Main menu

လူတိုင်း အလေးထား ကုန်အညွှန်းအမှတ်အသား

Powered by Drupal
Fri, 02/20/2026 - 13:13 -- consumer_admin

      တိုးတက်လာသောခေတ်နှင့်အညီ ဈေးကွက်အတွင်း အမျိုးအစားစုံလင်လှသော ကုန်ပစ္စည်းအများအပြားတိုးပွားလာလျက်ရှိနေပြီး စားသုံးသူများကလည်း ကုန်စည်များကို  နေ့စဉ်ဝယ်ယူ သုံးစွဲနေကြရပါသည်။ စားသုံးသူများအနေဖြင့် မိမိလိုလိုချင်သည့် ကုန်စည် အမျိုးအစားအလိုက် အမှတ်တံဆိပ်အမျိုးမျိုး ၊ ရွေးချယ်စရာအမျိုးမျိုးတို့ကြား မိမိ အတွက် ဘေးကင်း လုံခြုံစိတ်ချမှုရှိစေသည့် ကုန်စည်ကို ရွေးချယ်ရာတွင် မည်သည့် အချက်အလက်များ ကို ကြည့်ရှုရွေးချယ်ဝယ်ယူသင့်သည်/ အဘယ်ကဲ့သို့သော ကုန်စည်သည် မိမိအတွက် စားသုံးသူ အခွင့်အရေးများအပြည့်အဝရရှိစေသည်ကိုစားသုံးများအနေဖြင့်သိရှိထားသင့်သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်းမိမိတို့၏ထုတ်ကုန်များတွင် စားသုံးသူများအတွက်ကုန်အညွှန်းအမှတ် အသားများ ထည့်သွင်းဖော်ပြပေးရန် တာဝန်ရှိပါသည်။

          ကုန်အညွှန်းအမှတ်အသားဆိုသည် တစ်နည်းအားဖြင့် ကုန်စည်နှင့်ပတ်သက်သည့်  သတင်းအချက်အလက်များပင်ဖြစ်ပေသည်။ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) ၏ အခန်း(၁၈) တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို တိကျစွာ သတ်မှတ် ပြဋ္ဌာန်း ထားပါသည်။ စားသုံးသူ ကာကွယ်ရေး ဥပဒေ သည် စားသုံးသူဖြစ်စေ၊ ထုတ်လုပ်သူဖြစ်စေ (လူတိုင်းလူတိုင်း) သိရှိသင့်သည့် ဥပဒေ ဖြစ်သည့် အတွက် လေ့လာလို လျှင် www.doca.gov.mm Website သို့ ဝင်ရောက်၍ ဥပဒေအကြောင်းနှင့် စားသုံးသူ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ အကြောင်းလေ့လာကြည့်ရှု နိုင်ပါသည်။

                             ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအနက်မှ စားသုံးသူများ အနေဖြင့် ကုန်စည်ရွေးချယ်ရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေး အတွက် အရေးကြီး သော အချက် အလက်တစ်ချို့ကိုထုတ်နှုတ်တင်ပြလိုပါသည်။ပထမဦးစွာကုန်စည်ဝယ်ယူလျှင် ကုန်စည်သက်တမ်း ကို ကြည့်ရှုသင့်သည်။ မည်မျှပင်ကောင်းမွန်သောပစ္စည်းဖြစ်စေကာမူ သက်တမ်းကုန်ဆုံးနေပါက အသုံးမဝင်သည့်အချည်းနှီးပင်ဖြစ်ပါသည်။ ဆက်လက်၍ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် သုံးစွဲပုံ နည်းလမ်းများကိုလည်းကြည့်ရှု၍ လိုက်နာကျင့်သုံးသင့်ပါသည်။ ဥပမာ- ကုန်စည်သည် စိုက်ပျိုး ရေးသုံး ပိုးသတ်ဆေး/ပေါင်းသတ်ဆေးမျိုး (သို့ ) အိမ်သုံးဆေးဝါးများ ဖြစ်ခဲ့လျှင် ဤအချက်များမှာ အထူး ပို၍ အရေးကြီးလွန်းလှသည်။ ကုန်စည်သည် ထုတ်လုပ်စဉ်အချိန်က အရည်အသွေး ကောင်းမွန်သော်လည်း ထားသိုမှုနည်းစနစ်မမှန်ကန်ခြင်း၊ သုံးစွဲပုံနည်းလမ်းမမှန်ကန်ခြင်းတို့ကြောင့် ဘေးဥပါဒ်များ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့်လည်း ယင်းအချက်များကို  မြန်မာဘာသာဖြင့် ဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပဒေတွင် တင်းကြပ်စွာ သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ ကုန်ပစ္စည်း တင်သွင်း/ထုတ်လုပ်သူအမည်နှင့် လိပ်စာများ ၊ သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက် အမှတ်များ ပါရှိခြင်းရှိ/မရှိခြင်း သည်လည်း အရေးကြီးပါသည်။ မိမိအသုံးပြုသော ကုန်စည်ကြောင့် ထိခိုက်နစ်နာမှုများရှိလာပါက လုပ်ငန်းရှင်ကိုဆက်သွယ်ရမည့်လိပ်စာ / ဖုန်းနံပါတ် များပါရှိမှသာ လွယ်ကူစွာဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက် အမှတ်များပါရှိသော ကုန်စည်ဖြစ်ပါက တရားဝင်မှတ်ပုံတင်ထားသောလုပ်ငန်း ဖြစ်သဖြင့် စားသုံးသူ ပြည်သူများအတွက် ဘေးကင်းလုံခြုံစိတ်ချရမှု  ပိုမို ရရှိစေပါသည်။ ထိုကြောင့် စားသုံးသူများအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် အသိ၊ သတိ ရှိသော စားသုံးသူ (Smart Consumers) များ  ဖြစ်လာမည် ဖြစ်ပါသည် ။

                              ကုန်အညွှန်းအမှတ်အသားမပြည့်စုံသောကုန်စည်ကိုသုံးစွဲခြင်းသည် စားသုံးသူများအတွက် ဘေးကင်းလုံခြုံမှုကင်းမဲ့စေသည့်အပြင် ယင်းကုန်စည်ကြောင့်ဖြစ်ပေါ်လာသောနစ်နာမှုများကိုစားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားရာတွင်လည်းအထောက်အထားပြည့်စုံမှု  အခက်အခဲများ ရှိစေနိုင်သည့် အတွက် စားသုံးသူများအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုအလေးထားရွေးချယ်ဝယ်ယူခြင်းဖြင့် မိမိအတွက် ဘေးကင်းလုံခြုံမှုရရှိစေသည့် အပြင် စားသုံးသူအခွင့်အရေးများတောင်းဆိုရာတွင်လည်း လွယ်ကူလျှင်မြန်စေမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။  

DOCA(ရှမ်း)