Main menu

ထန်းပင်မြစ်နှင့်ကျန်းမာရေး

Powered by Drupal
Mon, 12/29/2025 - 15:03 -- consumer_admin

     ထန်းပင်မြစ်ကို အချို့အရပ်ဒေသတွင် “ထန်းမြစ်”ဟုလည်းကောင်း တစ်ချို့က “ထန်းပင်ပေါက်”ဟူ၍လည်းကောင်းခေါ်ကြသည်။ ထန်းသီးစေ့မှထွက်ရှိလာသော ထန်းပင်မြစ်သည် မြန်မာနိုင်ငံ၏ အညာဒေသထွက် စားစရာတစ်မျိုးပင်ဖြစ်သည်။ ချိုသော “ဝက်မြေစာဥ” အရသာနှင့်တူသည်။ သို့သော် ထန်းပင်မြစ်၏အရသာသည် စိမ့်သည်။ ရင့်သောထန်းပင်မြစ်သည် စေးထန်းကာ အရသာပိုကောင်းသည်။ အတွင်းထဲတွင် နောင်တွင်အရွက်ဖြစ်လာမည့် အညွှန့်လောင်း လေးများပါရှိသည်။  စေးစေးစိမ့်စိမ့်အရသာရှိသော ထန်းပင်မြစ်များကို စားဖူးသူတိုင်း နှစ်ခြိုက်ကြ သည်။ ထန်းပင်မြစ်များကို မီးဖုတ်၍ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ စားသုံးနိုင်သည်။ မီးဖုတ် သို့မဟုတ် ပြုတ်ပြီးနောက် ဆုံတွင်ထည့်ထောင်း၍ ဆီ၊ ဆားထည့်စားလျှင် အရသာပိုကောင်းသည်။ ပဲဆီပေါပေါရနိုင်သည့် အညာဒေသတွင် ထန်းပင်မြစ်ပြုတ်ကိုထောင်းပြီး ဆီဖြင့်ပြန်ကြော် စားကြသည်။ ထန်းပင်မြစ်ကြော်ကို ကလေး၊ လူကြီးမရွေးကြိုက်နှစ်သက်ကြသည်။

          မြန်မာ့ဆေးကျမ်းများတွင် ထန်းပင်မြစ်သည် သွေးသည်းခြေကို ပယ်တတ်သည်။ သွေး၊ လေ၊ သည်းခြေတို့ကိုနိုင်သည်။ ဝမ်းကိုလားစေ၏။ သလိပ်ကိုကြေစေ၏။ အသားကိုဖြစ်စေ၏။ အားကို ဖြစ်စေ၏။ ထန်းပင်မြစ်သည် လူတို့၏ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ဘီဓာတ် ပေါင်းစုအပြင် အဆီဓာတ်နှင့် ပရိုတိန်းဓာတ်များလည်း ပါရှိသည်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါရှိသောကြောင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ ခန္ဓာကိုယ်အတွင်း အပူဓာတ်ကိုလျှော့ချပေးနိုင်သည်။ ကလေးငယ်များ ရေကျောက်ရောဂါအတွက် ဆေးဖက်ဝင်သောအစားအစာဖြစ်သည်။ အဆီနှင့်ပရိုတိန်း တို့ပါရှိသည့် အတွက် ခန္ဓာကိုယ်ပိန်လှီသူများ စားပေးခြင်းဖြင့်ကိုယ်အလေးချိန် တိုးတက်လာစေပါသည်။ အစာအိမ်နာရှိသူများကိုကောင်းကျိုးပြုသည်။ အချုပ်အားဖြင့်ဆိုသော် ထန်းပင်မြစ်သည် ဆောင်းရာသီတွင်သာပေါပေါများများ ရရှိနိုင်ပြီး ခန္ဓာကိုယ်တွင်းအပူဓာတ်များကို လျှော့ချပေးနိုင် သည်။ရာသီစာ ဆေးဖက်ဝင်အစားအစာတစ်မျိုးဖြစ်သည်။ ဆောင်းဥတုရောက်သည့်အခါ ခန္ဓာကိုယ် အတွင်း အပူဓာတ်များသူများတွင် လည်ချောင်းနာ၊ ခံတွင်းနာ၊ သွားဖုံးနာ၊ နှုတ်ခမ်းတွင် ရေယုန်ပေါက်ကာ အပူကန်တတ်ကြသည်။  ထိုသူများသည် ထန်းပင်မြစ်ကို ပို၍စားသုံးပေးသင့် ပါသည်။ ထန်းပင်မြစ်သည် အညာဒေသတစ်ခုထဲတွင်သာ ထွက်ရှိသော ရာသီစာသီးနှံတစ်မျိုး ဖြစ်သည့်အတွက် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် လူအားလုံးစားသုံးနိုင်ရန် လက်လှမ်းမမှီနိုင် သေးပေ။ သို့သော် ကျန်းမာရေးရှုထောင့်မှကြည့်ပါက ဘေးထွက်ဆိုးကျိုးမရှိဘဲ အရွယ်သုံးပါးမရွေး စားသုံးသင့်ပြီး ကိုယ်ဝန်ဆောင်များလည်း စားသုံးသင့်ပါသည်။

DOCA(ပဲခူး)