Main menu

လူမျိုးတိုင်းကြိုက်နှစ်သက်ကြသည့် သီးစုံပဲကုလားဟင်းရည်အကြောင်း

Powered by Drupal
Wed, 12/17/2025 - 10:26 -- consumer_admin

    သီးစုံပဲကုလားဟင်းသည် အိန္ဒိယလူမျိုးများ၏မီးဖိုချောင်ရိုးရာမှ ဆင်းသက်လာသည့် အရသာ ရှိပြီး အာဟာရပြည့်ဝသောရိုးရာဟင်းတစ်မျိုးဖြစ်ပြီး သီးစုံကုလားပဲဟင်းဟုလူသိများသော ဤဟင်းလျာသည် အာဟာရဓာတ်များစွာကြွယ်ဝခြင်း၊ ပဲအမျိုးမျိုးနှင့်သီးနှံအမျိုးမျိုးတို့ကို ပေါင်းစပ်ချက် ပြုတ်ထားပြီး ၎င်း၏မွှေးကြိုင်သောရနံ့နှင့် ထူးခြားသောအရသာတို့ကြောင့် ကမ္ဘာအနှံ့အပြားတွင် လူကြိုက်များ လျက်ရှိနေပါသည်။ မြန်မာနိုင်ငံသည် ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် သီးနှံအထွက် များသောနိုင်ငံ ဖြစ်သည့်အတွက် မြန်မာလူမျိုးများအတွက်လည်း မရှိမဖြစ်ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။

    သီးစုံပဲကုလားဟင်း၏မူလဇစ်မြစ်မှာ အိန္ဒိယနိုင်ငံနှင့်နီပေါနိုင်ငံတို့ဖြစ်ပြီး ရှေးယခင်ကာလ များကတည်းက နေ့စဉ်ဟင်းလျာအဖြစ် စားသုံးခဲ့ကြပြီး ရှေးဟောင်းဗေဒဆိုင်ရာ အ‌ထောက်ထား များအရပဲကို အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုခေတ်တွင် ပင်စိုက်ပျိုးစားသုံးခဲ့ကြောင်းတွေ့ရှိရသည်။ သီးစုံပဲကုလားဟင်းသည် မည့်သည့်လူတန်းစားမဆို လက်လှမ်းမှီနိုင်သော၊ စားစရိတ် သက်သာပြီး ပြင်ဆင်ရလွယ်ကူသော အစားအစာဖြစ်သောကြောင့် နှစ်ထောင်ပေါင်းများစွာကြာအောင် နေ့စဉ်အဓိကအစားစရာအဖြစ် တည်ရှိနေခဲ့သည်။

    သီးစုံပဲကုလားဟင်းပြုလုပ်ရာတွင် အသုံးပြုသောပါဝင်ပစ္စည်းများမှာ ပဲအမျိုးမျိုးဖြစ်ပြီး ဟင်းသီးဟင်းရွက်အမျိုးမျိုးရောစပ်ကာ ချက်ပြုတ်ထားခြင်းကြောင့် အာဟာရဓာတ်များပိုမိုပြည့်စုံပြီး အရသာလည်းလွန်စာ ကောင်းမွန်လှပါသည်။ သီးစုံကုလားပဲဟင်းသည် ကျန်းမာရေး ကောင်းကျိုးများ နှင့်ဟင်းသီးဟင်းရွက်တို့၏ ဗီတာမင်၊ သတ္တုဓာတ်များကို ပေါင်းစပ်ပေးထားသည့် ပြီးပြည့်စုံသော ဟင်းလျာတစ်မျိုးဖြစ်သည်။

     သီးစုံပဲဟင်း၏ထူးခြားချက်မှာ အမည်အတိုင်းပင် ပဲအမျိုးအစားများစွာနှင့် ဟင်းသီးဟင်းရွက် မျိုးစုံကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်သည်။ ဤဟင်းလျာတွင် ပဲဝါကြီး၊ ပဲနီလေးနှင့်ပဲဝါစိမ်းခြမ်းစသည့် ပဲအမျိုးအစားနှစ်မျိုး သို့မဟုတ် သုံးမျိုးရောစပ်အသုံးပြုလေ့ရှိပြီး ပဲများကိုပေါင်းစပ်ခြင်းဖြင့် ပဲတစ်မျိုး တည်းမှရရှိသော အရသာထက် ပိုမိုထူးခြားသော အနံ့အရသာနှင့်အသွင်အပြင်ကိုရရှိစေပါသည်။ ရောစပ်အသုံးပြုလေ့ရှိသော ဟင်းသီးဟင်းရွက် များမှာ အာလူး၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ဟင်းနုနွယ်ရွက်၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီးတို့ပါဝင် ပါသည်။ ဤဟင်းသီးဟင်းရွက်များသည် ပဲဟင်းအား အသွင်အပြင်လှပစေရုံသာမက ဗီတာမင်စီ၊ ဗီတာမင်ကေနှင့် ကာရိုတင်းကဲ့သို့သော အာဟာရဓာတ်များကိုပါထည့်သွင်းပေးပါသည်။

    ချက်ပြုတ်နည်းအမျိုးမျိုးရှိပြီး အခြေခံချက်ပြုတ်နည်းအဆင့်ဆင့်မှာ ရွေးချယ်ထားသော ပဲအမျိုးအစားများ ကိုရေဆေးပြီး မိနစ်အနည်းငယ်ခန့်စိမ်ထားပြီး ဟင်းသီးဟင်းရွက်များကို ဆေးကြောသန့်စင်ပါသည်။ စိမ်ထား သောပဲများနှင့်ဆေးကြောသန့်စင်ထားသော ဟင်းသီးဟင်းရွက် များကို ရေ၊ နနွင်းမှုန့်၊ ဆားတို့ထည့်ကာနူးအိသည့် အထိပြုတ်ကာ ဒယ်အိုးတစ်လုံးထဲတွင် ဆီကိုအပူပေးပြီး ဇီယာ၊ မုန်ညှင်းစေ့၊ ငရုတ်သီးခြောက်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကိုဆီသတ်ကာ မွှေးလာပါကပြုတ်ထားသော ပဲဟင်းထဲသို့ လောင်းထည့်ပြီး ဆား၊ အရသာမှုန့်တို့ ထည့်ကာချက်ပြုတ် ပါသည်။

    သီးစုံပဲကုလားဟင်းသည် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများတွင်ပါဝင်ပြီး ဟင်းသီး ဟင်းရွက် များမှဗီတာမင်နှင့်သတ္တုဓာတ်များသည် ပဲမှရရှိသောပရိုတင်းဓာတ်နှင့် ပေါင်းစပ် လိုက်သောအခါ အာဟာရတန်ဖိုး ကိုမြှင့်တင်ပေးပါသည်။ အမျှင်ဓာတ်မြင့်မားစွာပါဝင်သောကြောင့် အစာကြေ လွယ်ပြီးကိုယ်အလေးချိန်ထိန်းသိမ်း လိုသူများအတွက်အထူးကောင်းမွန်ပါသည်။ ဟင်းသီးဟင်းရွက် များစွာပါဝင်သောကြောင့် အမျိုးမျိုးသော ဗီတာမင် ဓာတ်များရရှိကာ ခန္တာကိုယ်၏ ကိုယ်ခံအား စနစ်ကိုမြှင့်တင်ပေးပါသည်။ မြန်မာထမင်းဆိုင်များတွင် အရည်သောက် ဟင်းလျာအဖြစ် တည်ခင်း ရောင်းချလျက်ရှိပြီး ထမင်း၊ ရိုတီ သို့မဟုတ် နံပြားတို့နှင့်တွဲဖက်၍ စားသုံးနိုင်ပါသည်။

    ယခုအခါ သီးစုံပဲဟင်းနှင့်ငါးခြောက်ကြော်များကို တွဲဖက်ရောင်းချကြသော တစ်နိုင်တစ်ပိုင် ဆိုင်ငယ်လေး များပေါ်ပေါက်လာသည်ကိုတွေ့ရပြီး လုပ်ငန်းသေးလေးများ ဖြစ်သောကြောင့် တစ်ဦးတည်း လုပ်ကိုင်နိုင်သော လုပ်ငန်းဖြစ်သည့်အပြင် အိမ်ရှင်မများအတွက် အပိုဝင်ငွေ ရှာနိုင်သောလုပ်ငန်းလည်း ဖြစ်ပါသည်။ ပဲဟင်းများကို တစ်ပွဲလျှင် ၁၀၀၀ ကျပ်ဖြစ်သာ ရောင်းချသောကြောင့် ဈေးနှုန်းချိုသာသော ဟင်းတစ်ခွက်ဖြစ်ပြီး သီးစုံပဲဟင်းသည် အာဟာရဓာတ် များစွာပါဝင်ပြီး ချက်ပြုတ်ရန် လွယ်ကူသော ကြောင့် ၎င်းဟင်းတစ်ခွက်တည်းဖြင့် ထမင်းမြိန်မြိန် စားနိုင်ပါသည်။

DOCA(ပဲခူး)