
မန်ကျည်းသီးသည် သွေးသန့်စေပြီး အရေပြားမှစ၍ အစာခြေစနစ်အထိ အထောက်အကူ ပြုသည်ဟုဆိုကြသည်။ မန်ကျည်းစေ့ကလည်း ဆေးဖက်ဝင်ပါသည်။ မန်ကျည်းပင်၏အရိပ်သည် အေးမြပြီးရွက်နုမှစ၍ ရွက်ကြမ်းဘဝ၊ အသီး၊ အပွင့်၊ အခေါက်၊ အမြစ်စသည့် မန်ကျည်း တစ်ပင် လုံး လိုအပ်သလို အသုံးပြုနိုင်သည်။
မန်ကျည်းသီးစိမ်း
မန်ကျည်းသီးစိမ်းသည် ရာသီစာသီးနှံဖြစ်သည်။ မန်ကျည်းသီးစိမ်းကို ကြော်၍ဖြစ်စေ၊ ထောင်း၍ဖြစ်စေ၊ မန်ကျည်းသီးစိမ်းငါးပိချက်ဖြစ်စေပြုလုပ်၍ စားသုံးနိုင်ပါသည်။
မြန်မာ့ဆေးကျမ်းပါမန်ကျည်းသီးအစွမ်း
မန်ကျည်းသီးသည် ပူ၏၊ချဉ်၏၊ သည်းခြေကိုဖြစ်စေ၏။ သလိပ်ကိုပွားစေ၏။ လေကိုနိုင် ၏။ မန်ကျည်းရွက်သည် ရောင်တင်းခြင်း၊ သွေးဖောက်ပြန်ခြင်း၊ နားရောဂါ၊ မျက်စိ ရောဂါ၊ မြွေ ဆိပ်သင့်ခြင်းတို့ကိုနိုင်၏။ အသီးစိမ်းသည်ချဉ်၏၊ ချို၏၊ ပူ၏၊ သလိပ်ကိုဖြစ်စေ၏။ အနည်းငယ် ဝမ်း သက်စေနိုင်၏။ မန်ကျည်းသီးစိမ်းအနုသည် သည်းခြေကိုပျက်စေ၏။ အဆိပ်သင့်သောအနာကို ပျောက်ကင်းစေပြီး သလိပ်နာ၊ သည်းခြေနာကိုနိုင်၏။ အရွက်သည် ချဉ်၍ဖန် သောအရသာရှိ ၏။ ဓာတ်လေးပါးတို့၏ အခိုးအကင်းကိုနိုင်၏။ အအေးအာပေါအတွက် ဓာတ်စာဖြစ်၏။ အေး၊ ဖန်၊ အာပေါဓာတ်စာဖြစ်၍ အေး၊ ချဉ်၊ ဖန်သောအရသာရှိပြီး ဆီးများ၊ လေချုပ်၊ ဝမ်းချုပ်စေတတ် ၏။ အစာကြေခြင်း၊ သွေးလေကိုကြေစေ၏ ဟုဆိုထားသည်။
ဝမ်းချုပ်တတ်သူများအနေဖြင့် မန်ကျည်းမှည့်ကို မန်ကျည်းဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးပါက ဝမ်းပုံမှန်သွားစေသည်။ နေပူမိပြီး မျက်လုံးများကျိန်းအောင့်နာပါက မန်ကျည်းပင်၏ အခေါက်ကိုသွေး၍ မျက်လုံးတစ်ဝိုက်တွင် ကွင်းပြီးလိမ်းပေးခြင်းဖြင့် မျက်စိနာရောဂါကို သက်သာ စေသည်။ မန်ကျည်းပွင့်နှင့် ထန်းလျက်ရောစားပါက သွေးဝမ်းသွားခြင်းကို ရပ်စေနိုင်သည်။ မန် ကျည်းမြစ်ကို ဆားဖြင့်သွေး၍လိမ်းပေးပါက ရေယုန်ကို သက်သာပျောက်ကင်းစေသည်ဟု မြန်မာ့ ဆေးကျမ်းများတွင် ဖော်ပြထားပါသည်။
အစာခြေစနစ်ကိုတိုးတက်ကောင်းမွန်စေနိုင်
မန်ကျည်းသီးသည် အမျှင်ဓာတ်ကြွယ်ဝသည့် အသီးဖြစ်သောကြောင့် ဝမ်းမှန်စေပြီး အစာ အိမ် နှင့် အူလမ်းကြောင်းကို သန့်စင်စေသည်။ မန်ကျည်းသီးက အသည်း၊ အူမကြီးနှင့် တခြား အစာခြေ အင်္ဂါအစိတ်အပိုင်းများကို ကျန်းမာစေပြီး မန်ကျည်းသီးကို နေ့စဉ်စားသုံးပေးပါက အစာ ခြေစနစ်ကို တိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။
သွေးလည်ပတ်မှုကောင်းမွန်စေနိုင်
မန်ကျည်းသီးတွင် သံဓာတ်ကြွယ်ဝစွာ ပါဝင်မှုကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။ မန်ကျည်းသီးက သွေးနီဥဆဲလ်များကိုတိုးစေသည့် သံဓာတ်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးသည်။ဆဲလ်များနှင့်အင်္ဂါအစိတ်အပိုင်းများဆီသို့ အောက်ဆီဂျင် ထောက် ပံ့ပေးမှုကိုလည်း အထောက်အကူပြုပါသည်။
အာရုံကြောလုပ်ငန်းစဉ်များကို တိုးတက်စေနိုင်
အသက်အရွယ်ရလာသည်နှင့်အမျှ သိမြင်မှုလုပ်ငန်းစဉ်များ ကောင်းမွန်စေရန်သဘာဝအစား အစာများအပေါ် မှီခိုလာရပါသည်။ အာရုံကြောစနစ်ကို တိုးမြှင့်ပေးသည့် အစားအစာများထဲတွင် မန်ကျည်းသီးလည်းပါဝင်ပါသည်။ မန်ကျည်းသီးတွင် အာရုံကြော၏ လုပ်ငန်းစဉ်များနှင့် မှတ်ဉာဏ် ကိုတိုးစေသော ဗီတာမင်-B6 ကြွယ်ဝစွာပါဝင်သည်။
ဆီးချိုထိန်းညှိရာတွင် အထောက်အကူပြုနိုင်
မန်ကျည်းသီးက သွေးတွင်းအချိုဓာတ်ထိန်းညှိခြင်းကို အထောက်အကူပြုသည်။ မန်ကျည်း သီးက သကြားဓာတ်နှင့် အဆီဓာတ်များဖွဲ့စည်းမှုကို ဖြစ်ပေါ်စေနိုင်သည့် ကာဗိုဟိုက်ဒရိတ် စုပ်ယူမှု ကို နှေးကွေးစေနိုင်သကဲ့သို့ အင်ဆူလင်ပမာဏကိုလည်း တိုးစေနိုင်ပါသည်။ ဆီးချိုဝေဒနာရှင်များ အနေဖြင့် မန်ကျည်းသီး စားသုံးပေးနိုင်သည်။
ကိုယ်ခံအားစနစ်ကိုတိုးမြှင့်စေနိုင်
မန်ကျည်းသီးတွင် ဆဲလ်များနှင့် ကိုယ်တွင်းအင်္ဂါများကို ပြင်ပမှဓာတုပစ္စည်းများကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဗီတာမင်- C တို့ ကြွယ်ဝစွာ ပါဝင်သည်။
မန်ကျည်းသီးတွင် ရောင်ရမ်းမှုကိုတိုက်ဖျက်နိုင်သည့် အစွမ်းရှိပြီး ဗက်တီးရီးယားများကို တိုက်ဖျက်နိုင်ကာ ကိုယ်ခံအားစနစ်တိုးတက်စေရန်လည်း အထောက်အကူပြုသည်။
သွေးသန့်စေနိုင်
မန်ကျည်းသီးတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များ၊ နေ့စဉ်လိုအပ် သည့်အမျှင်ဓာတ်နှင့် ဗီတာမင်-C တို့ ကြွယ်ဝစွာပါဝင်မှုကြောင့် သွေးသန့်အောင် လုပ်ဆောင်ပေး ပါသည်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်နေသောကြောင့် Free Radicals များကို တိုက် ဖျက်ပေးပြီး သွေးသန့်စေပါသည်။
နှလုံးကျန်းမာစေနိုင်
မန်ကျည်းသီးက နှလုံးကိုကောင်းမွန်စေပြီး ကိုလက်စထရောကို ထိရောက်စွာထိန်းညှိပေး နိုင်ပါသည်။ ခန္ဓာကိုယ်အတွက် မကောင်းသော ကိုလက်စရော(LDL)ကို ကျဆင်းစေပြီး ကောင်း သော ကိုလက်စထရော(HDL)ကို တိုးတက်အောင်လုပ်ဆောင်ပေးပါသည်။ ပိုတက်ဆီယမ် ကြွယ်ဝ စွာပါဝင်မှုကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးပါသည်။ ဗီတာမင်-C ကြွယ်ဝမှုကလည်း နှလုံးသွေး ကြောစနစ်အပေါ် ဖိအားသက်ရောက်မှုကို လျော့ကျစေပါသည်။
ဝက်ခြံလျော့ပါးစေနိုင်
မန်ကျည်းသီးသည် အရေပြားရောင်ရမ်းခြင်းနှင့် ဝက်ခြံများကို သက်သာစေပါသည်။ မန် ကျည်းသီးတွင် အသက်အရွယ်ကြောင့်ဖြစ်သည့် အမည်းစက်များကိုလျော့ပါးစေပြီး ချွေးပေါက်များ တွင်ပိတ်ဆို့နေသော အညစ်အကြေးများကို ဖယ်ရှားနိုင်သော အစွမ်းသတ္တိများရှိသည့်အပြင် Alpha Hydroxy Acids ဓာတ်ပစ္စည်းပါဝင်မှုကြောင့် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါသည်။
မန်ကျည်းသီး၏ဆိုးကျိုးများ
မန်ကျည်းသီးသည် ကျန်းမာရေးကို အထောက်အကူပြုသကဲ့သို့ ဆိုးကျိုးသက်ရောက်မှုများ လည်းရှိပါသည်။ အကိုက်အခဲပျောက်ဆေး၊ Ibuprofen နှင့် သွေးကျဲဆေးမှီဝဲနေရသူများ အနေဖြင့် မန်ကျည်းသီးကို လုံးဝမစားသင့်ပေ။ သွေးယိုစီးမှုဖြစ်နိုင်ခြေကို တိုးစေနိုင်သောကြောင့် အဆိုပါဆေးဝါးများကို မှီဝဲနေသူများအနေဖြင့် မန်ကျည်းသီး လုံးဝမစားသင့်ပါ။ မန်ကျည်းသီးကို အလွန်အကျွံ စားသုံး ပါကသွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး (Hypoglycemia) သွေးတွင်း သကြားဓာတ် လျော့နည်းခြင်းကို ဖြစ်ပေါ်စေနိုင်သောကြောင့် တစ်ရက်ကို မန်ကျည်းသီး ၁၀ ဂရမ်ထက် ပိုမစား သင့်ပါ။
မန်ကျည်းသီးနှင့်ဓာတ်မတည့်လျှင် ဖြစ်တတ်သော ရောဂါများ
မန်ကျည်းသီး ဓာတ်မတည့်မှုရှိပါက အရေပြားတွင် အနီအပိမ့်များထွက်ခြင်း၊ အော့အန်ခြင်း များ ဖြစ်စေနိုင်သောကြောင့် မစားသင့်ပါ။ မန်ကျည်းသီးတွင် အက်စစ်ဓာတ်ပါသော ကြောင့် အလွန် အကျွံ စားသုံးပါက သွားကြွေလွှာကို ပျက်စီးစေနိုင်ခြင်း၊ သည်းခြေကျောက်တည်ခြင်း၊ သွေးအား နည်းစေကာသံဓာတ်အားနည်းခြင်းတို့ဖြစ်စေသည်။ မန်ကျည်းသီးကို မကြာခဏစားသုံးခြင်းဖြင့် အစာခြေစနစ်အတွင်း အက်စစ်ပမာဏကိုတိုးစေပြီးအစာအိမ်အချဉ်ပေါက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ မန်ကျည်းသီးက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေပြီး သွေးချိုထိန်းညှိမှုကိုအနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် ဆီးချိုရောဂါရှိသူများအနေဖြင့် သွေးတွင်းသကြားဓာတ်ကို သေချာစောင့် ကြည့် ပြီးမှသာ စားသုံးပေးသင့်ပါသည်။ ခွဲစိတ်ကုသမှုခံယူနေစဉ် အတွင်းနှင့် ခွဲစိတ်ကုသမှု ခံယူပြီးချိန် တို့တွင် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သောကြောင့် ခွဲစိတ်ကုသမှု ခံယူမည့်သူများ အနေဖြင့် ခွဲစိတ်ကုသမှု မခံယူခင် နှစ်ပတ်အလိုကပင် မန်ကျည်းသီး လုံးဝမစားဘဲ နေရမည်ဖြစ် သည်။
အချုပ်အားဖြင့်ဆိုရသော် မန်ကျည်းသီးမှည့်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့ ရောင်းချရသည့်အပြင် ပြည်တွင်း၌လည်း စားသုံးမှုများသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သော သီးနှံဖြစ် ပြီး နိုင်ငံခြားဝင်ငွေရရှိနိုင်ခြင်း၊ အစားအစာများ ထုတ်လုပ်မှုတွင် အဖိုးတန်အသုံး ဝင်သကဲ့သို့ ဆေးဖက်ဝင်ခြင်းတို့ကြောင့် ကျန်းမာရေးကို အထောက်အကူပြုကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။
Source: ဒေါက်တာလပြည့်ခင်
DOCA(ပြည်ထောင်စုနယ်မြေ)
