Main menu

ကချင်ဒေသထွက်လိမ္မော်သီး

Powered by Drupal
Mon, 12/22/2025 - 11:44 -- consumer_admin

           အေးမြသောရာသီဥတု၊ မြင့်မားသောတောင်တန်းများနှင့် သန့်ရှင်းလတ်ဆတ်သော သဘာဝပတ်ဝန်းကျင်တို့ကြောင့် ကချင်ပြည်နယ်သည် နာမည်ကြီးလိမ္မော်သီးထွက်ရှိရာဒေသအဖြစ် ထင်ရှားကျော်ကြားပါသည်။ ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသောအော်ဂဲနစ်နည်းစနစ် များဖြင့် အဓိကစိုက်ပျိုးကြသဖြင့် ပိုးသတ်ဆေးအန္တရာယ်နည်းပါးသည်။

   ကချင်ပြည်နယ်တွင်စိုက်ပျိုးသည့်လိမ္မော်သီးများသည် အခြားဒေသထွက်အသီးများနှင့်မတူဘဲ ကိုယ်ပိုင်အထူးလက္ခဏာများရှိသည်။ ကချင်ဒေသထွက် လိမ္မော်သီးသည် အရသာရှိရုံသာမက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည်။ လိမ္မော်သီးအရောင်သည် လိမ္မော်ရင့်ရင့်နှင့် အနီဘက်သန်းသောအရောင်အနေအထားတွင်ရှိပါသည်။ လိမ္မော်သီးအရသာသည် ခံတွင်းရှင်းပြီး အချိုဓာတ်ပိုကဲ၍အရည်ရွှမ်းသောအသီးဖြစ်ပါသည်။ကိုယ်ခံအားစနစ်ကိုလည်းမြှင့်တင်ပေးပြီးရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်သည်။ အမျှင်ဓာတ်ပါဝင်မှုက အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည့်အတွက် အရွယ်တင် နုပျိုစေပြီး နာတာရှည် ရောဂါဖြစ်ပွားမှု ကို ကာကွယ်ပေးနိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်သော ပိုတက်ဆီယမ်နှင့် ဖောလိတ် ဓာတ်တို့ကိုလည်း ဖြည့်တင်းပေးသည်။

   မြစ်ကြီးနားမြို့နယ် အကျဲ၊ ရှဒေါင်ဒေသများ၊ ဝိုင်းမော်မြို့နယ် မန်ဒေါင်၊ ကဇူး၊ ဂါးရာယန်ဒေသ၊ ဖားကန့်မြို့နယ်၊လဝါးဒေသ၊ ဒွမ်ဘန်ဒေသ၊ နောင်းမီဒေသများ တဝိုက် စိုက်ပျိုးသည့် လိမ္မော်သီးများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးကောင်းရ ရောင်းပန်းလှလျက်ရှိသည်။ ထို့အပြင် မိုးညှင်းမြို့နယ်၊ ကာဒူးဒေသများ၊ နှင့် ဗန်းမော်မြို့နယ်၊ နန့်အုံကြီးဒေသနှင့် တနိုင်းမြို့နယ်၊ ကောင်ရာဒေသများတွင် ကိုင်းဆက်နည်းဖြင့် အနည်းငယ်စိုက်ပျိုးလျက်ရှိသည်။

   ကချင်ပြည်နယ်ဒေသထွက်လိမ္မော်သီးများသည် မိုးအကုန်ဆောင်းအကူး စက်တင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ထွက်ရှိပြီး ထိုကာလသည် ကချင်ရိုးရာကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်ကာလဖြစ်ပြီး ‌ဒေသအတွင်းရှိဈေးများတွင် ရာသီပေါ်သီးနှံလိမ္မော်သီးများဖြင့် စည်ကားစွာတွေ့ရ၍ မန္တလေးသို့လည်း အဓိကတင်ပို့ရောင်းချကြသည်။

 

   လိမ္မော်သီးများသည် ယခင်နှစ်ထက်စာလျှင် လိမ္မော်သီးအထွက်နှုန်းအနည်းငယ် ကျဆင်း ခဲ့သော်လည်း ယခင်နှစ်ထက်ဈေးနှုန်းပိုသောကြောင့် အကျိုးအမြတ်ရရှိနေကြောင်းတွေ့ရသည်။ ဈေးကွက်တွင် လိမ္မော်သီးတစ်လုံးလျှင် ကျပ် ၆၀၀ နှုန်းဖြင့် ခြံပြတ်လက်ကားဈေးများဖြင့် ဝယ်ယူတင်ပို့ ကြပြီး၊ လက်လီစျေးမှာ အလုံးအကြီးအသေးပေါ်မူတည်၍ အကြီးတစ်လုံးလျှင် ကျပ် ၁၀၀၀၊ အလတ်တစ်လုံး ကျပ် ၈၀၀ ၊ အသေးတစ်လုံး ကျပ် ၇၀၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း လိမ္မော်သီးကုန်သည်တစ်ဦးပြောပြချက်အရ သိရသည်။

   ကချင်ပြည်နယ်ဒေသထွက်လိမ္မော်သီးသည် စိန်ခေါ်မှုများလည်း ရင်ဆိုင်နေရပြီး ဈေးကွက်သို့ ပို့ဆောင်ရာတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ သီးနှံအထွက်နှုန်းမတည်မြဲမှုနှင့် ဈေးနှုန်း မတည်ငြိမ်မှုတို့ပါဝင်ပြီး ရာသီဥတုပြောင်းလဲမှုတို့ကြောင့်ဖြစ်ပေါ်လာနိုင်သောခြိမ်းခြောက်မှုများလည်း ရှိနေပြန်သည်။ အနာဂတ်အတွက် ဒေသခံတောင်သူများနှင့် အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများက ပူးပေါင်းကာ စိုက်ပျိုးရေးနည်းပညာမြှင့်တင်ခြင်း၊ လုပ်ငန်းခွင်အရည်အသွေးမြှင့်တင်ခြင်း၊ ဈေးကွက် ချဲ့ထွင်ခြင်းတို့နှင့် တန်ဖိုးမြင့်ထုတ်ကုန်လုပ်ငန်းများ (ဥပမာလိမ္မော်သီးယို၊ လိမ္မော်ဖျော်ရည်) ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ ကချင်ပြည်ဒေသထွက်လိမ္မော်သီးသည် ဒေသ၏ ဂုဏ်ယူ ဝင့်ကြွားဖွယ် သဘာဝလက်ဆောင်တစ်ရပ်လည်းဖြစ်သည့်အပြင် ၎င်း၏ ချိုချဉ် အရသာ၊ ဆွဲ‌ဆောင်မှု ရှိသည့် အနံ့အသက်နှင့် ကျန်းမာရေးအကျိုးကျေးဇူးများက စားသုံးသူတိုင်း၏စိတ်ကိုဆွဲဆောင်နိုင်စွမ်းရှိပါသည်။ ကချင် ပြည်နယ်သို့ ရောက်ရှိလာသူတိုင်း ဒေသထွက်လတ်ဆတ်သော လိမ္မော်သီးကို မြည်းစမ်းကြည့်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

  DOCA(ကချင်)