Main menu

ပြည်မြို့နယ်ရှိထောပတ်သီး၏အရည်အသွေး

Powered by Drupal
Mon, 12/15/2025 - 15:05 -- consumer_admin

    ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရဓာတ်များစွာ ကြွယ်ဝသည့် ထောပတ်သီးကို မြန်မာနိုင်ငံ တွင်နေရာအနှံအပြား၌ စိုက်ပျိုးလာကြပါသည်။ ကျယ်ကျယ်ပြန့်ပြန့် စားသုံးလေ့မရှိ၍ ယခင်က စီးပွားဖြစ်စိုက်ပျိုးခြင်းနည်းပါးခဲ့သော်လည်း မြန်မာ့ထောပတ်သီးများမှာ နိုင်ငံတကာမှ လက်ခံနိုင် သည့် အရည်အသွေးပြည့်မီခြင်း၊ ဓာတုဆေးသုံးစွဲမှု နည်းပါး၍ ဓာတ်ကြွင်းအာနိသင် နည်းပါးခြင်း၊ နိုင်ငံတကာစျေးကွက်မှ စိတ်ဝင်စားမှုရှိလာခြင်းစသည့် အချက်များကြောင့် ပို့ကုန်အလားအလာ ရှိသည့် သီးနှံတစ်ခုအဖြစ် တိုးချဲ့စိုက်ပျိုးလာကြသည်။ စားသုံးသူများအတွက် ရွေးချယ် စရာအလွန် များပြားသည့် ယနေ့သီးနှံဈေးကွက်တွင် ထောပတ်သီးအပါအဝင် မိမိတို့ထုတ်လုပ် သည့်သီးနှံသည် အရည်အသွေးအာမခံချက်ရှိမှသာ အခြားသီးနှံများနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ ထောပတ်သီး သည် အသီးစတည်သည့်နေ့မှ ရက်ပေါင်း (၁၇ဝ-၁၈၅) ခန့်တွင် အရွယ် ရောက် (ရင့်)လေ့ရှိပါသည်။ သို့ရာတွင် စိုက်ပျိုးသည့်ဒေသ၏ ရာသီဥတု၊ အမြင့်ပေ၊ ထောပတ်ပင်တွင် ထည့်သွင်းသည့် အာဟာရနှင့် ထောပတ်သီးမျိုးအပေါ် မူတည်၍ အရွယ်ရောက်ချိန် ကွာခြားလေ့ရှိ သည်။ ထောပတ်သီးသည် အပင်မှ ခူးဆွတ်ပြီးလျှင် ဆက်လက်အသက်ရှူ၍ ရင့်မှည့် ခြင်းဖြစ်စဉ်များ ဖြစ်ပွားသည့် အသီးအမျိုးအစားအုပ်စုတွင်ပါဝင်၍ ခူးဆွတ်ပြီးနောက်ပိုင်းမှသာ အသီးခွံနှင့် အတွင်း သားအရောင်၊ အတွင်းသား အရသာ၊ အနံ့၊ နူးညံ့ မှု၊ အဆီဓာတ်ပါဝင်မှုများ အဆင့်ဆင့် ပြောင်းလဲဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ထို့ကြောင့် ဇီဝကမ္မ ဖြစ်စဉ်အရ အရွယ် ရောက်ထားသော ထောပတ်သီးမှသာ ရင့်မှည့်နိုင်ပြီး ကောင်းမွန်သည့် အရသာနှင့် အနံ့၊ နူးညံ့၍ အမျှင်ကင်းစင် သည့်အတွင်းသားတို့ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဇီဝကမ္မအရ အရွယ်ရောက်ခြင်းဆိုသည်မှာ ထောပတ်သီးသည် ဖွံ့ဖြိုးကြီးထွားမှုကို အလုံးစုံရောက်ရှိပြီးနောက် ဆက်လက်ရင့်မှည့်နိုင်သည့် အခြေအနေကိုဆိုလိုသည်။ သစ်သီးအများစု၏ အရွယ်ရောက်ချိန် တစ်နည်းအားဖြင့် ရင့်ချိန်ကို ခန့်မှန်းရသည်မှာ လွယ်ကူသော်လည်း ထောပတ်သီးသည် မခူးဆွတ်ဘဲ အပင်တွင် ဆက်လက် ထားရှိလျှင် မမှည့်တတ်သည့် သဘောရှိသောကြောင့် အရွယ်ရောက်(ရင့်)ချိန်ကို သတိမထားမိနိုင်ဘဲ ခူးဆွတ်ချိန် ထောပတ်သီးသည် အရွယ်ရောက်ခြင်းကို အလုံးစုံရရှိပြီးသော်လည်း မခူးဆွတ်မိလျှင် ကြွေကျခြင်းမရှိဘဲ ခြောက်လ သို့မဟုတ် ယင်းထက်ပို၍ အပင်ပေါ်တွင် ဆက်လက် ရှိနေနိုင်သည်။ ထောပတ်သီးအား စားသုံးသူများ ကြိုက်နှစ်သက်သည့် အရည်အသွေးရရှိရန်အတွက် အသီးနုများအား မခူးဆွတ်သင့်ပါ။ အလားတူစွာ ခူးဆွတ်ချိန် အလွန်နောက်ကျလျှင် အပင်ပေါ်ရှိအသီး များသည် အပင်အတွက်ဝန်ဖြစ်စေ၍ ယင်းဖြစ်စဉ်သည် လာမည့်နှစ်အတွင်း ပန်းခိုင်ထွက်ရှိမှုနှင့် အသီးတင်မှု အပေါ် အကျိုးသက်ရောက်မှုရှိပြီး အသီးအထွက်နှုန်း ကျဆင်းတတ်သည်။ ထောပတ်သီးရင့်မှည့်မှုအား လွယ်ကူစွာစမ်းသပ်နိုင်သည့် ကမ္ဘာနှင့်အဝန်းမှ လက်ခံထားသော နည်းလမ်းတစ်ခုမှာ ထောပတ်သီးအတွင်းသား၏ Dry Matter ရာခိုင်နှုန်းကို ဆန်းစစ်ခြင်းဖြင့် အသီးရင့်မှည့်မှုကို ဆုံးဖြတ်ခြင်းဖြစ်သည်။ စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် အရည်အသွေးကောင်းမွန်၍ မိမိတို့ဒေသနှင့် ကိုက်ညီသည့် ထောပတ်မျိုးများကို ရွေးချယ်ရန် လိုအပ်သကဲ့သို့ မှန်ကန်သည့်စိုက်ပျိုးနည်း စနစ်များကို ထောပတ်သီးထုတ်လုပ်မှု တိုးမြှင့်ရေး အတွက်သာမက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း ရေးအတွက်ပါ စနစ်တကျလိုက်နာ သင့်ပါသည်။ ထိုကဲ့သို့ စနစ်တကျ ပြုစုစောင့်ရှောက်ပြီးခါမှ ထောပတ်သီးများ အရည်အသွေး မကျဆင်းစေရန်အတွက် ရင့်မှည့်ချိန် ရောက်ရှိမှသာ ထောပတ်သီးများကို ခူးဆွတ်ခြင်းဖြင့် နိုင်ငံ တကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် ပထမတန်းစား ထောပတ်သီးများကို ထုတ်လုပ်နိုင်မည် ဖြစ်ပါ သည်။

DOCA(ပဲခူး)