စတော်ဘယ်ရီကို မြန်မာတို့က ရှမ်းဆီးဟူ၍ ခေါ်ကြသည်။ စတော်ဘယ်ရီ၏ ရုက္ခဗေဒမျိုးစုအမည်မှာ 'ဖရာဂေးရီးယား' ဖြစ်သည်။ စတော်ဘယ်ရီသည် သမပိုင်းဇုန်၌လည်းကောင်း၊ အပူပိုင်း ဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌လည်းကောင်း၊ ပေါက်ရောက်သည်။ စတော်ဘယ်ရီအသီးမှာ အလွန်ထင်ရှားသည်။ တောင်အမေရိကတိုက် ချီလီနိုင်ငံ တောင်ပိုင်း၌လည်း စတော်ဘယ်ရီပင်တစ်မျိုး ပေါက်သည်။ ဥရောပတိုက်တွင် ရှေးကပင် စတော်ဘယ်ရီပင် တစ်မျိုးလည်း ပေါက်ရောက်သည်။ စတော်ဘယ်ရီသည် အစေ့များ၍ အနှစ်အရသာမရှိလှသဖြင့် လူတို့သည် ထိုအပင်ကို စိုက်ပျိုးရန် စိတ်မကူးခဲ့ကြချေ။ သို့ရာတွင် အမေရိကတိုက်ကို တွေ့ရှိသောအခါ၌ စတော်ဘယ်ရီပင်ရိုင်း အသစ်နှစ်မျိုးကို ထပ်မံတွေ့ရှိကြ၏။ ထိုနှစ်မျိုးစလုံးမှ အသီးများမှာ ဥရောပတိုက်မှ စတော်ဘယ်ရီပင်နှင့် မခြားနားလှချေ။ ဥရောပတိုက်မှ စတော်ဘယ်ရီပင်နှင့် အမေရိကတိုက်ရှိ စတော်ဘယ်ရီပင်တို့ကို မျိုးစပ်လိုက်သည့်အခါကျမှ ယခုစိုက်ပျိုးလျက်ရှိကြသော အနှစ်အရသာနှင့် ပြည့်စုံသည့် စတော်ဘယ်ရီပင် အမျိုးမျိုးကို ရရှိလေသည်။ စတော်ဘယ်ရီပင်များမှာ ချုံပင်ငယ်များ ဖြစ်၍ မြေလျှောက် ပင်စည် အဆစ်အပိုင်းများမှ အပင်သစ်များ ပွားလာကြသည်။ စတော်ဘယ်ရီပင် အသီးသီးချိန်တွင် အသီးများ စင်ကြယ်လှပစေရန် အပင်ရင်းတွင် ကောက်ရိုးကို ပုံထားလေ့ရှိသည်။ စတော်ဘယ်ရီကို လူကြိုက်များသဖြင့် ရာသီမဟုတ်ဘဲ သီးသောအပင်မျိုးများကို အမေရိကတိုက်၌ တီထွင်စိုက်ပျိုးကြသည်။ လူများ အလိုရှိသလောက် အသီးများကို တင်ပို့ ရောင်းချနိုင်ရန် အလွန်ကျယ်ဝန်းရလေသည်။ စတော်ဘယ်ရီပင် စိုက်ခင်းများမှ အသီးမှည့်များကို ရေခဲစိမ်ရန် တွဲများပါရှိသော အထူးမီးရထားဖြင့် သယ်ယူပို့ဆောင်ကြရသည်။
နှစ်ပေါင်းသုံးဆယ်ခန့်က အိန္ဒိယနိုင်ငံမှ မျိုးကိုယူ၍ မြန်မာနိုင်ငံ ရှမ်းကုန်းပြင်မြင့်တွင် စတော်ဘယ်ရီပင် ကိုစတင်စိုက်ပျိုးခဲ့ကြရာ ယခုအခါ မေမြို့၊ ကလောမြို့နှင့် တောင်ကြီးမြို့များ အနီး အပါးတွင် ပေ ၃ဝဝဝ ကျော်မြင့်သော တောင်ကုန်းများ၌ စတော်ဘယ်ရီပင် စိုက်ခင်းများကို တွေ့မြင်နိုင်သည်။ စတော်ဘယ်ရီပင်ကို စိုက်ပျိုးရာတွင် တစ်ပေစီကွာသော အတန်းများ ပြုလုပ်၍ စိုက်ပျိုးကြသည်။ အပင်များမစိုက်မီ မြေဆီလွှာတွင် နောက်ချေး နှင့် သစ်ရွက်ဆွေးမြေဩဇာ နိုင်နိုင်ထည့်ပေးရသည်။ ရေလောင်းပေးခြင်း၊ ပေါင်းသင်ခြင်း၊ မြေတောင် မြှောက်ပေးခြင်းကို အခါမလပ် ပြုလုပ်ပေးရသည်။ မြန်မာနိုင်ငံတွင် စတော်ဘယ်ရီပင်များသည် ဖေဖော်ရီလမှစ၍ အပွင့်များပွင့်ကြ၏။ မတ်လမှ ဇွန်လအထိ အသီးများသီးသည်။ သို့သော် ဧပြီလနှင့်မေလများတွင် ဆွတ်ခူး ရရှိသော အသီးများမှာ အကောင်းဆုံးဖြစ်သည်။ စတော်ဘယ်ရီသီးမှည့်များကို အသီးမှည့်အတိုင်း သို့မဟုတ် ယိုထိုး၍ စားကြသည်။
DOCA(ဧရာဝတီ)