Main menu

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့်ပို့ကုန်အခွင့်အလမ်းသစ်များ

Powered by Drupal
Wed, 01/14/2026 - 11:44 -- consumer_admin

      မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့်ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချရန်ရည်ရွယ်၍ နှမ်း၊ မြေပဲနှင့်နေကြာစိုက်ပျိုးမှုကို တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေခြင်းက ယခုနှစ်စိုက်ပျိုးရေးကဏ္ဍ၏ ထူးခြားချက်တစ်ခု ဖြစ်လာပြီး တောင်သူများအတွက်သာမက စားသုံးသူများအတွက်ပါ သတင်းကောင်းတစ်ခု ဖြစ်နေသည်။ ၂၀၂၅ခုနှစ်၏ ထူးခြားချက်မှာ နေကြာစီမံကိန်းကိုအောင်မြင်စွာ ဖော်ဆောင်နိုင်ခြင်း ဖြစ်ပြီး ပြည်ပမှစားအုန်းဆီတင်သွင်းမှုအတွက် သုံးစွဲနေရသည့် နိုင်ငံခြားငွေကိုလျှော့ချနိုင်ရန် နေကြာကို တိုးချဲ့စိုက်ပျိုးလာကြသည်။

      ရိုးရိုးဆီကြိတ်ရုံများမှသည် ခေတ်မီအရည်အသွေးမြင့်ဆီသန့်စက်ရုံများအထိ ရင်းနှီးမြှုပ်နှံ မှုများတိုးတက်လာပြီး ယခုနှစ်တွင်ဆီကြိတ်ဖတ်များကို တိရစ္ဆာန်အစာအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ် လာနိုင်ခြင်းကြောင့် တောင်သူများနှင့်လုပ်ငန်းရှင်များအတွက် နှစ်ထပ်ကွမ်း အကျိုးအမြတ်ရရှိ စေသည်။ လက်ရှိဈေးကွက်အရ နှမ်းသည်ပြည်ပပို့ကုန်အဖြစ် ဈေးကောင်းရနေဆဲဖြစ်ပြီး တရုတ်နှင့်ဂျပန်ဈေးကွက်သို့ အဓိကတင်ပို့နေပြီး မြေပဲသည် ပြည်တွင်းဆီကြိတ်လုပ်ငန်းများတွင် ဝယ်လိုအားအမြင့်ဆုံးဖြစ်ကာ နေကြာသည်နိုင်ငံတော် စီမံကိန်းအဖြစ် စိုက်ဧရိယာသိသိသာသာ တိုးတက်လာသည်။

      အစိုးရနှင့်ပုဂ္ဂလိကတို့ပူးပေါင်း၍ ပြည်ပမှစားအုန်းဆီတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန် အတွက်တောင်သူများအား မျိုးစေ့ကောင်းများထောက်ပံ့ခြင်းနှင့် စိုက်ပျိုးရေးစရိတ် ချေးငွေများတိုးမြှင့်ပေးအပ် ခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။ ယခုနောက်ပိုင်းတွင် ခေတ်မီဆီကြိတ်စက် အသစ်များ တည်ဆောက်ခြင်းနှင့် အရည်အသွေးစစ်ဆေးသည့် စနစ်များပိုမိုကောင်းမွန်လာ သော်လည်း တောင်သူများအနေဖြင့်သွင်းအားစု စရိတ်ဖြစ်သော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းမြင့်တက်မှု၊ ရုတ်တရက် မိုးရွာသွန်းမှုများကြောင့် သီးနှံရိတ်သိမ်းချိန်တွင် ကြုံတွေ့ရသည့် အခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်သည်။

     ၂၀၂၅ခုနှစ်သည် မြန်မာ့ဆီထွက်သီးနှံကဏ္ဍအတွက် အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပြီး နှမ်းနှင့် မြေပဲသီးနှံများကို အဆင့်မြှင့်တင်ခြင်းနှင့်အတူ နေကြာကဲ့သို့အလားအလာရှိသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးခြင်းက နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်များစွာ အထောက်အကူပြုမည်ဖြစ်သည်။ စားသုံးသူများအနေဖြင့်လည်း ဈေးကွက်အတွင်းရှိ ရောနှောဆီ များနှင့်ကျန်းမာရေးနှင့်မညီညွတ်သော သွင်းကုန်ဆီများအစား မိမိတို့ဒေသထွက် မြေပဲ၊ နှမ်းနှင့် နေကြာဆီများကို ပိုမိုအားပေးခြင်းဖြင့် တောင်သူများ၏ဘဝကို မြှင့်တင်ပေးနိုင်သလို အရည် အသွေးမြင့်ဆီများကို ပိုမိုအားပေးစားသုံးခြင်းဖြင့် မိမိတို့၏ကျန်းမာရေးနှင့် နိုင်ငံ၏စိုက်ပျိုးရေး ကဏ္ဍကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းမြှင့်တင်ကြသည့် အနေအထားတစ်ခုဖြစ်လာပါသည်။

DOCA(ပဲခူး)