခဲ့ကြောင်း သိရပါသည်။ Ishartini က တူရကီနိုင်ငံသည် Approved Establishment System of the Republic of Türkiye (TROIS) ဟု ခေါ်သော တင်သွင်းရေး စနစ်အသစ်ကို အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းကြောင့် ထိုနိုင်ငံသို့ လျှောက်ထားခြင်းမှာ အရေးကြီးကြောင်းနှင့် ခွင့်ပြုနံပါတ်ရရှိပြီး စနစ်အတွင်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီများသာ ထိုနိုင်ငံသို့ ငါးနှင့် ငါးထွက်ကုန်များ တင်ပို့ခွင့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အင်ဒိုနီးရှား ငါးထွက်ကုန်များအတွက် အလားအလာရှိသည့် စျေးကွက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ၂၀၂၅ ခုနှစ် အချက်အလက်အရ skipjack tuna၊ tuna၊ carrageenan၊ sardines၊ lemuru (Bali sardinella)၊ octopus နှင့် processed seaweed တို့ပါဝင်သည့် ထို နိုင်ငံသို့ တင်ပို့သည့် အဓိက ကုန်ပစ္စည်း ၇ မျိုး၏ စုစုပေါင်းပမာဏမှာ တန်ချိန် ၂,၆၀၀ ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၆ သန်းရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် အင်ဒိုနီးရှား၏ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်နေဆဲဖြစ်ပြီး ငါးထွက်ကုန် အမျိုး အစား ၁,၀၈၀ မျိုးကို ထိုနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် တရုတ် နိုင်ငံသို့ အင်ဒိုနီးရှား၏ ငါးထွက်ကုန်တင်ပို့မှုမှာ တန်ချိန် ၄၉၁,၅၂၈ ရှိခဲ့ပြီး စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသို့ အဓိက တင်ပို့သည့် ရေထွက်ကုန်များမှာ frozen squid၊ Eucheuma cottonii seaweed၊ Gracilaria seaweed၊ frozen ribbonfish၊ frozen leatherjacket fish နှင့် frozen croaker တို့ဖြစ်ကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)
