လားရှိးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်ပြီး ပြည်နယ်အနေဖြင့် ရှမ်းပြည်နယ်အတွင်းတွင် တည်ရှိပါသည်။ လားရှိူးမြို့သည် ပင်လယ်ရေမျက်နှာပြင် အမြင့် ၁၈၀၆ပေ ရှိပြီး၊ အကျယ်အဝန်းအားဖြင့် ၁၆၃၃.၄၁ စတုရန်းမိုင် ရှိပါသည်။
စီးပွားရေးအနေဖြင့် ဒေသထွက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များကိုလည်း ပြည်တွင်းသာမက တရုတ်နှင့် အခြားနိုင်ငံများသို့ တင်ပို့ကြသည်။ ဘာသာရေးအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပြီး ခရစ်ယာန်၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဂေါရခါး ဘာသာနှင့် နတ်ကိုးကွယ်သူများလည်းရှိကြသည်။ ရာသီဥတုအနေဖြင့် တောင်ပေါ်ဒေသဖြစ်သည့်အတွက် ကြမ်းတမ်းသည့် ရာသီဥတုမျိူးရှိသည်။ ဆောင်းတွင်းကာလတွင် အအေးလွန်ကြပြီး မိုးဥတုတွင် ရက်ရှည်မိုးရွာသွန်းမှုမျိုး ကြုံရတတ်သည်။ နွေကာလတွင်လည်း အပူချိန် အနည်းငယ် မြင့်တက်သည်။ လားရှိုးမြို့ရှိ အထင်ကရနေရာများစွာရှိသည့်အနက် ယခုဆောင်းရာသီတွင် အများဆုံးအပန်းဖြေကြသည့် လားရှိးရေပူစမ်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ရေပူစမ်း ကို ၁၉၆၃ခုနစ် တွင် စတင်တွေ့ရှိခဲ့ကြပြီး ၁၉၉၁ ခုနစ်တွင် ခေတ်မီ ရေပူစမ်းအဖြစ် ပြုပြင်မွမ်းမံခဲ့ကြရာ လူသိများထင်ရှားလာခဲ့ပါသည်။
ရေပူစမ်းမှရေပူတို့သည် ရေချောင်းအထက်မှ စီးဆင်းလာသည်မဟုတ်ဘဲ ရေပူစမ်းရှိရာ ချောင်းအောက်ခြေမှ စိမ့်ထွက်နေခြင်းဖြစ်ပြီး ချောင်းအောက်ဘက်သို့ ဆက်လက်စီးဆင်း သွားပါသည်။ ပင်မရေကန်အပူချိန်မှာ ၈၂ ဒီဂရီရှိပြီး ရေပူစိမ်ခြင်းဖြင့် ကိုယ်ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်း ခြင်း၊ သွေးလည်ပတ်မှုစနစ် တိုးမြှင့်ပေးခြင်း၊ အရေပြားရောဂါ ပျောက်ကင်းခြင်း၊ အသားရည်လှပ ချောမွတ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ရေပူကန်၏ တစ်ဝက်လောက်တွင် တံတားတစ်စင်း တည်ဆောက်ထားပြီး ထိုတံတားပေါ်မှကြည့်လျှင် ရေပူစမ်း၏ အလှကို တွေ့မြင်ခံစားကြသည်။ ဧရိယာအတော်ကျယ်ဝန်းကာ စားသောက်ဆိုင်များလည်း အများအပြား ရှိပြီး လာရောက်အပန်းဖြေလည်ပတ်သူများနှင့် စည်ကားလျက်ရှိပြီး လားရှိုးမြို့ရှိ ထင်ရှားသည့် ရေပူစမ်းဖြစ်လာသည်။ ရေပူစမ်းတွင် ရေပူချိုးသူများအနေဖြင့် ပင်မရေကူးကန်တွင် ရေမချိုးချင် သူများ အနေဖြင့် သီးသန့်ရေချိုးခန်းများတွင်လည်း အခန်းခကျသင့်ငွေ ပေးဆောင်ကာ ရေချိုးနိုင်ကြောင်း သိရှိရသည်။
လားရှိုးမြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းသို့ မိသားစုလိုက်သော်လည်းကောင်း သူငယ်ချင်း အပေါင်းအသင်းများဖြစ်လည်ကောင်း လာရောက်အပန်းဖြေသူ များပြားလျက်ရှိပြီး ထိုရေပူစမ်း အပန်းဖြေစခန်းကို ဆောင်းရာသီ အပန်းဖြေရာသီအဖြစ် နှစ်စဉ် နိုဝင်ဘာလ (၁)ရက် နေ့တွင် ဖွင့်လှစ်လေ့ရှိပြီး ဖေဖော်ဝါရီလကုန်အထိ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
