မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ "မြန်မာ့ဆီအိုးကြီး" ဟု တင်စားခေါ်ဝေါ်ကြသည့် အတိုင်း ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် အဓိကကျသော တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် နှမ်းသီးနှံ စိုက်ဧရိယာသည် ဆီထွက်သီးနှံအမျိုးမျိုး၏(၅၀)ရာခိုင်နှုန်းခန့် စိုက်ပျိုးကြသည်။ ထို အထဲတွင် "နှမ်းနက်" (Black Sesame) သည် ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပပို့ကုန် ကဏ္ဍ တွင်ပါ အလွန်အရေးပါသော စီးပွားဖြစ် သီးနှံတစ်ခုဖြစ်ပါသည်။
နှမ်းစိုက်ပျိုးမှု
မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူနှင့် ဂန့်ဂေါခရိုင်များတွင် နှမ်း ကို အဓိကထားစိုက်ပျိုးကြသည်။ အဓိကအားဖြင့် မိုးနှမ်းနှင့် ဆောင်းနှမ်းဟူ၍ စိုက်ပျိုးကြပြီး ဆည်ရေ ရရှိသော ဒေသများတွင်မူ နွေးနှမ်းကိုလည်း စိုက်ပျိုးကြသည်။
နှမ်းနက်ထုတ်ကုန်များ
မြန်မာ့နှမ်းနက်(နှမ်းနက်စမုန်)သည် ကမ္ဘာ့ဈေးကွက်တွင် အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် သတ်မှတ်ခြင်းခံထားရသည်။ နှမ်းနက်စမုန်သည် နိုင်ငံခြားဈေးကွက်တွင် ဝယ်လိုအားအမြင့်ဆုံးဖြစ်ပြီး ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများမှ အဓိကထားဝယ်ယူကြသည်။ မြန်မာနှမ်းနက်ကို ဂျပန်နိုင်ငံမှ ကျန်းမာရေးနှင့်ဖြည့်စွက်စာအတွက်သော်လည်းကောင်း၊ တရုတ်နိုင်ငံမှ ဆီထုတ်လုပ်ခြင်း နှင့် မုန့်လုပ်ငန်းများတွင် အသုံးပြုရန်အတွက်သော်လည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံမှ ဟင်းခတ် အမွှေးအကြိုင်နှင့် ဆီအဖြစ်အသုံးပြုရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိသဖြင့် နိုင်ငံခြား ပို့ကုန်အဖြစ် တန်ဖိုးမြှင့်ထုတ်ကုန် (Value-Added) အဖြစ် နှမ်းကို အခွံချွတ်၍ သန့်စင်ပြီး ပြည်ပသို့ တင်ပို့လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသော နှမ်းနက်များကို အကြမ်းထည်(Raw Material) အတိုင်း သာမက တန်ဖိုးမြှင့်ထုတ်ကုန်(Value-added Products) များအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပသို့ ဖြန့်ဖြူးလျက်ရှိသည်။ နှမ်းနှက်ဆီသည် နှမ်းနက်ကို အအေးစာနည်း (Cold Pressed) ဖြင့် ကြိတ်ခွဲထားသော ဆီဖြစ်ပြီး အနံ့မွှေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်းတို့ကြောင့် ဟင်းချက်ရာတွင် သော်လည်းကောင်း၊ အသုပ်များတွင် ဆမ်း၍သော်လည်းကောင်း အသုံးပြုကြသည်။ သန့်စင်ပြီး နှမ်းနက်စေ့သည် (ဖုန်၊ သဲ၊ ခဲ) ကင်းစင်အောင် စက်ဖြင့် သန့်စင်ထားသော နှမ်းစေ့များဖြစ်သည်။ ၎င်းကို ပေါင်မုန့်၊ ကိတ်မုန့် နှင့် ဘီစကစ် လုပ်ငန်းများတွင် အပေါ်ယံဖြူးရန် အသုံးပြုကြသည်။ ထို့အပြင် မြန်မာ့ရိုးရာ သရေစာများဖြစ်သော နှမ်းယို၊ နှမ်းလိပ် နှင့် နှမ်းလှော်ထုပ်များအဖြစ်လည်း ထုတ်လုပ် သည်။ ဆံပင်သန်စွမ်းဆေး (Hair Oils)သည် နှမ်းနက်ဆီကို အခြေခံ၍ ထုတ်လုပ်ထားပြီးအသားအရေ စိုပြေစေရန်အတွက် နှိပ်နယ်ဆီ (Massage oil) နှင့် ဆပ်ပြာ (Natural Soap) များ ထုတ်လုပ်ရာတွင် နှမ်းနက်ကို အသုံးပြုသည်။
နှမ်းနက်နှင့်ကျန်းမာရေး
နှမ်းနက် (Black Sesame) သည် ရှေးယခင်ကတည်းက "အသက်ရှည်ဆေး" ဟု တင်စား ရလောက်အောင် ကျန်းမာရေးအတွက် အလွန်အကျိုးပြုသော အစားအစာတစ်ခုဖြစ်သည်။ ၎င်းတွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အင်တီအောက်ဆီးဒန့် (Antioxidants)များ ကြွယ်ဝစွာပါဝင်ပါသည်။ နှမ်းနက်ကို စားသုံးခြင်းဖြင့် အရိုးနှင့်သွားများကို သန်မာစေခြင်း၊ သွေးတိုးကျစေပြီး နှလုံး ကျန်းမာ ရေးကို ကောင်းမွန်စေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေခြင်း၊ အသားအရေနှင့် ဆံကေသာကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံစားစနစ်ကို မြှင့်တင်ပေးခြင်းစသည့် အကျိုး ကျေးဇူးများကို ရရှိစေပါသည်။
ဈေးနှုန်းဈေးကွက်နှင့် တင်ပို့နိုင်မှု
ဈေးနှုန်းဈေးကွက်အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း (၂၅.၁၂.၂၀၂၅)ရက်နေ့တွင် နှမ်းနက် စမုံတစ်တင်းလျှင် ကျပ်(၂၃၀၀၀၀)၊ (၂၅.၁.၂၀၂၆)ရက်နေ့တွင် နှမ်းနက်စမုံ တစ်တင်းလျှင် ကျပ် (၂၃၃၀၀၀)ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက်စမုံဈေးနှုန်း အနည်း ငယ်တက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ မကွေးတိုင်းမှထွက်ရှိသော နှမ်းနက်များကို မူဆယ်နှင့် ချင်းရွှေဟော် လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့လည်းကောင်း၊ ပင်လယ်ရေကြောင်းအနေဖြင့် ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် ဂျပန်၊ ကိုရီးယားနှင့် ထိုင်ဝမ်းသို့ လည်းကောင်း၊ ပြည်တွင်း ဈေးကွက် အနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ စားသောက်ကုန်လုပ်ငန်းများသို့လည်းကောင်း တင်ပို့ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။
နိဂုံး
မကွေးတိုင်းဒေသကြီး၏ နှမ်းနက် ကဏ္ဍသည် ယခင်က ကုန်ကြမ်း တင်ပို့မှု အပေါ်၌သာ အဓိကထားခဲ့သော်လည်း ယခုအခါ MSME (အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း) များမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာခြင်းဖြင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအတွက် တွန်းအားတစ်ရပ် ဖြစ်လာပါသည်။ ခေတ်မီလာသော စိုက်ပျိုးရေး နည်းစနစ်များ၊ MSME လုပ်ငန်းများ၏ တန်ဖိုးမြှင့်ထုတ်ကုန် ဖန်တီးမှုများနှင့် ပြည်ပဝယ်လိုအား အလားအလာ ကောင်းများသည် မကွေးတိုင်းရှိ တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် တောက်ပ သော အနာဂတ်ကို ညွှန်ပြနေသည်။ သို့သော်လည်း ရာသီဥတုပြောင်းလဲမှု၊ ပိုးသတ်ဆေးအကြွင်းအကျန် ကင်းစင်ရေးနှင့် ခေတ်မီထုပ်ပိုးမှု နည်းပညာစိန်ခေါ်မှုများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ လက်တွဲ ဖြေရှင်းသွားနိုင်ပါက မြန်မာ့နှမ်းနက်သည် ကမ္ဘာ့ဈေးကွက်တွင် ထိပ်တန်းအဆင့်၌ ဆက်လက် ရပ်တည်နေမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ "အရည်အသွေးမြင့် နှမ်းနက် ထုတ်လုပ်မှုမှသည် နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့" ဟူ၍ မကွေးတိုင်း၏ နှမ်းနက်ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတစ်ခုအဖြစ် ဆက်လက်ရှင်သန်နေဦးမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(မကွေး)
