
မြန်မာလူမျိုးတို့သည် ရှေးယခင်နှစ်ပေါင်းများစွာကပင် တောင်သူယာလုပ်ဓားမခုတ် နည်းလမ်း များဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဇောက်ချ လုပ်ကိုင်လာခဲ့ကြသဖြင့် မိမိတို့၏ ဝမ်းရေးအတွက် ဖူလုံသည်သာမက ပိုလျှံသည်များကိုလည်း နီးစပ်ရာ တိုင်း၊နိုင်ငံ များသို့ ကူလူးဆက်ဆံ ရောင်းဝယ်လာခဲ့ကြသည်မှာ နှစ်ပဋိစေဒ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရှေးယခင် မင်းအဆက်ဆက်မှသည် ယနေ့အချိန်အထိ အုပ်ချုပ်ခဲ့သော မင်းများသည်လည်း နိုင်ငံ၏ စိုက်ပျိုး၊ မွေးမြူရေးကို ပိုမိုအလေးပေး ဆောင်ရွက်ခဲ့ပြီး ခေတ်မှီစိုက်ပျိုးရေး နည်းလမ်းများကို အသုံးပြု၍ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်နိုင်ရန် အတွက်လည်း အဘက်ဘက်မှ အားပေးဆောင်ရွက်လျက် ရှိပါသည်။မြန်မာနိုင်ငံတွင် ရာသီအလိုက် စိုက်ပျိုးသော သီးနှံပင်၊ဟင်းသီးဟင်းရွက်ပင်များ များစွာ ရှိသည့်အနက် ပန်းဂေါ်ဖီ စိုက်ပျိုးမှု သည်လည်း တောင်ပေါ်ဒေသများအတွက် သာမက၊ မြေပြန့်ဒေသများအတွက်ပါ အတန်အသင့် စိုက်ပျိုးသင့်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါသည်။
ပန်းဂေါ်ဖီကို မြေထဲပင်လယ်ကမ်းခြေဒေသ ဆိုက်ပရပ်စ်ကျွန်း၊ ဆီးရီးယား၊အီဂျစ်၊ စပိန်၊ အီတခီနှင့် ဥရောပတိုက် အနောက်မြောက်ပိုင်းတို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၁၆၀၀) ခန့်ကပင် ပေါ်ပေါက်လာသည်ဟု ယူဆကြသည်။ ပန်းဂေါ်ဖီကို မြန်မာနိုင်ငံအထက်ပိုင်းတွင် အများဆုံး စိုက်ပျိုး ကြပြီး ၊ အခြားဒေသများတွင်လည်း တွေ့ရသည်။ ပန်းဂေါ်ဖီအမျိုးပေါ်မူတည်၍ နေရာအနှံ အပြားတွင် စိုက်ပျိုးကြပြီး သက်လျင်မျိုး ( Snow Ball) သက်တမ်း(၉၀) ကို မြေပြန့်ဒေသတွင် စိုက်ပျိုးကြပြီး ၊ သက်ကြီးမျိုး ( Snow Flower) သက်တမ်း(၁၂၀) ကို တောင်ပေါ်ဒေသများတွင် စိုက်ပျိုးကြသည်။
ပန်းဂေါ်ဖီသည်ရာသီဥတု အနေဖြင့် အအေးကြိုက်သော်လည်း အပူဒဏ်ခံနိုင်ရည်ရှိသော အပင်တစ်မျိုးဖြစ်သည်။ အေးပြီးအစိုဓာတ်အမြဲရရန် လိုအပ်ပြီး ၊ ရာသီဥတု ခြောက်သွေ့နေလျှင် အပွင့် မဖြစ်လာနိုင်ဘဲ ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိုးအစားစထက် ရာသီဥတုက ပိုအရေးကြီးသည်ကို သတိပြုရန် လိုအပ်သည်။ ပန်းဂေါ်ဖီကို မြေပြန့်ဒေသတွင် စက်တင်ဘာ၊ အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး၊ တောင်ပေါ်ဒေသတွင် ဧပြီ၊မေ၊စက်တင်ဘာ၊ အောက်တိုဘာလ များတွင် အများဆုံး စိုက်ပျိုးသည်။
ပန်းဂေါ်ဖီစိုက်ပျိုးရန် ဦးစွာမြေနေရာကို ရွေးချယ်၍ မြေစိုင်ကလေးများရသည်အထိ ပြုပြင်ထားရမည်။ မြေများစွာညက်လျှင် ရေလောင်းသည့်အခါ ကျပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက် မကောင်းဘဲ အညှောက်ပေါက်မှု နည်းလာနိုင်ပါသည်။ ပျိုးပေါင်ပေါ်တွင် မျိုးစေ့များချ၍ နွားချေးဆေးမှုန့်ဖြူးပြီး ၊ကောက်ရိုးခြောက်များ ဖုံးအုပ်ကာ ရေကို ရွှဲရွှဲလောင်း ပေးရပါမည်။ (၃-၄) ရက်ကြာလျှင် အညှောက်ပေါက်လာမည်။ (၁၂) ရက်ကြာသောအခါ တန်းကြားကို မြေဆွပေါင်းရှင်း၊ ရက်(၂၀) ကြာလျှင် ယူရီးယား မြေသြဇာကို ရေဖျော်ပြီး ရေဝသည့်တိုင်အောင် လောင်းပေးရမည်။ ပျိုးနှုတ်နေစဉ် မိုးရွာမည်ဆိုပါက အမြစ်များကို ငှက်ပျော ရွက်ဖြင့်ထုပ်ပြီး အမြစ်ခြောက်မသွားစေရန် အမှောင်ခန်းထဲတွင် ရေစိမ်ထားပေးရပါမည်။ စိုက်ပျိုးရန် ပမာဏမှာ ပန်းဂေါ်ဖီ တစ်ဧကလျှင် မျိုးစေ့ (၁၀၀- ၁၅၀) ဂရမ် လိုအပ်ပါသည်။
စိုက်ပျိုးခြင်းကို ပြုလုပ်ရာတွင် ပျိုးဘောင်ပြုလုပ်စဉ်ကတည်းက စိုက်ခင်းကို ထယ်(၂) စပ် ၊ထွန် (၃) စပ် ဝင်၍ မြေပြုပြင်ပေးရမည်။ သတိပြုရန်မှာ မိုးများသော ဒေသများတွင် ရေသွင်း ၊ရေထုတ် မြောင်းများ ပြုလုပ်ပေးရပါမည်။ ပျိုးသက် (၃၅-၄၀) ရက်ကြာလျှင် ပြောင်းရွှေ့စိုက်ပျိုး နိုင်ပါသည်။ အပင်ကို ပြုစုစောင့်ရှောက်ရာတွင် ရေကို တစ်ပက်(သို့) နှစ်ပတ်လျှင် တစ်ကြိမ်ကျ သွင်းပေးရန် လိုအပ်ပြီး အပွင့်ကောင်းစွာ ပွင့်ချိန်တွင် နေရောင်ခြည် တိုက်ရိုက်ထိတွေ့ပါက ပန်းပွင် အရောင်ပြောင်းသွား တက်ပြီး၊ စားရတွင်လည်းကြမ်း၍ အရသာမှာလည်း ခါးသက်လာတက်သည်ကို သတိပြုရန် လိုအပ်ပါသည်။ ပန်းဂေါ်ဖီများ ကောင်းစွာ ပွင့်ဖူးနိုင်ရန်ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေးများ ကိုလည်း သင့်သလို အသုံးပြုရန် လိုအပ်ပါသည်။ ပန်းဂေါ်ဖီကို ရိတ်သိမ်းရာတွင် (၂) လ ခွဲ ခန့် အကြာတွင် စတင်ခုတ်နိုင်ပါသည်။ ပန်းဂေါ်ဖီ (၁) ဧက လျှင် အမျိုးအစားပေါ် မူတည်၍ (၅) တန်မှ (၈) တန်အထိ ထွက်ရှိနိုင်ပါသည်။
ပန်းဂေါ်ဖီသည် တောင်ပေါ်ဒေသနေပြည်သူများ အစဉ်တစိုက် စိုက်ပျိုးသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး ၊ ခေတ်မှီနည်းလမ်းများဖြင့် ဈေးကွက်ဝင်အရည်အသွေးမြှင့် ပန်းဂေါ်ဖီများ ရရှိရေး၊ ပန်းတိုင်ရည်မှန်းချက်ထက် ပြည့်မှီကျော်လွန်စေရေး၊ ခိုင်မာသော ဈေးနှုန်းဈေးကွက် ရရှိစေရေး တို့အတွက် ဖော်ဆောင်ပေးခြင်းဖြင့် ပန်းဂေါ်ဖီစိုက် တောင်သူများ အနေဖြင့် အရည်အသွေးကောင်းသော ပန်းဂေါ်ဖီမျိုးများ ကို ရွေးချယ်စိုက်ပျိုးလာမည်ဖြစ်ပြီး၊ ပန်းဂေါ်ဖီစိုက် ဝင်ငွေလိုက် ဟုဆိုသည့်အတိုင်း ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေ ရရှိစေပြီး၊ တောင်သူများအနေဖြင့် မိမိ၏ မြေ ၊ ရေ နှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ် စိုက်ပျိုးခြင်းဖြင့် ဝင်ငွေများတိုးပွားလာမည်ဖြစ်ပြီး၊ တာဝန်ရှိသူများမှလည်း ခိုင်မာသော ဈေးနှုန်းဈေးကွက် ရရှိအောင်ဖော်ဆောင်ပေးခြင်းဖြင့် စိုက်ပျိုးရေး ကဏ္ဍအတွက် ကောင်းမွန်သော အကျိုးရလဒ်များ ဖြစ်ထွန်းပေါ်ပေါက်လာမည် ဖြစ်ပါသည်ဟု အကြံပြုရေးသား တင်ပြလိုက် ရပါသည်။
DOCA(ပဲခူး)
