
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ကြိမ်၊ ဝါး လက်မှုအချောထည် လုပ်ငန်းများ ကို လုပ်သားအင်အား (၂၅၀၀) ကျော်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အိမ်သုံး၊ ရုံးသုံး၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ခြင်းလုံး၊ သော့ချိတ်၊ ဦးထုတ်၊ ဖိနပ်၊ လက်ဆွဲခြင်း၊ လက်ကိုင်အိတ်၊ ဘောပင်ထည့်ခွက်၊ တစ်ရူးဘောက်၊ ပန်းခြင်း၊ အမှိုက်ခြင်း၊ ပန်းကန်ပြား၊ လင်ဗန်းတို့အပြင် ဧည့်ခန်းသုံး၊ ဟိုတယ်သုံးပစ္စည်းများဖြစ်သည့် စားပွဲ၊ ကုလားထိုင်၊ ခန်းဆီး၊ ဗီဒို၊ မှန်တင်ခုံ၊ သေတ္တာ၊ အဝတ်လှန်းစင်၊ ဦးထုတ်အဝတ်ချိတ်စင်၊ အလှဆင်မီးအိမ်အမျိုးမျိုး စသည့်လက်မှုပစ္စည်း အမျိုးအစား(၇၀၀)ကျော် အားထုတ်၍ ပြည်တွင်းပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ထုတ်လုပ်သောပစ္စည်းများ၏ (၈၀%)ကျော်မှာ ကြိမ်ကို အခြေခံပြုလုပ်သော ပစ္စည်းများဖြစ်၍ (၂၀%) မှာ ဝါးကို အသုံးပြုကာ လူသုံးကုန်ပစ္စည်းအဖြစ် ထုတ်လုပ်အသုံးပြုလျက်ရှိကြောင်း သိရသည်၊၊
ကြိမ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကြိမ်ကုန်ကြမ်းထုတ်လုပ်ရောင်းချသူ၊ အချောထည် ပြုလုပ်သူနှင့် အချောထည်များကို ဆေးသုတ်ပြုပြင်ထုတ်ပိုး၍ နိုင်ငံခြားဈေးကွက်နှင့် ဒေသတွင်း ဈေးကွက်သို့ ရောင်းချလျက်ရှိပြီး ရေကြည်မြို့နယ်တွင် ကြိမ်လုပ်ငန်းလုပ်ကိုင်သူများသည် အချောထည်လုပ်ကိုင်သူများဖြစ်၍ ရန်ကုန်အခြေစိုက် ကုမ္ပဏီကြီးများဖြစ်သော (Bella Interiors, Classic Home, Gloriors Family) တို့သည် ရေကြည်မြို့တွင် ကုမ္ပဏီအလုပ်ရုံခွဲများဖွင့်လှစ်၍ ကုန်ကြမ်းပစ္စည်းရောင်းချခြင်း၊ ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် လုပ်ကိုင်ပြီး ကုန်ချော ထုတ်လုပ်သူများဖြစ်ကြောင်း ကုမ္ပဏီကြီးများအနေဖြင့် ပြည်တွင်း/ပြည်ပ အမှာစာ ရရှိမှုပေါ် မူတည်လျက် ကုန်ကြမ်းများကို ဝယ်ယူရက်လုပ်၍ ကုန်ချောများနှင့်ပြန်လည်ပြုပြင်ရမည့် တစ်ပိုင်းချောကုန်ထည်များကို ရန်ကုန်မြို့သို့တင်ပို့၍ ကုန်ချောပြုလုပ်သည့် စက်ရုံများမှ ကုန်ချော ပြုလုပ်ကာ ပြည်တွင်း/ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်၊၊
ကြိမ်လုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှထွက်သော ကြိမ်လက်မဲကို ပရိဘောဂများဖြစ်သော စားပွဲ၊ ကုလားထိုင်၊ ကုတင်နှင့် ဒေသတွင်းသုံး၊ တောင်း၊ ပလုံးများ ရက်လုပ်သောကြိမ်သေးများရရှိပြီး စီးပွားဖြစ်အချောထည် ထုတ်လုပ်ရန် ကြိမ်ကုန်ကြမ်းများကို တနင်္သာရီ၊ ကချင်၊ ချင်း၊ စစ်ကိုင်းများမှ ရရှိ၍ ရန်ကုန်ရှိ ကုမ္ပဏီကြီးများသည် အသင့်ရက်လုပ်နိုင်သော ကုန်ကြမ်းနန်းမျှင်အမျိုးမျိုး၊ အူချောင်းအမျိုးမျိုးကို ရောင်းချပေးခြင်း၊ ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်၊၊ နယ်အသီးသီးမှ ရောက်လာသော တစ်ပိုင်းချောကုန်ပစ္စည်းများကို မီးမှုတ်ခြင်း၊ ကော်ပတ် အကြမ်း/အနုစားခြင်း၊ ပိုးသတ်ခြင်း၊ ဆေးသုတ်ခြင်းများပြုလုပ်၍ စနစ်တကျထုတ်ပိုးပြီး ပြည်တွင်းဈေးကွက်များတွင် ခရီးသွားဖွံ့ဖြိုးရာသီတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပုသိမ်၊ နေပြည်တော်၊ ကျိုက်ထို၊ ပဲခူးစသည့် မြို့ကြီးများ၊ ပြည်ပဈေးကွက်များဖြစ်သည့် အာဆီယံ နိုင်ငံများနှင့် ကိုရီးယား၊ နယ်သာလန်၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဆွဇ်ဇာလန်၊ နော်ဝေး၊ အမေရိကန်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကြိမ်လုပ်ငန်းတစ်ခုလုံးမှ ထွက်ရှိသော ကုန်ပစ္စည်းအားလုံး၏ (၁၀%) မျှသာ ပြည်တွင်းသုံးအဖြစ် အသုံးပြုပြီး (၉၀%) ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချပြီး ပို့ကုန်အားလုံး၏ (၈၀%)ကို ရေကြည်မြို့နယ်မှ ထုတ်လုပ်ပေးလျက်နေပါသည်၊၊
ဈေးကွက်အတွင်းလုပ်ငန်းရှင်မှ ထုတ်လုပ်ထားသောပစ္စည်းများအပြင် ဝယ်ယူသူမှ အော်ဒါမှာယူသော ဒီဇိုင်းပုံစံများကိုလည်းပြုလုပ်ပေးရပြီး ဦးထုပ်အမျိုးမျိုး၊ ခမောက်၊ ဆွဲခြင်းအမျိုးမျိုး၊ တောင်း၊ ပလုံး၊ စကော၊ ဇကာ၊ စားပွဲတင်ပန်းအိုး၊ ဘောပင်ခြင်း၊ တစ်ရူးဘောက်၊ ပိုက်ဆံအိတ်အမျိုးမျိုး၊ အမျိုးသမီးအိတ်မျိုးစုံ၊ ခြင်းလုံး၊ အလှခတ်ခြင်း၊ ဟော်တယ်သုံး ကော်ဖီခွက်အောက်ခံပြား၊ အမှိုက်ခြင်း၊ ကျောင်းသုံးဆွဲခြင်းအမျိုးမျိုး၊ ပန်းအိုးအကြီး၊ အသေးမျိုးစုံ ဟိုတယ်သုံးအဝတ်အစားထဲ့ခြင်း၊ သစ်သီးခြင်း၊ လက်ဆောင်ခြင်း၊ ဇွန်းခရင်းထဲ့သောခွက်၊ ဟိုတယ်သုံးစောင်၊ ခြင်ထောင်ထဲ့သောခြင်း၊ ခေါင်းအုံး စသည့်အပြင် ပစ္စည်းတစ်ခုခြင်းအတွက် ဆိုဒ်မျိုးစုံ အမျိုးအစားပေါင်း ရာဂဏန်းကျော်ပြုလုပ်၍ မြန်မာပြည်အတွင်း အမှာစာ ရရှိသော နေရာများသို့ ပေးပို့ရာတွင် ငွေဆောင်၊ ချောင်းသာ၊ ကမ်းခြေဒေသ ဟိုတယ်များနှင့် တန်ခိုးကြီးဘုရားများရှိသော မန္တလေး၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုး၊ မကွေး၊ စစ်ကိုင်းမြို့၊ ပြည်မြို့များတွင် အဓိကလာရောက်လည်ပတ်သော ပြည်တွင်းပြည်ပဧည့်ခရီးသွားများမှ အများဆုံး လာရောက် ဝယ်ယူလျက်ရှိကြောင်းသိရသည်၊၊
ဦးထုပ်ကျားဆောင်းတစ်လုံး ၃၀၀၀/၅၀၀၀ ဈေး၊ မဆောင်းဦးထုပ် ၅၅၀၀/၆၀၀၀ ဈေး၊ ဗန်းသေးအကြီး ၅၅၀၀/၃၅၀၀ ကျပ်ဈေးအတွင်း ဘောပင်ထဲ့ခွက် ၃၀၀၀/၃၇၀၀ ကျပ် သစ်သီးခြင်း ၅၅၀၀/၈၅၀၀ဈေး၊ ဗေဒါအိတ် အကြီးအသေး ၇၅၀၀/၁၈၀၀၀ ဈေး၊ စားပွဲတင်ပန်းအိုး ၅၅၀၀ဈေးနှင့် ပစ္စည်းအမျိုးအစား အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း ကြိမ်၊ ဝါး၊ လက်မှုပစ္စည်းများကို ပြည်တွင်းမှာ အိမ်အသုံးအဆောင် ၊ ရုံးသုံးနှင့်ဟိုတယ်သုံးပစ္စည်းများအပြင် ပြည်ပဈေးကွက်မှလည်း ဝယ်ယူသူကြိုက်နှစ်သက်မှုရှိကြောင်း ၎င်းအပြင် online မှလည်း ဂျပန်၊ စင်္ကာပူ၊ ဩစတြေးလျနှင့် အခြားနိုင်ငံများမှလည်း အမျိုးသမီးသုံးအိတ်မျိုးစုံ ဖိနပ်နှင့်ဦးထုပ်ကို အများဆုံးမှာယူလျက်ရှိကြောင်း လုပ်ငန်းရှင်မှ ပြောကြားပါသည်၊၊
ကြိမ်ဝါးအခြေခံ လက်မှုထည်လုပ်ငန်းများပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်မှုထည် ထုတ်လုပ်မှု ပမာဏမြှင်တင်ရေး၊ ပြည်တွင်းကုန်စည် ပြပွဲများသာမက ပြည်ပကုန်စည် ပြပွဲများတွင် ဒေသခံ ကြိမ်ထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ကိုယ်တိုင်သွားရောက်ပြသနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်ကြောင်း ထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်၍ ဈေးကွက်သစ်များ ရရှိလာပါက လက်မှုထည် လုပ်သားတစ်ဦးအနေဖြင့် နေ့စဉ်လုပ်အားခ ၈၀၀၀/၉၀၀၀ နှင့်အထက်ရရှိပြီး ကြိမ်၊ ဝါးလက်မှုထည် ထုတ်လုပ်ငန်းများတိုးတက်၍ ဝင်ငွေများ တိုးပွားလာမှာဖြစ်ကြောင်း ရေကြည် မြို့နယ်အတွင်းရှိ ကြိမ်၊ ဝါးလက်မှုထည်ထုတ်လုပ်ငန်းများသည် ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေရရှိကာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပြီး မိမိနိုင်ငံမှထွက်ရှိသော ကြိမ်ကုန်ကြမ်းများကို တန်ဖိုးမြှင့် ထုတ်ကုန်ကုန်ချောအဖြစ် ထုတ်လုပ်၍ နိုင်ငံတကာသို့ ရောင်းချနိုင်သည့်အတွက် နိုင်ငံခြား ဝင်ငွေရရှိစေသည့်အပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊
မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများသည် ကျေးရွာနေလူတန်းစားများသည် အိုးမကွာ၊ အိမ်မကွာဝင်ငွေရှိပြီး ဒေသထွက်ကုန်သယံဇာတများကို အသုံးပြုလျက် ကုန်ချောများ ပြုလုပ် ရောင်းချနိုင်ခြင်းဖြင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး နိုင်ငံတော်နှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ လိုအပ်သော နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိရေး ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး အနာဂါတ် ကာလတွင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး One Village One Product (OVOP) အသွင်ဆောင်၍ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သော မီးခိုးမထွက်သည့် စက်ရုံများသဖွယ် မိမိတို့တိုင်းဒေသကြီး၏ စီးပွားရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုး လာစေမည့် ပုံရိပ်များ ဖြစ်လာမည့် ရေကြည်မြို့နယ်မှ ပြည်ပဝင်ငွေ ရရှိနေသော လက်မှုလုပ်ငန်းများကြောင်း ရေးသားလိုက်ရပါသည်၊၊
(DOCA ဧရာဝတီ)
