Main menu

စားဖိုဆောင်နနွင်း၏ဆေးဖက်ဝင်ပုံအကြောင်း

Powered by Drupal
Sat, 02/21/2026 - 13:19 -- consumer_admin

    နနွင်းပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သလို အထက်ပိုင်း တောတောင်များ၌ သဘာ၀အလျောက် ပေါက်ရောက်သည်။ နနွင်း အမျိုးအစား ၇ မျိုး ရှိသည့်အနက် နနွင်းရိုးရိုး ကိုသာလျှင် ဆေးဖော်စပ်ရာ၌  အသုံး ပြု၏။ အပွင့်သည်အဝါနုရောင် ရှိသည်။ အပွင့်သည်ဆိပ်ဖူးပွင့် နှင့် တူသည်။ ဝါဆို ၊ ဝါခေါင် လများတွင် ပွင့်သည်။ စိုက်ပျိုးရာတွင် ချင်းပင်ကဲ့သို့ စိုက်ပျိုးရသည်။

            နနွင်း၏အရသာမှာ ပူ၍စပ်ရှားရှား အရသာရှိပြီး ခါးသက်၍ ဆိမ့်သော အရသာ အနည်းငယ် ရှိ၏။ လေကိုနိုင်၏။ ဝမ်းမီးကိုကောင်းစေပြီး အစာမကြေရောဂါကို ပျောက်ကင်းစေတတ်၏။ နနွင်းသည် ရောဂါအမျိုးမျိုးတို့ကို ပယ်နိုင်၍အသက်ရှည်ဆေး အဖြစ်ထင်ရှား၏။ ကိုယ်ဝန်ဆောင် စဉ်အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ် ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီး နောက် ချည့်နဲ့ခြင်း၊ အသားအေးခြင်း၊ သားမြတ် ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖောဖြစ်ခြင်း ၊ ယားယံခြင်းတို့အတွက် နနွင်းကိုအမှုန့်ပြုကာ ရေနှင့်ဖျော်၍ လိမ်းပေးခြင်း၊ သောက်ပေးခြင်း၊ မှိုင်းရှူပေးခြင်း၊ ရေနွေးနှင့် ပြုတ်၍ရေချိုးပေးခြင်း၊ ကြပ်ထုပ် ထိုးပေးခြင်းတို့ဖြင့် ပျောက်ကင်း စေနိုင်သည်။

            သားအိမ်မသန့်သောရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျားရောဂါတို့ အတွက်လည်း နနွင်းကို ဆေးဖက်အဖြစ် အသုံးပြုရ၏။ သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။ နနွင်း သည် ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်၊ ဝမ်းလျှော ရောဂါ တို့ကို ပျောက်ကင်းစေ၏။ နနွင်း ကို ဆားအနည်းငယ်ခတ်၍ တစ်နေ့ ၃ ကြိမ် သောက်သော် လေထိုးလေအောင့် ရောဂါပျောက်၏။ နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည်သုံးမျိုးရောသောက်သော် ဆီးပူ၊ ဆီးအောင့်မှစ၍ ဆီးရောဂါ အမျိုးမျိုးပျောက်၏။ နနွင်းဥကိုပါးပါးလှီး၍ နေရိပ်တွင်လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့တစ်ကြိမ်သောက်သော် အစာအိမ်ရောဂါပျောက်၏။ နနွင်းပင်၏အပွင့်နဲ့ အတက်(အမြစ်) များသည် မြန်မာ့ရိုးရာစားသောက်မှုပုံစံအမျိုးမျိုးနှင့် တိုင်းရင်းဆေးများ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြောင်း ဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)