
ကျွဲကောသီး(Pomelo) သည် citric အက်စစ် ခေါ် အချဉ်ဓာတ် အက်စစ်ပါရှိသော သစ်သီး မျိုးနွယ်ဝင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိအချဉ်သီး မျိုးနွယ်ထဲတွင် အရွယ်အစားအကြီးမားဆုံး အမျိုးအစားဖြစ်သည်။ အရှေ့ တောင်အာရှနိုင်ငံများ ဖြစ်ကြသော တရုတ်နှင့်အိန္ဒိယနယ်စပ်တို့တွင် စတင် ပေါက်ရောက်ကြပြီး ဂျပန်၊ ကာရေဘီယန်နှင့် အမေရိကန် ပြည်ထောင်စု တို့တွင်လည်း အများအပြား တွေ့မြင်ရတတ်သည်။ “တရုတ်ပြည်၏ ဂရိတ် ဖရုသီး” ဟု ခေါ်ဝေါ်လေ့ရှိပြီး တရုတ်ရိုးရာများ၌ “နိမိတ်ကောင်းတဲ့ မင်္ဂလာရှိ သောအသီး” အဖြစ် အခမ်းအနား များတွင် အသုံးပြုလေ့ရှိကြသည်။
အသီး၏ပုံသဏ္ဌာန်မှာ လုံးဝန်းပြီး အချင်း ၃၀ စင်တီမီတာခန့်ရှိသည်။ ရေမြေသဘာဝနှင့် အမျိုးအစားပေါ်မူတည်၍ အသီး၏အရွယ်သည် ပေါင် ၂၀ ကျော် အလေးချိန်ရှိတတ်သည်။ အပြင်ပိုင်း အခွံအရောင်သည် အစိမ်းဖျော့ရောင်ဖြစ်ပြီး အသီး မှည့်လာသောအခါ အဝါရောင်ပြောင်း သွားသည်။ ၎င်းအခွံသည် အတန်ငယ်ထူသော်လည်း မာကျောခြင်း မရှိသည့်အတွက် ခွာရလွယ်ကူသည်။ ထိုအခွံအောက် တွင် ရေမြှုပ်သဏ္ဌာန် အဖြူရောင်အခွံအခေါက်တို့ ရှိသည်။ အသီးအမြွှာလေးများပေါ် တွင် အခွံပါးတစ်ထပ် ဖုံးအုပ်ထားပြီး ထိုအခွံပါးသည် အရသာခါး တတ်သဖြင့် ကုန်စင်အောင်နွှာပြီးမှ စားကြသည်။ အသီးထဲရှိအသားသည် များသောအားဖြင့် အဖြူရောင်ဖြစ်ပြီး ချိုချဉ်အရသာဖြစ်သည်။ ပန်းရောင် သို့မဟုတ် အနီရောင်အသီးတို့ကိုလည်း တွေ့ရတတ်ပြီး ထိုအမျိုးအစားက အဖြူသီးထက် ပိုနူးညံ့ကာ အချိုဓာတ်ပိုကဲသည်။ မြန်မာပြည် တွင် မွန်ပြည်နယ် မော်လမြိုင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ် မြို့တို့မှထွက်ရှိသော ကျွဲကောသီးက အလွန် နာမည်ကြီးသည်။ မိုးရာသီတွင် လှိုင်လှိုင်ပေါသည်။
ပုံမှန်အားဖြင့် ကျွဲကောသီးကို သူ့ချည်းအစိတ်လိုက်အခွံနွှာ၍ စားကြသလို ဖျော်ရည်အဖြစ် ဖျော်သောက်ကြသည်။ အချဉ်ဓာတ်ကဲသော ကျွဲကော သီးကို သကြား သို့မဟုတ် ပျားရည် သို့မဟုတ် နွယ်ချိုမှုန်၊့ ဆားအနည်းငယ်နှင့် ငရုတ်သီးမှုန့်တို့ဖြင့် ရောစပ်၍စားကြသည်။ ဟင်းလျာ အဖြစ် အသုပ်သုပ် စားနိုင်သည်။ တရုတ်နိုင်ငံတွင် ကျွဲကောသီး အခွံ၏အနံ့အရသာဖြင့် သကြားလုံးပြုလုပ် ကြသလို တရုတ် ရိုးရာအချိုပွဲ ဟင်းရည်အဖြစ် သောက်သုံးလေ့ရှိသည်။ ကျွဲကောသီးထဲတွင် ပါရှိသော ပိုတက်စီယမ်က အရိုးပွခြင်း ကိုကာကွယ်ပေးနိုင်ပြီး အရိုးများ ခိုင်မာ စေသည်။ ထို့ပြင် ကြွက်သား များ ကျုံ့ခြင်းဆန့်ခြင်းကိုအားပေးသဖြင့် ခြေသလုံးကြွက်သား များ ကြွက်မတက်စေ နိုင်ပေ။ ထို့ပြင် မျက်နှာအသားအရေကို အစိုဓာတ်ထိန်းသိမ်း ပေးပြီး တင်းရင်းဝင်းစိုလာ ခြင်း ၊ ချွေးပေါက်များ ပွင့်စေပြီး ဝက်ခြံပျောက်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများစွာ ခံစားနိုင်ပါ လိမ့်မည်။ ကျွဲကောသီး ထဲတွင်ပိုတက်စီယမ်အမြောက်အများ ပါရှိသည့်အတွက် သွေးကိုပုံမှန်ဖြစ်စေ သဖြင့် သွေးတိုးရောဂါ ဝေဒနာသည်များစားသုံးသင့် သည်။ ပန်းနာရင်ကျပ်ကို သက်သာ ပျောက်ကင်းစေသည်။ ခန္ဓာကိုယ် အလေးချိန် ကျလိုသူများအတွက် ကျွဲကောသီးက လွန်စွာ ကောင်းကျိုးပြုသည်။ အင်ဇိုင်းလောင် ကျွမ်းစေပြီးခန္ဓာကိုယ်ထဲရှိကစီဓာတ်နှင့် သကြားဓာတ် တို့ကို စုပ်ယူပေးသဖြင့်ကိုယ် အလေး ချိန်ကျ ဆင်းစေကြောင်းလည်း သိရပါသည်။
DOCA(ပဲခူး)
