Main menu

ရွှေစိမ်းရောင်များဖွံ့ဖြိုးတိုးတက်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး

Powered by Drupal
Tue, 02/10/2026 - 15:37 -- consumer_admin

ဝါးပင်သည် အမြဲစိမ်းလန်းစိုပြည်သောမြက်ပင်ကြီးမျိုးဖြစ်သည့်အပြင် လူတို့မရှိမဖြစ် အသုံးဝင်သောအပင်လည်းဖြစ်သည်။ လူသားများသည် ရှေးနှစ်ပေါင်းများစွာဘိုးဘေးဘီဘင် လက်ထက်ကတည်းက နေထိုင်ရေး၊စားသောက်ရေး၊လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် မိရိုးဖလာ နည်းဖြင့် ပြုလုပ်သုံးစွဲလာကြသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးရိုးမ၊ အနောက်ရိုးမ ရခိုင်ပြည်နယ်၊ရှမ်းကုန်းပြင်မြင့်အထက်၊ တနင်္သာရီကမ်းရိုးတန်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တိုင်းဒေသကြီးပြည်နယ်များတွင် ဝါးပင်များပေါများစွာပေါက်ရောက်သည်။ ဝါးပင်သည် ဥရောပတိုက်မှအပအရှေ့အာရှတိုက်နှင့်အာဖရိကတိုက်တို့တွင်လည်း ပေါများစွာ ပေါက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံသည် ဝါးပင်ပေါက်ရောက်ရာနိုင်ငံတိုင်းပြည်များအနက် တတိယ အများဆုံးအဖြစ်ရပ်တည်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဝါးမျိုးစုံပေါက်ရောက်သည့် အတွက်ဝါး မျိုးနွယ်ပေါင်း၂၁မျိုးနှင့် ဝါးမျိုးစိတ်ပေါင်း၁၀၂မျိုးရှိသည်ကို တွေ့ရပါသည်။ မြန်မာ နိုင်ငံတွင် စီးပွားဖြစ်အသုံးပြုနေသောဝါး၁၈မျိုးမှာ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဝါး၊ တင်းဝါး၊ ဝါးနွယ်၊ ကရင်ဝါး၊ ကြသောင်းဝါး၊ တပင်တိုင်ဝါး၊ သိုက်ဝါး၊ သနပ်ဝါး၊ ကြလိုဝါး၊ ဝါးပိုးဝါး၊ ဝါးပိုးမျက်ဆန်ကျယ်၊ ဝါးကြီး၊ ဝါးနက်ဝါး၊ ဝါးပိုးမျက်ဆန်ကျယ်၊ ဝါးကြီး၊ ဝါးနက်ဝါး၊ ဝါးယား၊ ကလွေဝါး၊ ဝါးနီတို့ဖြစ်ကြသည်။ အိမ်တွင်းအသုံးအဆောင်အဖြစ် ဆန်ကော၊ ဆန်ခါ၊ တင်းတောင်း၊ ပုတ်၊ ပလိုင်း၊ ထရံ၊ ဖျာ၊ ဝါးကပ်၊ ဝါးယင်းလိပ်၊ တံမြတ်စည်း၊ ထီးရိုး၊ ဝါးတူ၊ သွားကြားထိုးတံ၊ ဝါးလိုက်ကာ၊ ခုတင်၊ ဆက်တီ၊ ကုလားထိုင်၊ စားပွဲ၊ ဝါးအထပ်သား၊ ဝါးပါကေး၊ ဝါးကြမ်းခင်း၊ ဝါးအဆောက်အအုံ၊ ဝါးငြိမ်း၊ ဝါးရေပိုက်၊ ဝါးရေတံလျှောက်တို့ အသုံးပြုကြသည်။ စားသောက်ကုန်အဖြစ် မျှစ်စို၊ မျှစ်ခြောက်၊ ဗင်နီကာ၊ အရက်၊ ဝိုင်၊ ဝါးပေါင်းရည်၊ ဆေးဝါး၊ တိရိစ္ဆာန်အစားအစာအဖြစ် ထုတ်လုပ်နိုင်သည်။ လူသုံးကုန်အဖြစ် စက္ကူပျော့ဖတ်၊ အဝတ်အထည်(ချည်)၊ ဝါးမီးသွေး၊ ဝါးဆပ်ပြာ၊ လောင်စာတောင့်၊ ရေငွေ့စုပ်ခဲ၊ ရေသန့်စင်မီးသွေးတို့ထုတ်လုပ်ကြသည်။ အလှဆင်ပစ္စည်းနှင့် အသုံးအဆောင် ပစ္စည်းအဖြစ် ဝါး၊ တစ်ရှူးဘောက်၊ ဓာတ်ပုံဘောင်၊ မီးအိမ်အမျိုးမျိုး၊ ဝါးယပ်တောင်၊ ဝါးနာရီ၊ ဝါးလင်ပန်း၊ ဝါးဓာတ်ဘူး၊ ဝါးရေနွေးကရား၊ သောက်ရေခွက်၊ ဖုန်းတင်စင်၊ အင်္ကျီချိတ်၊ ဝါးတုတ်ကောက်၊ ဝါးမြစ်ဆုံပန်းပု များဖန်တီးထုတ်လုပ်ကြသည်။ ဝါးရွက်ဖက်မှ အိမ်အမိုးမိုးခြင်း၊ ခမောက်၊ ဦးထုပ်၊ ဝါးဖက်ပန်းကန်၊ ဝါးဖက်ခွက်၊ ဝါးဖက်ထမင်းဘူးအမျိုးမျိုးထုတ်လုပ်ကြသည်။

ဝါးပင်တို့၏သဘောသဘာဝနှင့်ဂုဏ်သတ္တိ

          ဝါးပင်သည် ဖြောင့်တန်းပြီးပေ၆၀မှပေ၁၂၀ကျော်အထိ မြင့်တက်နိုင်သည်။ တစ်ပင်ချင်း သော်လည်းကောင်း၊ ရုံလိုက်သော်လည်းကောင်းပေါက်တတ်ကြသည်။ ဝါးပင်တစ်ပင်၏ တစ်နေ့ ရှင်သန်နှုန်းမှာ ၁၀လက်မခန့်မြင့်တက်နိုင်သည်။ ဝါးပင်သည် အမြဲစိမ်းစိုနေသော အပင်ဖြစ်သည့် အတွက် နှစ်ရှည်ပင်များထက် ရေစုပ်ယူမှု၊ ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူမှုအားကောင်းသည်။ ဝါးပင်သည် နေ့အချိန်တွင်စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသော မီးခိုးများနှင့် လေယာဥ်၊ မီးရထား၊ ကား၊ ဆိုင်ကယ်၊ အင်ဂျင်မီးစက်များမှထွက်ရှိနေသော ကာဗွန်ဒိုင်အောက်ဆိုက်ညစ်ညမ်းသော ဓာတ်ငွေ့ လေများကိုစုပ်ယူထားရှိသည်ပြီး ညအချိန်တွင်လူ၊တိရိစ္ဆာန်များအတွက် အောက်ဆီဂျင်ဓာတ်ငွေ့ များကို ထုတ်လွှတ်ပေးလျက်ရှိသည်။ ဝါးပင်တစ်ပင်၏သက်တမ်းသည် နှစ်ပေါင်း၃၀မှ ၁၂၀ထိ ရှင်သန်နိုင်သည်။ ဝါးပင်သည် နှစ်အတန်ကြာမှဝါးသီးများသီးလေ့ရှိကြသည်။ တစ်ချို့နှစ်ပေါင်း ၃၀ကြာမှဝါးသီးများသီးကြသည်။ ဝါးသီးများသီးပြီး ဝါးရွက်များတဖြေးဖြေး ကြွေကျခြောက်သွေ့ကာ သေဆုံးကြရသည်။ ဝါးသီးများသီး၍ သေဆုံးခြင်းကို ဝါးသုဥ်းသည်ဟုခေါ်သည်။ ဝါးသုဥ်းခြင်းသည် တစ်ပင်ခြင်းသော်လည်းကောင်း၊ ရုံလိုက်သော်လည်းကောင်း၊ ကွက်ကျားသော်လည်းကောင်း မျိုးသုဥ်းတတ်ကြသည်။ နှစ်ရှည်ပင်စိုက်ပျိုးပါက နှစ်ပေါင်း၃၀မှခုတ်ယူအကျိုးခံစားနိုင်သလို ဝါးပင် စိုက်ပျိုးပါက ဝါးသက်တမ်းနှစ်နှစ်မှ ခုနှစ်နှစ်အတွင်း အကျိုးခံစားနိုင်သည်။ ဝါးသက်တမ်း နှစ်နှစ်သားအား ယွန်းထည်ခွေရန်ရက်ထည်များနှင့် နှီးများဖြာရန်အတွက် အသုံးပြုနိုင် သည်။ လမ်းတံတားအဆောက်အအုံ၊ ပရိဘောဂအထည်များထုတ်လုပ်ရန်အတွက် ခုနှစ်နှစ်သား အထက်ဝါးများကို အသုံးပြုနိုင်သည်။

ဝါးစိုက်ပျိုးခြင်း

          ဝါးစိုက်ပျိုးရန်ပျိုးထောင်ရာသီမှာ ငှက်ပျောကဆုန်၊ ဝါးနယုန်ဆိုသည့်အတိုင်း မေလကုန် ဇွန်လဆန်းတွင် ပျိုးထောင်ပါက အကောင်းဆုံးအချိန်ဖြစ်သည်။ ဝါးပင်စိုက်ပျိုးသည့်အခါ ငှက်ပျောတစ်နှိုက်၊ ဝါးတစ်မိုက်ဆိုသည့်အတိုင်း မြေအောက်၉လက်မအနက်တူး၍ စိုက်ရသည်။ ဝါးစိုက်သည့်အခါ လေလာရာလမ်းကြောင်းအတိုင်း ခပ်စောင်းစောင်းစိုက်ရသည်။ ဝါးပင်များမျိုး ပွားရန် ဝါးမျိုးပွားနည်းသုံးနည်းရှိသည်။ အမြစ်မှဝါးပျိုးနည်း၊ ပင်စည်မှဝါးပျိုးနည်း၊ အကိုင်းမှ ဝါးပျိုးနည်းတို့ဖြစ်သည်။ ဝါးပင်များစိုက်ပျိုးရာတွင် မြေဧကပေါ်ကြည့်၍ ၁၀ပေမှ ၁၅ပေခန့် အကွာခွာ၍ စိုက်ပျိုးပြီးဝါးရုံနှစ်ပင်ကြားတွင် ရာသီသီးနှံများစိုက်ပျိုးထားရှိခြင်းဖြင့် အပို ဝင်ငွေ ရရှိနိုင်သည်။ ဝါးတောများကို အပိုင်းအလိုက်(က)(ခ)(ဂ)အုပ်စုခွဲ၍စိုက်ပျိုး၍ နှစ်အပိုင်းအလိုက် မျှစ်များ အလှည့်ကျချိုးယူ သုံးစွဲပါက ဝါးမျိုးဆက်များပျောက်ကွယ်မှုမရှိဘဲ နှစ်နှစ် သုံးနှစ်ခန့် အကြာတွင် မျှစ်များချိုးယူသုံးစွဲနိုင်သည်။

ဝါးများတာရှည်ခံရန်နည်းစနစ်များ

          ဝါးများတာရှည်ခံရန် မိရိုးဖလာနည်းသုံးနည်းရှိသည်။ ကျပ်ခိုးတိုက်ခြင်း၊ ချောင်းငယ် ပင်လယ်‌ရေစိမ်ခြင်း၊ ရေပွက်ပွက်ဆူတွင် ပြုတ်ခြင်းတို့ဖြစ်သည်။ ယခုအခါ ဝါးလက်မှုထည်များကို မြန်ဆန်စွာထုတ်လုပ်နိုင်စေရန်နှင့် ဝါးများ၊ ပိုးမထိုး၊ မှိုမတက်စေရန် ဝါးတစ်ပိဿာ၊ ကျောက်ချဥ်တစ်ကျပ်သား၊ ဆားသုံးကျပ်သားထည့်၍ ရေပွက်ပွက်ဆူတွင်ထည့်ပြုတ်ကြသည်။ ဝါးအတွင်းရှိ အချိုဓာတ်ဆဲလ်လူးလို့စ်(ခ) ကစီဓာတ်များတိုက်ထုတ်ရန်အတွက် အငန်ဓာတ်၊ အချဥ်ဓာတ်၊ အဖန်ဓာတ်များစိမ့်ဝင်ရန်ဖြစ်သည်။ ဝါးများခုတ်ရာတွင် မိုးအကုန်ဆောင်းအကူး တန်ဆောင်မုန်းလအတွင်း ခုတ်ယူပါက မှိုနှင့်အင်းဆက်ပိုးမွှားများရန်မှ ကင်းဝေးနိုင်သည်။ ဝါးတောများအနီးရှိ ပင်လယ်မြစ်ချောင်းများ၏ ဒီရေအတက်အကျကိုကြည့်၍ ဒီရေကျချိန်တွင် ခုတ်ယူသုံးစွဲနိုင်သည်။

 အကျိုးကျေးဇူးများ

          ဝါးတောများရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံဝါး ချစ်သူများအသင်း၊ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းအဖွဲ့များမှ ပြန်လည်ပြုစု ပျိုးထောင် နေသည်ကိုတွေ့ရှိရသည်။ ဝါးတောများပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ စိုက်ပျိုးထားခြင်းကြောင့် သစ်တောပြုန်းတီးမှုကို နှစ်ရှည်စောင့်စားရန်မလို နှစ်တိုအတွင်းကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ရာ ရောက်သည်။  ဝါးများစိုက်ပျိုးထားခြင်းကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ မြေငလျင် လှုပ်ခြင်း၊ မြေဆီလွှာပျက်စီးမှု၊ ပင်လယ်ရေတိုက်စားမှုကို အထူးကာကွယ်ပေးသည်။ သဘာဝ ဝါးအရင်း အမြစ်များကို အသုံးချခြင်းဖြင့် အစိမ်းရောင်ကိုအကောင်အထည် ဖော်ရာရောက်သည်။ ဝါးတော များရှင်သန်ဖွံ့ဖြိုးလာသည်နှင့်အမျှ ဝါးတောအတွင်းသဘာဝပေါက်ရောက်နေသော သစ်ဥ၊ သစ်ဖုများ ရရှိလာသည့်အပြင် ဝါးတောနေ သားရဲတိရိစ္ဆာန်များနှင့် ဇီဝမျိုးကွဲကျေးငှက်များကို ထိန်းသိမ်းရာ ရောက်ရှိသည်။ “အမျိုးရာထောင် ဝါးကအကျိုးဆောင်”ဆိုသည့်ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ တွင်ပေါများစွာ ပေါက်ရောက်နေသောဝါးများကို အခြေခံ၍ဝါးအမျိုးအစားအလိုက် လိုက်လျောညီ ထွေမည့် ဝါးလက်မှုထည်များ၊ ဝါးပရိဘောဂများ၊ ဝါးအဆောက်အအုံများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်နေသည့် နည်းပညာသင်တန်းများကို သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ကျေးလက်‌ဒေသအရောက်သင်တန်းများ ပို့ချပေးရန်လိုအပ်နေပါသည်။ “One Village One Product” ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခုဆောင်ပုဒ်အတိုင်းကျေးလက်‌ဒေသများရှိ သဘာဝတော များကို ထာဝစဥ်တည်တံ့စေရန် စနစ်တကျစီမံအုပ်ချုပ်စေပြီး စီးပွားဖြစ်ဝါးတောများ ထူထောင် ပေးခြင်း၊ ကျေးလက်ဒေသအရောက်ဝါးထုတ်ကုန်ထုတ်လုပ်မှု သင်တန်းများပို့ချပေးခြင်းဖြင့်  ကျေးလက်နေပြည်သူများ ပူးပေါင်းပါဝင်လာကြပြီးအလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာသည်။ မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေများတိုးပွားလာသည်နှင့်အမျှ လူမှုဘဝနိမ့်ပါးနေမှုကို လျှော့ချ ရာရောက်သည်။ ကျေးလက်နေပြည်သူများအနေဖြင့် ဝါးတစ်လုံး၏တန်ဖိုးကိုသိရှိလာကြပြီး တန်ဖိုး မြှင့်ထုတ်ကုန် အမယ်သစ်များကို ဝယ်ယူသုံးစွဲသူအကြိုက်ဖြစ်စေရန် ဒီဇိုင်းအပြင်အဆင် နည်းပညာ ကောင်းမွန်မှုနှင့် သန့်ရှင်း၊ သပ်ရပ်၊ လှပ၊ သေသပ်၊ ခိုင်မာစွာထုတ်လုပ်နိုင်ပါက နိုင်ငံတော် မှအကောင်အထည်ဖော်ဆောင်ရွက်နေသည့် MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုနိုင်ပြီး နိုင်ငံခြားဝင်ငွေများရရှိနိုင်သည်။ ထို့ကြောင့် ရွှေစိမ်းရောင်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်နိုင်ကြပါစို့ဟု တိုက်တွန်း၍ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

DOCA(ပဲခူး)