
မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍတွင် ပို့ကုန်ဝင်ငွေအလားအလာအကောင်းဆုံး သီးနှံတစ်ခု အဖြစ် တည်ရှိသောပီလောပီနံသည် အိမ်နီးချင်းနိုင်ငံများ၏စက်မှုကုန်ကြမ်း လိုအပ်ချက် မြင့်မားလာမှု ကြောင့် ယခုနှစ် အတွင်းသိသိသာသာ ဈေးနှုန်းဈေးကွက်မြင့်တက်လာပြီး တောင်သူများအတွက် အားထားရသည့် ရွှေရောင် ထွက်ကုန်တစ်ခုဖြစ်လာသည်။ ပြည်ပဈေးကွက်၏ ခိုင်မာသော ဝယ်လိုအားနှင့်အတူ ပီလောပီနံစိုက်ပျိုး ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံး တွင်နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များလည်းလိုအပ်နေသည်။
ယခုနှစ်တွင် ဈေးကောင်းရရှိသော်လည်း စိုက်ပျိုးစရိတ်မြင့်တက်လာမှုနှင့်အတူ သယ်ယူ ပို့ဆောင်ရေး အခက်အခဲတစ်ချို့ရှိနေကြောင်း စိုက်ပျိုးတောင်သူများကဆိုခဲ့သည်။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး နှင့်ကရင်ပြည်နယ်တို့မှထွက်ရှိသော ပီလောပီနံခြောက်များကို အိမ်နီးချင်း တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူလျက်ရှိပြီး တိရစ္ဆာန်အစာဖြစ်သော နွားစာ၊ ကြက်စာ ထုတ်လုပ်ရာတွင် ကစီဓာတ်အရင်းအမြစ် အဖြစ်အသုံးပြုခြင်း၊ အရက်ပြန် ထုတ်လုပ်ခြင်းနှင့် ကော်မှုန့် ထုတ်လုပ်ခြင်း၊ အစားအသောက်နှင့်လူသုံးကုန် ပစ္စည်းများထုတ်လုပ်ခြင်းတို့တွင် အဓိကအသုံးပြု နေခြင်းကြောင့် ဝယ်လိုအားမြဲနေခြင်းဖြစ်သည်။
မြန်မာ့ပီလောပီနံကို ပြည်ပသို့တင်ပို့ရာတွင် အဆင့်မမီသည့်မှိုတက်ခြင်း သို့မဟုတ် အစိုဓာတ် များခြင်းတို့မဖြစ်စေရန် နေလှန်းအခြောက်ခံခြင်းကို စနစ်တကျလုပ်ဆောင်ရန်လိုအပ်ကြောင်း ကုန်သည်များက အကြံပြုထားပြီး ပီလောပီနံတွင် ကစီဓာတ်ပိုမိုပါဝင်လေလေ ဈေးကွက်တွင် မျက်နှာပန်းလှလေလေဖြစ်သည်။ လာမည့်စိုက်ပျိုးရာသီတွင်လည်း ကမ္ဘာ့ဈေးကွက်၏ လိုအပ်ချက် အရ ပီလောပီနံဈေးနှုန်းမှာဆက်လက် တည်ငြိမ်နေနိုင်ကြောင်းခန့်မှန်းရပြီး တောင်သူများအနေဖြင့် ရာသီ ဥတုဖောက်ပြန်မှုနှင့် မျိုးကောင်းမျိုးသန့် များပြောင်းလဲစိုက်ပျိုးရန် ပညာရှင်များ တိုက်တွန်းထား ပါသည်။
DOCA(ပဲခူး)
