Main menu

ပခုက္ကူဒေသထွက် သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန်များအကြောင်း တစေ့တစောင်း

Powered by Drupal
Wed, 12/10/2025 - 11:41 -- consumer_admin

     မြန်မာလူမျိုးများသည် မွေးကင်းစ အရွယ်ကစ၍ အသက်အရွယ်မရွေး သနပ်ခါးလိမ်းကြ ပါသည်။ မြန်မာနိုင်ငံတွင် မည်သည့်နေရာကိုပဲ သွားသွား သနပ်ခါးလိမ်းခြယ်ထားသော မျက်နှာ များကို မြင်တွေ့ရခြင်းက သက်သေ သာဓကပင်ဖြစ်ပါသည်။ သနပ်ခါးသည် အပူပိုင်းဒေသများတွင် ပို၍ ဖြစ်ထွန်းပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် စိုက်ပျိုးမှု ပိုမိုများပြားပါသည်။ ထိုမှ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဒေသထွက် “ရှင်မတောင်သနပ်ခါး” ဆို လျှင်ပင် မသိသူမရှိသလောက်ပင်ဖြစ်ပါသည်။ မြိုင်၊ ပေါက် မြို့နယ်များမှလည်း သနပ်ခါးကို စီးပွားဖြစ် အများဆုံးစိုက်ပျိုးကြပါသည်။

    မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သနပ်ခါးကို လိမ်းခြယ်ရသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပါသည်။ ယခုခေတ် အနောက်တိုင်း အလှခြယ် ပစ္စည်းများ အသုံးများ၍ ခေတ်စားနေကာမူ သနပ်ခါးနှင့် ကင်းနိုင်သူ မြန်မာအမျိုးသမီးဟူ၍ မရှိ သလောက်နည်းပါးသည်ကို တွေ့ရပါသည်။ မြန်မာ့သနပ်ခါးကို လိမ်းခြယ်ခြင်းသည်  စိတ်ကြည်လင် လန်းဆန်းပြီး သင်းပျံ့သော ရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ ချောမွတ်စေခြင်း၊ လှပစေခြင်း စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှ အစ ကောက်စိုက် သမများအဆုံး သနပ်ခါးကို လက်မလွှတ်နိုင်ခဲ့ကြခြင်းဖြစ်ပေသည်။ သနပ်ခါးကို နှစ်နှစ်ခြိုက်ခြိုက် လိမ်းကျံသဖြင့် အသားအရေ စိုပြေဝင်းဖန့်နေသောသူကိုတွေ့လျှင် သနပ်ခါး သားရသည် ဟု  ရှေးမြန်မာအမျိုးသမီးများ ဆိုလေ့ရှိကြပါသည်။

မြန်မာ့သနပ်ခါးရဲ့ လက်ရှိ ဈေးကွက်အနေအထားအရ အတုံးလိုက်၊ အပင်လိုက် ရောင်းချ ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်တဲ့ သနပ်ခါးခဲ၊ သနပ်ခါးမှုန့်၊ သနပ်ခါးအရည်၊ သနပ်ခါးအနှစ်၊ သနပ်ခါးမြစ်အခေါက်မှုန့်၊ သနပ်ခါးမျက်နှာသစ်ဆပ်ပြာ၊ သနပ်ခါးနံ့သာစေတီခဲ၊ သနပ်ခါးအမွှေးတိုင်၊ Cosmetic ထုတ်ကုန်များဖြစ်သော သနပ်ခါးမိတ်ကပ်ထုပ်/အရည်၊ သနပ်ခါးနို့ရည်၊ သနပ်ခါး Scrub၊ သနပ်ခါးပေါင်ဒါမှုန့်၊ သနပ်ခါးလိုးရှင်း စသည့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်းသည် ဈေးကွက် အတွင်း ဝယ်ယူသုံးစွဲမှု ပိုမိုများပြားလာကြောင်း ၊  သနပ်ခါး ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ ယခုခေတ်မှာ သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန်များကို လူငယ် နှင့် လူလတ်ပိုင်းများမှ သုံးစွဲမှုများပြားနေပြီး သနပ်ခါးအတုံးကိုမှု လူကြီးပိုင်းများမှ ပိုမိုသုံးစွဲကြကြောင်း သိရှိရပါသည်။ သနပ်ခါးကို အတုံးလိုက် သွေးလိမ်းတဲ့သူရှိသလို တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် သနပ်ခါးခဲ၊ သနပ်ခါးမှုန့်တို့ သုံးစွဲတဲ့သူလည်းများပေသည်။

     မိရိုးဖလာ မြန်မာ့သနပ်ခါးကို စွဲမြဲစွာ လိမ်းကျံခြင်းသည် ဘေးထွက် ဆိုးကျိုးမရှိဘဲ အသား အရေကို စိုပြေဝင်းပစေပါသည်။  သနပ်ခါးကို နှစ်သက်ခြင်းသည်  အလှအပ လိမ်းကျံစရာ ပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ ဆေးဖက်ဝင်သည့် အာနိသင်ဂုဏ်သတ္တိများကြောင့်လည်းဖြစ်ပါသည်။ ပူအိုက်စွတ်စို ရာသီဥတုရှိသည့် မြန်မာနိုင်ငံတွင် နေလောင်ခြင်းဒဏ်ကို ကာကွယ်နိုင်ပြီး အသား အရေကို ထိန်းသိမ်းနိုင်သည့် မြန်မာ့သနပ်ခါးကို မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုကြပါသည်။

    အဆိုပါ သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်တွင်းသုံးစွဲမှုများပါမက အိမ်နီးချင်း ပြည်ပ နိုင်ငံများအထိ တင်ပို့နေရပြီး ဈေးကွက်အလားအလာကောင်းသော ထုတ်ကုန်ဖြစ်ကြောင်း၊ ပြည် တွင်း၌လည်း နွေရာသီကာလတွင် ပို၍ တွင်ကျယ်စွာ ရောင်းအားကောင်းကြောင်း သိရသည်။ သနပ် ခါးကုန်ချောများထဲမှ ရောင်းအားအကောင်းဆုံးကတော့ ရှင်မတောင်သနပ်ခါးခဲ၊ အပွေးခဲ၊ အမြစ်ခဲရယ်၊ သနပ်ခါးအမှုန့်ရယ်ဖြစ်ကြောင်း၊ လူငယ်ပိုင်းအနေဖြင့် သနပ်ခါးလိုးရှင်းနှင့် သနပ်ခါး အမှုန့်ကို ပို၍ ရောင်းချရကြောင်း၊ သနပ်ခါး ထုတ်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ မြန်မာ့သနပ်ခါးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းသည် မြန်မာ့ သနပ်ခါး ဈေးကွက်ကို တစ်ဖန် ပြန်လည် အသက်သွင်းရာ ကျပေသည်။ လက်ရှိအချိန်တွင် သနပ်ခါးထုတ်လုပ်သည့် လုပ်ငန်းရှင်များသည် တန်ဖိုးမြှင့််ထုတ်ကုန်များကို တွင်ကျယ်စွာ ထုတ်လုပ် နိုင်ရန် ခေတ်မီနည်းပညာများဖြင့် စက်ကိရိယာများ တိုးချဲ့၍ လုပ်သားဦးရေပါ များစွာခေါ်ယူပြီး လုပ်ကိုင်လာသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး စီးပွားရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြသည်ကို တွေ့ရှိရပါသည်။

     နိဂုံးချုပ်အနေဖြင့် ပခုက္ကူဒေသထွက် မြန်မာ့သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းရှင် များစွာရှိပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ကို ပြင်ပတွင် လက်ကား ကိုယ်စားလှယ်များစွာရှိသလို အွန်လိုင်းမှတစ်ဆင့်လည်း  တင်ပို့ရောင်းချသောကြောင့် ပြည်ပ နိုင်ငံများအထိ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချရသောကြောင့် စီးပွားရေးမှာ လျှင်မြန်စွာ အောင်မြင် တိုးတက်နေပါကြောင်း လေ့လာသိရှိရပါသဖြင့် ရေးသားတင်ပြလိုက်ပါသည်။

DOCA(မကွေး)