Main menu

အမျိုးသားယဥ်ကျေးမှုယွန်းအနုပညာနှင့်ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်

Powered by Drupal
Tue, 01/06/2026 - 16:01 -- consumer_admin

 

          မြန်မာလူမျိုးတို့သည် ဧည့်ဝတ်ကျေပွန်ကာသူတစ်ထူးအား ယဥ်ကျေးစွာဆက်ဆံတတ်သည့် လူမျိုးများဖြစ်သည်။ မိမိတို့အိမ်သို့ဧည့်သည်လာလျှင် ကွမ်း၊ ဆေး၊ လက်ဖက်၊ အချိုအချဥ်အစုံ အလင်နှင့် ဧည့်ခံလေ့ရှိသလိုပင် မိမိကအခြားတစ်ပါးသို့ခရီးသွားလျှင်လည်း  ကောင်းနိုးရာရာ လက်ဆောင်ပစ္စည်းများအား ယူဆောင်သွားလေ့ရှိသည်။ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်း ကပင် မိတ်ဖက်နိုင်ငံများနှင့် အပြန်အလှန်ကမ်းလှမ်းသည့် လက်ဆောင်များတွင် တန်ဖိုးကြီးမားမှု ရှိသလိုနိုင်ငံနှင့်လူမျိုး၏ ဂုဏ်ရည်ကိုပြသနိုင်သည့် လက်ဆောင်များပေးလေ့ရှိသည်။  နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ၏ ဘီလာရုဇ်သမ္မတနိုင်ငံတွင်ကျင်းပခဲ့သော ဥရောပအာရှစီးပွားရေးဖိုရမ်သို့ သွားရောက်သည့်ခရီးစဥ်တွင် ထိုကဲ့သို့သဘောဆောင်သည့် လက်ဆောင်များကို အပြန်အလှန်လဲလှယ်ပေးအပ်ခဲ့သည်ကို တွေ့ရှိရသည်။ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ရည်ကို ပြသနိုင်ပြီး မြန်မာလူမျိုးတို့၏ဧည့်ဝတ်ကျေပွန်ခြင်း ယဥ်ကျေးမှုအစဥ်အလာအား စောင့်ထိန်းခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ပေးအပ်ခဲ့သောလက်ဆောင်များတွင် ထူးခြားသည့်လက်ဆောင်များမှာ မြန်မာ့ယွန်းထည်များပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ယွန်းထည်ပြုလုပ်သည့် နိုင်ငံများစွာရှိနေသော်လည်း မြန်မာ့ယွန်းထည် များသည် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ဟန်အပြည့်အဝအသုံးပြုထားသည့် ထူးခြားသောယွန်းထည် များပင်ဖြစ်သည်။ ယွန်းလုပ်ငန်းနှင့်ပတ်သတ်ပါက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်အစုံလင်ဆုံးနှင့် အထွန်းကားဆုံးနိုင်ငံဟု ဆိုရမည်ဖြစ်သည်။ မြန်မာတို့၏ ယဥ်ကျေးမှုပုံစံအား သမိုင်းပညာရှင်များ သုံးသပ်ကြသည်မှာ “Adept and Adopt” ဖြစ်သည်ဟု ဆိုကြသည်။ မိမိတို့၏ကိုယ်ပိုင် ယဥ်ကျေးမှုအတွင်းသို့ အခြားယဥ်ကျေးမှုဝင်ရောက်လာပါက တိုက်ရိုက်ကူးယူခြင်းထက်  မြန်မာတို့ နှင့်ကိုက်ညီမည့်ပုံစံသို့ ပြောင်းလဲကာမိမိတို့၏ ကိုယ်ပိုင်ပုံစံအသစ်ဖြင့်ရောနှောစေပြီးမှ မွေးစားသည့် သဘောရှိခြင်းကြောင့် ထိုသို့သတ်မှတ်ခြင်းဖြစ်သည်။ မြန်မာပညာရှင်များသည်လည်း ရှေးယခင် ကတည်းကပင် “ အရိုးအား အရွက်မဖုံးရာ” ဟူသောဆိုရိုးစကားဖြင့် မိမိတို့၏ကိုယ်ပိုင်ယဥ်ကျေးမှု အားအခြားယဥ်ကျေးမှုမှ ဖုံးလွှမ်းခြင်းမပြုစေရန် သတိပေးစကားထားရှိခဲ့ကြသည်။ မြန်မာ့ယွန်းထည် သမိုင်းအား ဆန်းစစ်သုံးသပ်ရာတွင် မြန်မာ့ယွန်းထည်ပညာဖြစ်သော ပန်းယွန်းသည်အခြားနိုင်ငံများ နှင့်ခေတ်ပြိုင်ပေါ်ထွန်းလာခဲ့ပြီး ရိုးရှင်းလှပသောပုံစံမှ အဆင်တန်ဆာများခြယ်မှုန်းသည့် ပုံစံစသည် ဖြင့်တည်ရှိခဲ့ပြီး အရှေ့တောင်အာရှ ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် အခြားနိုင်ငံများဆီမှ ယွန်းထည်ပုံစံများအား နမူနာယူကာ မြန်မာ့ဟန်ပြောင်းလဲ၍ အမျိုးအမည်များ ပြားစုံလင်လှသော ယွန်းထည်များ ထုတ်လုပ်နိုင်ခဲ့သည်ဟု ယူဆကြသည်။ မြန်မာ့ယွန်းထည်သည် နှစ်၇၀၀၀ကျော်ကြာမြင့်ပြီဖြစ်သည့် တရုတ်ယွန်းပညာဆီမှာ မြစ်ဖျားခံခြင်းမဟုတ်ဘဲ ထူးခြားသော ကိုယ်ပိုင်ဟန်များဖြင့် တိုးတက်လာပြီး အေဒီ၁၀ရာစုတွင်ပြည့်စုံသော မြန်မာ့ယွန်းထည်ပုံစံဖြစ် ပေါ်လာခဲ့သည်ဟု သုတေသနပြုလုပ်ချက်များအရ သိရှိရသည်။ မြန်မာ့ယွန်းထည်များတွင် ရိုးရှင်း သောသစ်စေးသုတ်အထည်များ၊ ရွှေ၊ ငွေ၊ ဖန်မှန်၊ ကျောက်မျက်များဖြင့် အလှဆင်သောအထည်များ၊ ရွှေပိန်းချရွှေဇဝါရေးအထည်များ၊ ရုပ်လုံးရုပ်ကြွအထည်များ စသည်ဖြင့်အမျိုးအစားများ စုံလင်စွာတွေ့ရှိရသည်။ အောက်ခံထည်အဖြစ် အရှေ့တောင်အာရှပုံစံကြိမ်နှင့် ဝါးနှီးများအပြင် အရှေ့အာရှပုံစံဖြစ်သော သစ်သားသုံးသည့်ပုံစံလည်းရှိသဖြင့် မြန်မာ့ယွန်းထည်ပညာသည် နည်းစနစ် များစွာ ပါဝင်နေသော ထူးခြားသည့်ကိုယ်ပိုင်ဟန်ကိုပိုင်ဆိုင်သည်။ မြန်မာ့ယွန်းထည်အမျိုးအစားများ မြန်မာနိုင်ငံတွင်ယွန်းလုပ်ငန်းအား  ပုဂံဒေသတွင် နည်းစနစ်အစုံအလင်ဆုံးတွေ့ရှိရသည်။ မြန်မာ့ ယွန်းထည်များအား ဖော်ပြပါအတိုင်းပြုလုပ်နည်းအပေါ်မူတည်၍ အမည်ပေးကြသည်-

ကျောက်ကာထည်။ ရိုးစင်းကာ အဆင်တန်ဆာမပါသောပုံစံဖြစ်ကာ မြန်မာ့ယွန်းထည်၏ မူလပုံစံဟု ယူဆရသည်။ အောက်ခံအဖြစ် သစ်သားနှင့်နှီးအား အသုံးပြုကာအပေါ်မှနေ၍ သစ်စေးထူထပ်စွာ အထပ်ထပ်လိမ်းကျံသည့် နည်းစနစ်ဖြင့်ပြုလုပ်သည်။ ကျောက်ကာထည်များအား စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်ကာမြို့တွင်ပြုလုပ်သည်။ ယနေ့အချိန်တွင် ကျောက်ကာထည်တွင် ယွန်းလုပ်ငန်း များဆက်လက်လုပ်ကိုင်ခြင်း မရှိသလောက်နည်းပါးနေပြီဖြစ်သည်။

ယွန်းထည်ရိုးရိုး။ ဆေးသွင်းယွင်းထည်ဟုလည်း ခေါ်ဆိုသောယွန်းထည်အား ပုဂံမြို့တွင် အဓိကထုတ်လုပ်သည်။ သစ်စေးသုတ်လိမ်း၍ အခြောက်ခံထားသောယွန်းထည်ပေါ်တွင် ကညစ် အသုံးပြုကာလှပသောပုံစံများရေးဆွဲပြီး ဆေးရောင်များထည့်သွင်းကာပြုလုပ်ခြင်းဖြစ်သည်။  ထိုသို့ ပြုလုပ်ရာတွင် ယွန်းထည်များအား လုပ်ဆောင်မှုတစ်ခုပြီးစီးတိုင်း မြေတိုက်ဟူသည့် အေးမြခြောက်သွေ့သောနေရာတွင် ပြန်လည်သိုလှောင်အခြောက်ခံပြီးမှ လုပ်ဆောင်ခြင်းဖြစ်ရာ အနုစိတ်၍ ဂရုတစ်စိုက်လုပ်ဆောင်ရသောနည်းပင်ဖြစ်သည်။ လုပ်ဆောင်ရသည့် အဆင့်များမှာ အောက်ခံအထည်အပြီး သစ်စေးအကြမ်းသုတ်လိမ်းခြင်း၊ အပေါ်ယံသစ်စေးလွှာသုတ်လိမ်းခြင်း၊ ပုံဖော်ခြင်း၊ ဆေးရောင်သွင်းခြင်း၊ အချောသပ်ခြင်းတို့ပင်ဖြစ်သည်။ဤနည်းစနစ်တွင် မြန်မာ့ ယွန်းထည်များသည် အခြားနိုင်ငံများမှ ယွန်းထည်နည်းစနစ်များနှင့် မတူညီသည့်ပုံစံအား တွေ့ရှိရ သည်။ အောက်ခံထည်ပြုလုပ်ရာတွင် ဝါးနှီးအပြင် မြင်းလည်ဆံမွေးအား ထည့်သွင်းကာပြုလုပ် ထားသဖြင့် ဖိလျှင်မပိ၊ ချိုးလျှင်မကျိုး၊ သွင်းသည့်ယွန်းသားကျေပျက်ခြင်းမရှိဟူသည့် မြန်မာ့နည်း မြန်မာ့ ဟန်အား တွေ့ရှိနိုင်သည်။

          ရွှေယွန်းထည်။ ဆေးရောင်နေရာတွင် ရွှေမျက်ပါးများအား ဓားငယ်ဖြင်ကျွမ်းကျင်စွာပုံဖော်ကာ သစ်စေးပေါ်တွင် ကပ်၍ပြုလုပ်ထားသာ ယွန်းထည်များဖြစ်သည်။ ရွှေယွန်းထည်များအား ပုဂံတွင်အဓိကလုပ်ဆောင်ကာ နိုင်ငံတကာစျေးကွက်သို့ပင် တင်ပို့ရောင်းချလျက်ရှိသော ယွန်းထည်အမျိုးအစားများဖြစ်သည်။

သရိုးထည်။ ရုပ်လုံးရုပ်ကြွပြုလုပ်ထားသော ယွန်းထည်များဖြစ်ကာ သစ်စေးအားအရိုးပြာမှုန့်၊ စပါးခွံနှင့်သစ်လွှစာမှုန့်၊ တစ်ခါတစ်ရံတွင်နွားချေးဖြင့် သမအောင်ရောစပ်ကာ ရရှိလာသောသရိုးအား ရုပ်လုံးရုပ်ကြွအဖြစ်ပြုလုပ်၍ ထိုရုပ်လုံးရုပ်ကြွများအား ဆေး၊ ရွှေမျက်ပါးစသည်တို့ဖြင့် တန်ဆာဆင်၍ပြုလုပ်သော နည်းစနစ်ဖြစ်သည်။

နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ၏ ခရီးစဥ်အတွင်းတွင် အခြားနိုင်ငံများမှ ခေါင်းဆောင်များအား မြန်မာမှုလက်မှုလက်ရာထဲတွင် အကောင်းဆုံး ဟုဖော်ပြနိုင်မည့်ယွန်းထည်များအား လက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်းသိရသည်။ အိမ်ရှင်ဖြစ် သည့်ဘီလာရုဇ်သမ္မတကြီးအား ပေးအပ်ခဲ့သည့် ဝေဿန္တရာဇာတ်တော်ရုပ်စုံ ယွန်းဆွမ်းအုပ်သည် မြန်မာလူမျိုးတို့၏အနုပညာလက်ရာတင်မက ဗုဒ္ဓဘာသာပေါ်ယုံကြည် ကိုင်းရှိုင်းမှုအား ဖော်ပြသည့် လက်ဆောင်ပစ္စည်းဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံတော်သမ္မတကြီးအား ပေးအပ်ခဲ့သည့် ကုန်းဘောင်ခေတ်လူနေမှုဘဝရုပ်စုံ ဆွမ်းအုပ်ဆိုပါက မြန်မာတို့သည် ယဥ်ကျေးသော လူမျိုးဖြစ်ရုံ သာမက ကြီးကျယ်ခမ်းနားသောသမိုင်းကို ပိုင်ဆိုင်သည်ဟူသော အဓိပ္ပါယ်အား ဖော်ဆောင်နိုင်သည့် လက်ဆောင်ပစ္စည်းဖြစ်သည်။ ကျူးဘားနိုင်ငံသမ္မတအား ပေးအပ်ခဲ့သည့် ဆယ့်နှစ်လရာသီ ရုပ်စုံဆွမ်းအုပ်သည် မြန်မာလူမျိုးတု့်၏ ရိုးရာယဥ်ကျေးမှုဆယ့်နှစ်လရာသီပွဲတော်များအကြောင်း ဖော်ပြထားသည့်လက်ဆောင်ကောင်းဖြစ်သည်။ အဆိုပါယွန်းထည်လက်ဆောင်များသည် ငွေကြေး တန်ဖိုးထက်ပင် ယဥ်ကျေးမှုအစဥ်အလာနှင့် အနုပညာတန်ဖိုးပိုမိုကြီးမားသည့် လက်ဆောင်များ ဖြစ်သဖြင့် နိုင်ငံတကာခေါင်းဆောင်များ နှစ်ခြိုက်စွာလက်ခံခဲ့သည့် မြန်မာ့ရိုးရာယဥ်‌ကျေးမှု လက်ရာများပင်ဖြစ်သည်။  ခရီးစဥ်များအတွင်း နိုင်ငံတကာခေါင်းဆောင်များကိုသာမက အာရှ-ဥရောပစီးပွားရေးဖိုရမ်သို့ တက်ရောက်လာသောတာဝန်ရှိသူများ၊ မိတ်ဆွေများအတွက်လည်း မြန်မာ့ရိုးရာယွန်းပညာနှင့် လှပစွာတန်ဆာဆင်ထားသော ကလပ်များ၊  လက်ဖက်အုပ်များ၊ ယွန်းပန်းချီများအား ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

          မြန်မာ့ယွန်းထည်များသည် ၂၀၁၀ပြည့်နှစ်ကတည်းကပင် ဥရောပနိုင်ငံများသို့တင်ပို့ ရောင်းချလျက်ရှိကာ အခြားနိုင်ငံများမှ ယွန်းထည်များနှင့်မတူခြားနားစွာ လှပသည့်အနုပညာ ပစ္စည်းများဖြစ်သည်။ ဥရောပစျေးကွက်တွင် တန်းဝင်သည့်တန်ဖိုးကြီးလက်မှုပစ္စည်းများအဖြစ် နာမည်ကျော်ကြားသည်။ မြန်မာ့ယွန်းထည်များတွင် များသောအားဖြင့် နီညိုရောင်၊ ရွှေရောင်၊ အစိမ်း၊ အဝါကဲ့သို့သောအရောင်များအား အဓိကအသုံးပြုကာလုပ်ဆောင်ပြီး ကနုတ်ပန်းခက်များ၊ ပန်းချီပုံများဖြင့် တန်ဆာဆင်လေ့ရှိသည်။ ယနေ့ခေတ်တွင် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာသဖြင့် ဝယ်သူများအနေဖြင့်လည်း မိမိတို့၏စိတ်ကြိုက်ပုံစံများအား ရွေးချယ်ဝယ်ယူနိုင်လေရာ ထုတ်လုပ် သူများအနေဖြင့် ဝယ်ယူသူ၏အကြိုက်ပေါ်မူတည်ကာ ထုတ်လုပ်မှုပုံစံများ ပြောင်းလဲထုတ်လုပ်ရန် လိုအပ်သည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌက လက်ဆောင်အဖြစ် ပေးခဲ့သော ယွန်းထည်များတွင်ဥရောပသားများနှစ်သက်သည့် ဒီဇိုင်းပုံစံများအပြင် ရိုးရှင်းလှပသော ရှေးရိုးအစဥ်အလာယဥ်ကျေးမှုလက်ရာများကို တွေ့ရှိခဲ့သည်ဖြစ်ရာ မြန်မာ့ယွန်းထည်လုပ်ငန်းနှင့် ရှေးရိုးအစဥ်အလာအနုပညာများ၏ အဆင့်အတန်းမြင့်မားပုံကို နိုင်ငံတကာသို့ပြသနိုင်ခဲ့သည် ဟုဆိုပါသည်။

          ယွန်းထည်ပစ္စည်းများ၏ နှစ်လိုဖွယ်ကောင်းသောအချက်ကား နှစ်ပေါင်းများစွာ ကြာမြင့်သည့် တိုင်အောင် ဆေးရောင်တောက်ပနေခြင်းနှင့် တာရှည်ခိုင်ခံ့နေခြင်းပင်ဖြစ်သည်။ ယွန်းထည်ပစ္စည်း တစ်ခုပေါ်တွင်  တင်ထားသောဆေးရည်သည် တစ်ထပ်တည်းမဟုတ်ဘဲ အထပ်ပေါင်းများစွာ အကြိမ်ကြိမ်ဆေးသွင်းထားခြင်းဖြစ်သည်။  မြန်မာမှုကို ခင်တွယ်မြတ်နိုးသူတို့သည်မြန်မာ့ရိုးရာ ယွန်းထည်အတတ်ပညာကို အစဥ်အဆက်ထိန်းသိမ်းလာခဲ့ကြသည်။ ခုံမင်မြတ်နိုးစွာ ပြုလုပ်လာခဲ့ ကြသည်။  ယွန်းထည်အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူတို့အဖို့ ရိုးရာလုပ်ငန်းကို မြတ်နိုးတွယ်တာစွာ ထိန်းသိမ်းလုပ်ကိုင်နေကြခြင်းအား လေးစားစွာဖြင့် ဂုဏ်ပြုရေးသားတင် ပြလိုက်ရပါသည်။

DOCA( ပဲခူး)