Main menu

အစေ့ထုတ်ပြောင်းအကြောင်းတစ်စေ့တစ်စောင်း

Powered by Drupal
Fri, 01/30/2026 - 15:10 -- consumer_admin

 

    အစေ့ထုတ်ပြောင်းသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာနှင့် တိရစ္ဆာန်အစာအတွက် အဓိကအားထားရသော သီးနှံဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းသည် မြန်မာနိုင်ငံတွင် အရေးပါ သော လယ်ယာထွက်ကုန်သီးနှံ တစ်မျိုးဖြစ်ပြီး လူ့စားသောက်မှု၊ တိရစ္ဆာန်စာအဖြစ် အသုံးပြု မှုနှင့် စက်မှုလုပ်ငန်းများတွင် အခြေခံကုန်ကြမ်းအဖြစ် အသုံးများပါသည်။ ပြောင်းကို စိုက်ပျိုး ပြီးနောက် အစေ့များကိုထုတ်ယူကာ စားသုံးခြင်း၊ မျိုးစေ့အဖြစ်သုံးခြင်း သို့မဟုတ် စီးပွားရေး အရ ရောင်းချခြင်းတို့ကိုပြုလုပ်ကြပါသည်။ ထို့ကြောင့် အစေ့ထုတ်ပြောင်းသည် လယ်သမား များအတွက် ဝင်ငွေဖန်တီးပေးနိုင်သောအရေးပါသည့် သီးနှံ တစ်မျိုးဖြစ်ပါသည်။

          အစေ့ထုတ်ပြောင်းဆိုသည်မှာ ပြောင်းပင်ကို စိုက်ပျိုးပြီး ပြောင်းဖူးရင့်သည့်အခါ အစေ့များကိုခွာယူကာ စားသုံးရန် သို့မဟုတ် အခြားအသုံးချမှုများအတွက် ပြင်ဆင်ထား သော ပြောင်းကိုဆိုလိုပါသည်။ အစေ့ထုတ်ပြောင်းကို လူ့စားသောက်ကုန်၊ တိရစ္ဆာန်အစာနှင့် စက်မှုကုန်ကြမ်းအဖြစ်အသုံးချနိုင်ပါသည်။

          အစေ့ထုတ်ပြောင်းကို စိုက်ပျိုးရာတွင် ရေစီးရေလာကောင်းမွန်ပြီး နုန်းတင်မြေနု သို့မဟုတ် သဲနုန်းမြေသည် အကောင်းဆုံးဖြစ်သည်။ အစေ့ထုတ်ပြောင်းများကို စိုက်ပျိုးရာ တွင် မိုးရေချိန် ၂၀ လက်မမှ ၄၀ လက်မအတွင်းလိုအပ်ပါသည်။ မျိုးစေ့ကောင်းမွန်မှု၊ မြေဩဇာအသုံးပြုမှုနှင့် ပိုးမွှားကာကွယ်ရေးတို့ကို စနစ်တကျဆောင်ရွက်ပါက အထွက်နှုန်း မြှင့်မားစေပါသည်။ မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီ ၂ မျိုးခွဲ၍ စိုက်ပျိုးကြပါသည်။ မိုးရာသီ ပြောင်းများကို မေလမှ ဇွန်လအတွင်းစိုက်ပျိုးကြပြီး အောက်တိုဘာလ/နိုဝင်ဘာလတွင် ရိပ်သိမ်းပါသည်။ ဆောင်းရာသီပြောင်းများကို အောက် တိုဘာလမှ နိုဝင်ဘာလအတွင်းစိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ/မတ်လတွင် ရိတ်သိမ်းပါသည်။ အများအားဖြင့် ကိုင်းကျွန်းမြေများနှင့် ရေသွင်းနိုင်သည့် ဒေသများတွင် စိုက်ပျိုးကြသည်။

          ယခုအချိန်တွင် အထွက်နှုန်းကောင်းမွန်သည့် မျိုးစပ်ပြောင်း Hybrid Maize များဖြစ်သည့် CP 888၊ CP 808၊ NK 6213၊ NK 6253 နှင့် Yezin Hybrid မျိုးစပ်ပြောင်းများကို အဓိကထားစိုက်ပျိုးကြသည်။ အစေ့ထုတ်ပြောင်းသည် မြေဆီလွှာအဟာရကို အလွန်စားသုံး သည့် သီးနှံဖြစ်သဖြင့် ယူးရီးယား(N) (ပင်ပိုင်းကြီးထွားမှုအတွက်)၊ တီစူပါ(P)(အမြစ်အဆင်းနှင့် အစေ့အောင်မြင်မှုအတွက်၊ ပိုတက်ရှ်(K)(ရောဂါဒဏ်ခံနိုင်ရည် ရှိရန်နှင့် အစေ့အလေးချိန် စီးရန်အတွက်)စသည်တို့ကို စနစ်တကျမြေဩဇာကျွေးရန် လိုအပ်ပါသည်။

         ကယားပြည်နယ်သည်လည်း အစေ့ထုတ်ပြောင်းများကို မိသားစုဝင်ငွေရရှိရေးအ တွက် အဓိကထား စိုက်ပျိုးကြလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အစေ့ထုတ်ပြောင်း စိုက်ဧကမှာ ၅၅၃၆၈ ဧက၊ ပျမ်းမျှတစ်ဧကအထွက်နှုန်းမှာ ၆၅ တင်းခန့်နှင့် စုစုပေါင်း အထွက်မှာ ၃၆၂၃၆၄၆ တင်းခန့်ထွက်ရှိပါကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရှိရပါသည်။ အစေ့ထုတ်ပြောင်း၏ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ၁၀ သိန်းဝန်းကျင်ခန့်ရှိပါကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဒေသတွင်းဖြစ်ပေါ်နေသော အစေ့ထုတ်ပြောင်း တစ်ပိဿာ ဈေးနှုန်းမှာ ၁၁၅၀ ကျပ်ခန့်ရှိပါသည်။ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် ၁၇၂၅၀ ကျပ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကယား ပြည်နယ်မှ အေးသာယာမြို့၊ တောင်ကြီးမြို့နှင့် ရန်ကုန်မြို့များသို့ အစေ့ထုတ်ပြောင်း တင်ပို့မှုမှာ လွိုင်ကော်မြို့အထွက် ၂၅၀ ပူးပေါင်းစစ်ဆေးရေးဂိတ်စာရင်းများအရ ပိဿာ ၃၀ ဝင်အိတ် ၉၀၄၄၆၄ အိတ်ခန့်တင်ပို့လျက်ရှိပါသည်။       သယ်ယူကုန်ကျစရိတ်များအနေဖြင့် လွိုင်ကော်မြို့မှ အေးသာယာ၊ တောင်ကြီးမြို့များသို့ တစ်ပိဿာသယ်ယူကုန်ကျစရိတ်မှာ ၁၀၀ ကျပ်ခန့်၊ ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ၃၀၀၀ ကျပ်ခန့်၊ လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ တစ်ပိဿာသယ်ယူကုန်ကျစရိတ်မှာ တစ်ပိဿာလျှင် ၂၃၀ ကျပ်ခန့်၊ ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ၆၉၀၀ ကျပ်ခန့် ကုန်ကျခဲ့ကြောင်း ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

          မြန်မာနိုင်ငံတွင်ထွက်ရှိသည့် အစေ့ထုတ်ပြာင်းများကို ပြည်တွင်းအသုံးပြုမှုများ အနေဖြင့် တိရစ္ဆာန်အစာဖြစ်သည့် ကြက်စာ၊ ဝက်စာများအဖြစ်အဓိကအသုံးပြုလျက်ရှိပြီး ပြည်ပို့ကုန်များအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိပါသည်။ အစေ့ထုတ်ပြောင်းသည် တောင်သူများအတွက် တွက်ခြေကိုက် သည့်သီးနှံဖြစ်သော်လည်း Fall Armyworm (ငမြှောင်တောင်ပိုး)အန္တရာယ်နှင့် လမ်းပန်း ဆက်သွယ်ရေးပေါ်မူတည်သည့် ဈေးကွက်အတက်အကျ စိန်ခေါ်မှုများရှိနေပါသည်။ ခေတ်မီ စိုက်ပျိုးနည်းစနစ်များကို အသုံးပြုခြင်းဖြင့် အထွက်နှုန်းကိုပိုမိုမြှင့်တင်နိုင်မည် ဖြစ်ပါသည်။

DOCA(ကယား)