Main menu

ကမ္ဘာ့ဂျုံဈေးနှုန်းမြင့်တက်မှုဒဏ်နှင့်စားသုံးသူများ၏စိန်ခေါ်သံများ

Powered by Drupal
Wed, 01/14/2026 - 11:35 -- consumer_admin

     ကမ္ဘာတစ်ဝန်းတွင် ဂျုံဈေးနှုန်းများမြင့်တက်လာမှုကြောင့် အစားအစာဖူလုံရေးနှင့် စီးပွားရေး ဆိုင်ရာ စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိနေပြီး ပြီးခဲ့သည့် ၁၂ နှစ်တာကာလအတွင်း ကမ္ဘာ့ဂျုံဈေးကွက် သည် စံချိန်တင် ဈေးနှုန်းများသို့ ရောက်ရှိခဲ့ပါသည်။ ဂျုံသည်ကမ္ဘာ့လူဦးရေအတွက် အဓိကအခြေခံ စားသောက်ကုန်ဖြစ်သောကြောင့် ဈေးနှုန်းမြင့်တက်လာမှုသည် ပေါင်မုန့်၊ ခေါက်ဆွဲနှင့် အသင့်စား မုန့်များ၏ ကုန်ကျစရိတ်ကို တိုက်ရိုက် သက်ရောက်မှုဖြစ်စေပါသည်။ ဂျုံထုတ်လုပ်မှုလျှော့ချခြင်း နှင့်ပို့ဆောင်ရေးဆိုင်ရာအခက်အခဲများသည် ကမ္ဘာ့ဈေးကွက်ကို မတည်မငြိမ်ဖြစ်စေသော အဓိက အကြောင်းအရင်းများဖြစ်လာခဲ့သည်။

      ဂျုံစိုက်ပျိုးတင်ပို့သည့်နိုင်ငံများဖြစ်သော ကနေဒါ၊ ဩစတေးလျနှင့်ယူကရိန်းနိုင်ငံတို့တွင် ပြင်းထန်သောမိုးခေါင်ရေရှားမှုများ၊ အပူလှိုင်းများကြောင့် ဂျုံအထွက်နှုန်းမှာ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေး (FAO)အဖွဲ့က ခန့်မှန်းထား သည်။ သယ်ယူ ပို့ဆောင်ရေးစရိတ်အရ လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်းကြောင့် ဂျုံမှုန့်ကြိတ်ခွဲသည့် စက်ရုံများ၏စက် လည်ပတ်မှုစရိတ်များမြင့်တက်လာပြီး ယင်းကုန်ကျ စရိတ်များကို စားသုံးသူများထံ လွှဲပြောင်းပေးခဲ့သည်။ အချို့ဒေသများမှဂျုံတင်ပို့မှုများကို ပိတ်ဆို့ ထားခြင်း သို့မဟုတ် အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ကမ္ဘာ့ဂျုံထောက်ပံ့မှုကွင်းဆက်တွင် ကြီးမားသောလစ်ဟာမှုများ ဖြစ်ပေါ် လာခဲ့သည်။

     ဂျုံဖြင့်ပြုလုပ်သော အခြေခံစားသောက်ကုန်များ၏ပျမ်းမျှဈေးနှုန်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းမှ၂၅ ရာခိုင်နှုန်းအထိတိုးလာခဲ့ပါသည်။ ဝင်ငွေနည်းပါးသူများနှင့် လူလတ်တန်းစားများအကြား ဂျုံအစားအစာများဝယ်ယူစားသုံးမှုကိုလျှော့ချလာပြီး ပိုမိုသက်သာ သော အခြားအာဟာရများ ဖြစ်သည့် ဆန်နှင့်အာလူးတို့ကို ပိုမိုစားသုံးလာသည်ဟု စားသုံးသူရေးရာ အဖွဲ့အစည်းများက ဖော်ပြထားပါသည်။ စားသောက်ဆိုင်များနှင့် မုန့်ဖုတ်လုပ်ငန်းများသည်လည်း ကုန်ကျစရိတ်မြင့်မားမှုကြောင့် ၎င်းတို့၏ ရောင်းဈေးကို တိုးမြှင့်ရခြင်းနှင့်အမြတ်အစွန်း လျှော့ချခြင်း များပြုလုပ်လာကြသည်။ ဂျုံမှုန့်အစား ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်နှင့်အခြားမုန့်များပြုလုပ်ရာတွင် ဆန်မှုန့်၊ ဗာဒံမှုန့်၊ ပဲမှုန့်တို့ကိုအသုံးပြုနိုင်ပြီး ဂျုံ အစားထိုးစားသောက်ကုန်များသည် ဈေးကွက် မတည်ငြိမ်မှုဒဏ်ကို ကာကွယ်ပေးနိုင်သည့်အပြင် ကျန်းမာရေးအတွက်ပါ အကျိုးပြုနိုင်စေပါသည်။

      ကမ္ဘာ့ဂျုံဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေခြင်းသည် ယာယီအကျပ်အတည်းတစ်ခုမျှသာ မဟုတ်ဘဲ ရာသီဥတုပြောင်းလဲမှု၊ ပထဝီနိုင်ငံရေးနှင့်ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်၏ ပျက်စီးလွယ်မှု တို့ကို ထင်ဟပ်ပြသနေသည့် ရေရှည်စိန်ခေါ်မှုတစ်ခုဖြစ်ပါသည်။ စားသုံးသူများအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း မိမိတို့၏အစားအစာရွေးချယ်မှုပုံစံကို ပြန်လည်သုံးသပ်ရန် အခြေအနေတစ်ခုဖြစ်လာပြီး ဈေးကွက်အခြေအနေကိုသတိပြုလျက် မိမိတို့၏ အသုံးစရိတ်နှင့် စားသုံးမှုပုံစံကို ပတ်ဝန်းကျင်အခြေအနေနှင့် အညီလိုက်လျောညီထွေစွာ ပြင်ဆင် ထိန်းညှိသွားသင့်ပါသည်။

DOCA(ပဲခူး)